တာဝန်ကျ ယာဉ်ထိန်းရဲတပ်ကြပ်ကြီးအား ဆဲဆိုသူ အမျိုးသားကို အရေးယူထား

သထုံ  ၂၆   ဇွန်

မွန်ပြည်နယ် သထုံမြို့ သိမ်ဆိပ်ရပ်ကွက်၌ ယာဉ်လမ်းကြောင်းရှင်းနေသော တာဝန်ကျ ယာဉ်ထိန်းရဲတပ်ကြပ်ကြီးအား ဆဲဆိုသူ အမျိုးသားတစ်ဦးကို အရေးယူထားမှု ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ သိမ်ဆိပ်ရပ်ကွက်အတွင်း ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး မက်ဇီယာကွေ့တွင် ယနေ့နံနက် ၉ နာရီခန့်က ယာဉ်မတော်တဆဖြစ်စဉ်အား လမ်းပိတ်ဆို့မှု မဖြစ်ပွားစေရန်တွက်  ယာဉ်ထိန်းရဲတပ်ကြပ်ကြီး ထွန်းလင်းအောင်မှ  ယာဉ်လမ်းကြောင်းရှင်းနေသည်။ ယင်းသို့ ရှင်းလင်းစဉ် probox အဖြူရောင် ယာဉ်ကို မောင်းနှင်လာသူ ဦးမောင်ညွန့်ကို  လမ်းပိတ်ဆို့မှု မဖြစ်စေရန် မောင်းနှင်ခိုင်းသဖြင့် ၎င်းက  ဆဲဆို မောင်းပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ဖမ်းဆီးရာ ကားနှင့်ပတ်သက်သော အထောက်ထား တစ်စုံတစ်ရာလည်း ပြသနိုင်ခြင်းမရှိသည့်ပြင် ဦးမောင်ညွန့် လွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ အရိုးအသွား ၇ လက်မခန့် ဓားဦးချွန်တစ်ချောင်းအား ထပ်မံတွေ့ရှိခဲ့သဖြင့် ၎င်းကို သိမ်ဆိပ်နယ်မြေရဲစခန်းက ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ထွန်းအောင်(သထုံ)