တာဝန်သိခရီးသွားဖော်ဆောင်ခြင်းဖြင့် နိုင်ငံခြားသားခရီးသွားများ ကြီးကြပ်စောင့်ရှောက်ရေး

 

မွှေးကြူကြူ (ဘားအံမြေ)

 

မြန်မာနိုင်ငံတွင် တာဝန်သိခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဖြင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများကို ကြီးကြပ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အကြောင်း မျှဝေ ဖော်ပြလိုပါသည်။ “တာဝန်သိခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းနှင့် “နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားများကို မည်ကဲ့သို့ကြီးကြပ်စောင့်ရှောက်ကူညီသလဲ ဟူသည့် အချက်နှစ်ချက်အပေါ်အခြေခံ၍ ရေးသားတင်ပြသွားမည်ဖြစ်ပါသည်။

 

တာဝန်သိခရီးသွား ဆိုသည်မှာ

 

ပထမအချက်အနေဖြင့် တာဝန်သိခရီးသွားဆိုသည်မှာ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ  လာရောက်လည်ပတ်စဉ်တွင်  ခရီးစဉ်ဒေသ၏ ယဉ်ကျေးမှု၊   ဓလေ့ထုံးတမ်းများကို  လေးစားလိုက်နာခြင်း၊ သဘာဝပတ်ဝန်းကျင်အရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လူမှုအသိုင်းအဝိုင်းများကို အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ရရှိဖြစ်ပေါ်စေပြီး ခရီးသွားနှင့် ဒေသခံတို့အကြား နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန် ဖန်တီးပေးသည့်  စီးပွားရေးလုပ်ငန်း ကျင့်ဝတ်ဆိုင်ရာရွေးချယ်မှုဟု အဓိပ္ပာယ်ရပါသည်။   

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် တာဝန်သိခရီးသွားလုပ်ငန်းမူဝါဒကို (၂၀၁၂)ခုနှစ်က ရေးဆွဲခဲ့ပြီး ရည်ရွယ်ချက်များချမှတ်ကာ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ဦးစားပေးအဆင့်များ သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။  ယင်းကဲ့သို့ အရေးယူ ဆောင်ရွက်ရမည့် အချက်များအနက် ပထမအဆင့် ဦးစားပေးဖြစ်သည့် “နိုင်ငံတကာ ခရီးသွားဧည့်သည်များအတွက် ကျင့်ဝတ်စည်းကမ်း လိုက်နာ ရန်နှင့် ရှောင်ကြဉ်ရန် အချက်များအား ထုတ်ပြန် ပေးရန် ” ဟူ၍ သတ်မှတ်ထားပြီး ပြည်တွင်းခရီးသွား များအတွက်သာမက နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားများအတွက်ပါ ဘေးအန္တရာယ် ကင်းကင်းဖြင့် လွယ်ကူအဆင်ပြေစွာလည်ပတ်နိုင်ရန် စီစဉ်ထားရှိပါသည်။

 

ဆောင်ရန်/ရှောင်ရန်အချက်များ

 

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလှည့်နိုင်ငံခြားသားခရီးသွားဧည့်သည်များနှင့် ပြည်တွင်း ဒေသခံများအကြား ဟန်ချက်ညီညီ ယဉ်ကျေးမှုများ ဖလှယ်ရာတွင် တာဝန်သိခရီးသွားလုပ်ငန်းဖြစ်သော ဆောင်ရန်/ရှောင်ရန် အချက်များကို သတ်မှတ်ထားရှိပါသည်။ အဓိကအနေဖြင့် ဒေသတွင်းဓလေ့ထုံးတမ်းများ လေးစားလိုက်နာရန်၊ ယဉ်ကျေးသိမ်မွေ့စွာဝတ်စား ဆင်ယင်တတ်စေရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော https://tourism.gov.mm တွင် အထူးတိုက်တွန်း ထားပါသည်။

ထို့အပြင် ကမ္ဘာလှည့်ခရီးသွားများသည် အထွတ်အမြတ်ထားရာနေရာများဖြစ်သည့် စေတီပုထိုးများ၊ ရှေးဟောင်းဘုရားများ၊ ဘာသာရေးအဆောက်အအုံများကို မဝင်မီဖိနပ်ချွတ်ခြင်း၊ ယဉ်ကျေးမှုနှင့် ကိုက်ညီသောဝတ်စားဆင်ယင်မှုများဖြင့် အဆောက် အအုံများပေါ်သို့ လည်ပတ်ခြင်း၊ ဖျော်ဖြေမှုတစ်ခု အနေဖြင့် ရှားပါးတောရိုင်းတိရစ္ဆာန်များ အသုံးပြု ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရှားပါးလိပ်ပြာ၊ သစ်ခွနှင့် သစ်ပင်ပန်းမန်များ မျိုးသုဉ်းပျောက်ကွယ်ခြင်း မဖြစ်ရလေအောင် ခရီးသွားအပန်းဖြေခြင်းဖြင့် သဘာဝအရင်းအမြစ်များ အလွန်အကျွံထုတ်ယူ သုံးစွဲမှုမပြုဘဲ တာဝန်ယူမှုရှိသော ခရီးသွားခြင်းနှင့်အတူ ဒေသခံများအပေါ် လေးစားကူညီမှုကို ပြသရာလည်း ရောက်ပါသည်။

