တာတိုပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်း ဂျပန်ပင်လယ်ပြင်သို့ မြောက်ကိုရီးယား ပစ်လွှတ်

 

ဆိုးလ်   စက်တင်ဘာ   ၂၆

 

မြောက်ကိုရီးယား နိုင်ငံက စက်တင်ဘာ ၂၅ ရက်၌ ဒုံးကျည် ပစ်လွှတ်ခြင်းသည် တောင်ကိုရီးယားစစ်တပ်အနေဖြင့်     အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့် မှုပြုလုပ်ရန် စီစဉ်ထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း တောင်ကိုရီးယား   စစ်တပ်က ပြောသည်။

 

မြောက်ကိုရီးယားနိုင်ငံက စက်တင်ဘာ  ၂၅  ရက်  နံနက် ၆ နာရီ ၅၃ မိနစ်ခန့်တွင် တာတိုပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဂျပန်ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ကြေညာခဲ့သည်။ ထို့အပြင် တာဝန်ရှိသူများသည် အဆိုပါဒုံးကျည်ကို နိုင်ငံ၏ အနောက်မြောက်ပိုင်း မြောက်ပြုံဂန်းပြည်နယ်၏ တေချွန်းဒေသအနီးမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

 

မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်လိုက်သော ဒုံးကျည်သည် အကွာအဝေး ၆၀၀ ကီလို မီတာခန့်နှင့် အမြင့် ၆၀ ကီလို မီတာခန့်အထိ ရောက်ရှိခဲ့ပြီး အသံထက် ငါးဆမြန်သည့် အလျင်ဖြင့် ရွေ့လျားခဲ့ကြောင်း အဆိုပါတာဝန်ရှိသူများက ပြောသည်။

 

ဂျပန် ကာကွယ်ရေးဝန်ကြီး ဟာမာဒါ ယာဆုကာဇူက အဆိုပါဒုံးကျည်သည် ဂျပန်၏ သီးသန့်စီးပွားရေးဇုန်၏ အပြင်ဘက်သို့ ကျရောက်ခဲ့သည်ဟု ယူဆကြောင်း ပြောသည်။ မြောက်ကိုရီးယားနိုင်ငံသည် ဇွန်လတစ်လတည်းတွင် ပဲ့ထိန်းဒုံးကျည် စုစုပေါင်း ရှစ်စင်းပစ်လွှတ်ခဲ့ကြောင်းနှင့် စက်တင်ဘာ ၂၅ ရက် က ပစ်လွှတ်သော အဆိုပါဒုံးကျည်သည် ယခုနှစ်တွင် မြောက်ကိုရီးယားနိုင်ငံက ၁၉ ကြိမ်မြောက် ပစ်လွှတ်မှုဖြစ်ကြောင်း သိရသည်။

 

ဂျပန်ကာကွယ်ရေး ဝန်ကြီး ဟာမာဒါက မြောက်ကိုရီးယားနိုင်ငံ၏ အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် ယခုလိုပစ်လွှတ်ခြင်းသည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ရာ ရောက်ကြောင်းလည်း ပြောသည်။

 

အင်န်အိတ်ချ်ကေ