တာတမံပျက်စီးနိုင်သော အချက်များနှင့် ထိန်းသိမ်းစောင့်ရှောက်ရန် နည်းလမ်းများ လက်တွေ့သရုပ်ပြ

ဇလွန် ၁၅ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မိုးရာသီကာလ မြစ်ရေကြီးမှုများ ဖြစ်ပေါ်လာပါက တာတမံများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တာတမံပျက်စီးနိုင်သော အချက်များအား ဒေသခံပြည်သူများ သိရှိလိုက်နာစေရန်အတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် ဧရာဝတီ-ဟင်္သာတ တာမိုင် ၂၀/၇(ဒေါင့်ကြီးရေကင်းစခန်း)အနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရေဘေးကာကွယ်ရေး လက်တွေ့သရုပ်ပြပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးထိန်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်ဝင်းတို့က တာတမံထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံ ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ရေးနှင့် ရေဘေးကာကွယ်ရေး လုပ်ငန်းများ ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

mdn

 

ယင်းနောက် ဇလွန်မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဆယ်မောင်က မြစ်ရေကြီးချိန်တွင် သတိပြုရမည့် တာထိပ်ပေါ် ရေကျော်ခြင်း၊ ရေပေါက်(ထူးပေါက်)၊ တာအိ၊ သဲဗွက်ထ တာကျွံခြင်း များဖြစ်ပေါ်ပါက ကာကွယ်ရန်နည်းလမ်းများဖြစ်သော မြေသား သို့မဟုတ် သဲအိတ်ကန်သင်းဆင့်ခြင်း၊မြေကတုတ်(ရေခွေ)တို့ဖြင့် အရေးပေါ် ကာကွယ်စောင့်ရှောက်သည့် နည်းလမ်းများကို တက်ရောက်လာသည့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား သိရှိနားလည်စေရန် လက်တွေ့သရုပ်ပြ ရှင်းလင်းခဲ့ပြီး ရေ‌ဘေးအန္တရာယ် ကာကွယ်ရေး ပညာပေးစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)