ထို့အပြင် တာဝန်သိခရီးသွားများ ရှောင်ကြဉ်ရမည့် အချက်များဖြစ်သည့် မြန်မာ့ယဉ်ကျေးမှု အခြေခံများနှင့် ဆန့်ကျင်ဘက်ဖြစ်သော လူအများ၏အရှေ့တွင် အပြန်အလှန်အားဖြင့် ချစ်ခင်ပွေ့ဖက်၊ နမ်းရှုပ်မှုကိုပြသခြင်း၊ တန်ဖိုးထားသည့် ဦးခေါင်းကို ခြေ၊ လက်တို့နှင့် ပုတ်ခတ်ထိတွေ့ဆက်ဆံခြင်း၊ နိုင်ငံတော်အဆင့် အဆောက်အအုံများ၊ ခရီးသွား လုပ်ငန်းရဲတပ်ဖွဲ့များ (Tourism Police) ရှောင်တခင် စစ်ဆေးနေမှုများ (သို့မဟုတ်) ကန့်သတ်တားမြစ် ဧရိယာနေရာများကို ခွင့်ပြုချက်မရဘဲ ဓာတ်ပုံ မှတ်တမ်းတင် ရိုက်ကူးခြင်းတို့ကို (အထူး) ရှောင်ကြဉ်ရပါမည်။

 

တာဝန်သိစိတ်ဖြင့် စိတ်ချမ်းမြေ့စွာလည်ပတ်

 

ခရီးစဉ်များကို လည်ပတ်ရာတွင် E-Bike (သို့မဟုတ်) စက်ဘီး၊ အငှားယာဉ်များ အစရှိသည့် ဒေသခံတို့၏ သယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြု၍ ကူညီအားပေးခြင်း၊ ဒေသခံ ဧည့်လမ်းညွှန်များ၏ ဝန်ဆောင်မှုဖြင့် ခရီးသွားခြင်း၊ ဒေသခံလက်မှုအနုပညာများကိုလည်း အမှတ်တရ လက်ဆောင်အဖြစ် ဝယ်ယူအားပေးခြင်း၊ ဒေသ ထွက်အစားအစာနှင့် သစ်သီးများကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူသုံးဆောင်အားပေးခြင်းနှင့် ခရီးစဉ်အတွင်း အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းတို့ဖြင့် မိမိအလိုရှိရာသို့ တာဝန်သိစိတ် ဖြင့် စိတ်ချမ်းမြေ့စွာ လည်ပတ်နိုင်ပါသည်။

ဤကဲ့သို့ ကမ္ဘာလှည့် ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများက တာဝန်သိခရီးသွား လုပ်ငန်းကို ဖော်ဆောင်ပြီး လည်ပတ်မှသာ ဒေသ တွင်း စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း၍ ရေရှည်တည်တံ့ ခိုင်မြဲသော၊ တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပြီး ခရီးသွားနှင့်ဒေသခံတို့ အပြန် အလှန်အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ထွန်းလာမည် ဖြစ်ပါသည်။

 

ကမ္ဘာလှည့်ခရီးသွားများကို ကြီးကြပ်စောင့်ရှောက် ဆောင်ရွက်နေမှုများ

 

