တာမွေမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ

ရန်ကုန်     ဩဂုတ်     ၃၁

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရန်နှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း တို့တွင် နှစ်နေရာခွဲ၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လာရောက်ထိုးနှံသည့် အဘိုးအဘွားများ အနေဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြနီ အသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းဝင်များနှင့် ရပ်မိရပ်ဖများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေ အကွာမှ တန်းစီးစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

“အဘိုးအနေနဲ့ ပထမအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံတုန်းကဆိုရင် စိုးရိမ်စိတ် အနည်းငယ် ရှိခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် ပထမတစ်ခါ ထိုးချိန်က ဒီဆေးက ငါနဲ့ တည့်ပါ့မလား။ ဒီဆေးကို ငါထိုးလိုက်ရင် တစ်ခုခုများ ဖြစ်သွားမလားဆိုတဲ့ သံသယရှိခဲ့တယ်။ ထိုးပြီးတော့လည်း ဘာမှဘေးထွက်ဆိုးကျိုး မခံစားရတဲ့အတွက် ဒီတစ်ကြိမ်မှာတော့ ယုံယုံကြည်ကြည် ရဲရဲဝံ့ဝံ့နဲ့ လာရောက်ထိုးနှံဖြစ်ခဲ့တာပါ။ အခုလို တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေတဲ့အချိန်မှာ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတွေ ထိုးနှံပေးတဲ့အပေါ်  အရမ်းလည်း ကျေးဇူးတင်ရှိပါတယ်။ အဘိုးတို့လို သက်ကြီးရွယ်အိုတွေအနေနဲ့ ဒီကာကွယ်ဆေးဟာ အထိုးနှံသင့်ဆုံး ဆေးလို့လည်း ပြောချင်ပါတယ် ” ဟု ကာကွယ်ဆေးလာရောက်ထိုးနှံသူ အဘိုး ဦးခင်စိန်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံ ရမည့် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား( ၁၆၆၈၂ ) ဦးထိရှိရာ မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားစုစုပေါင်း(၄၉၇၆)ဦးကို ပထမအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် ဩဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာလ(၃)ရက်နေ့အထိ အဆိုပါ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား (၄၉၇၆)ဦးကို နေ့စဉ် နံနက် (၉)နာရီမှ ညနေ(၃)နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)