ဒုတိယအချက်ဖြစ်သော နိုင်ငံခြားသားကမ္ဘာ လှည့်ခရီးသွားများကို ကြီးကြပ်စောင့်ရှောက် ဆောင်ရွက်နေမှုများ အနေဖြင့် နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ကြီး ဌာန၏ ဝက်ဘ်ဆိုက်တွင် ပြောင်းလဲလာသော ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြေလျှော့မှု အခြေအနေများနည်းတူ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံသို့ အဆက်မပြတ် လာရောက်လည်ပတ်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ လေကြောင်းလိုင်းများ စတင်ပျံသန်း ပြေးဆွဲစေခြင်း၊ ခရီးသွားဈေးကွက် မြှင့်တင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ချက်အနေဖြင့် အာဆီယံဒေသအတွင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ ခရီးသွားမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်း ဖတ်ပွဲများ ကျင်းပပြုလုပ်ခြင်း၊ ဆိုရှယ်မီဒီယာ၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းများမှ ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသများအား ရိုက်ကူးတင်ဆက်ကြော်ငြာ ခြင်း၊ ခရီးသွားဆိုင်ရာ သတင်း အချက်အလက်များ၊ ပြည်ဝင်နှင့် ပြည်တွင်းခရီးသွား စစ်တမ်းများ ကောက်ခံ၍ စောင့်ကြည့်စစ်ဆေးခြင်း၊ ခရီးသွား စည်းမျဉ်းများ၊ မြန်မာနိုင်ငံသို့ ခရီးသွားများ ဝင်ခွင့်လိုအပ်ချက်ဖြစ်သော ပြည်ဝင်ခွင့်ဗီဇာ (အမျိုးအစား)များ၊ တရားဝင်နိုင်ငံကူးလက်မှတ်၊ အွန်လိုင်း e-Visa၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးထိုးခြင်း ဆိုင်ရာ အထောက်အထား၊ (PCR) စမ်းသပ်မှု ရလဒ်များစသည်ဖြင့် ကမ္ဘာလုံးဆိုင်ရာအခြေအနေနှင့် ကပ်ရောဂါနှင့်ပတ်သက်သည့် ခရီးသွား အကြံပေးချက်များကို နိုင်ငံခြားသား ခရီးသွားများ နားလည်သိရှိစေရန် စဉ်ဆက်မပြတ် လွှင့်တင် ကြေညာပေးလျက်ရှိပါသည်။

အလားတူပင် နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးရေး လုပ်ငန်း ကော်မတီကလည်း “မြန်မာနိုင်ငံ၏ ခရီးစဉ် ဒေသများသို့ လှည့်လည်သွားလာရန် သတ်မှတ် ထားသော ဒေသများနှင့် စည်းကမ်းချက်များကို ကမ္ဘာလှည့်ခရီးသည်များ သိရှိစေရေးအတွက် ပြည်တွင်းပြည်ပတွင် အသိပညာပေးခြင်း ဟူ၍ လုပ်ငန်းတာဝန်ချမှတ်ထားပါသည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍအနေဖြင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ရှုထောင့်ပေါင်းစုံမှ စီစဉ် ဆောင်ရွက်ထားသည်မှာ မျက်မြင်ပင်ဖြစ်ပါသည်။

ကော်မတီအဖွဲ့ဝင်ဖြစ်သော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် လည်း နိုင်ငံခြားသား ခရီးသွားများနှင့်ပတ်သက်သည့် လုပ်ငန်းတာဝန် အများအပြားရှိသည့်အနက် မြန်မာနိုင်ငံသို့ လာရောက်မည့် လူတစ်ဦးချင်း ဝင်ရောက်မှု၊ နေထိုင်မှုနှင့် ထွက်ခွာမှုများကို စီမံခန့်ခွဲရန် အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိသည့် အပြင် လေဆိပ်များ၊ နယ်စပ်ဂိတ်များ၊ ကုန်းလမ်း ဖြတ်ကျော်မှုများနှင့် ဆိပ်ကမ်းများ အပါအဝင် ၀င်ပေါက်ဂိတ်များတွင် လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများနှင့် ကိုက်ညီကြောင်း သေချာစေရန် ခရီးသွားစာရွက်စာတမ်းများ၊ ဗီဇာများကို စနစ်တကျ စိစစ်မှတ်တမ်းတင်လျက်ရှိပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်တစ်ဦးသည် ကနဦးခွင့်ပြုထားသည့် ကာလထက် ကျော်လွန်နေထိုင်လိုပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဗီဇာသက်တမ်းတိုးခြင်း လုပ်ငန်းစဉ်ကိုလည်း ဆောင်ရွက်ပေးလျက်ရှိ ပါသည်။

 

စည်းမျဉ်းများကို သိရှိနားလည်ပြီး လိုက်နာရန်

 

ထို့ကြောင့် ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံသို့ ချောမွေ့စွာ တရားဝင်လာရောက်လည်ပတ်နိုင် စေရန် ဗီဇာလိုအပ်ချက်များနှင့် ပြည်ဝင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပါအဝင် မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများကို သိရှိနားလည်ပြီး လိုက်နာရန်မှာ အရေးကြီးကြောင်း၊ ခရီးသွားများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိုအပ်ချက်များနှင့် ပတ်သက်သော နောက်ဆုံး (Update)အချက်အလက်များအတွက် အနီးဆုံး မြန်မာသံရုံး (သို့မဟုတ်) ကောင်စစ်ဝန်ရုံးတို့သို့ ဆက်သွယ် မေးမြန်းရန် ကြီးကြပ်တိုက်တွန်း ဆောင်ရွက်လျက်ရှိပါသည်။

 

mdn

 

ကော်မတီအဖွဲ့ဝင်တစ်ခုဖြစ်သော ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့အနေဖြင့်လည်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံစေရေးနှင့် စိတ်ချမ်းမြေ့စွာ လည်ပတ်နိုင်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်စောင့်ရှောက်လျက်ရှိပြီး အဓိက တာဝန် (၆) ရပ်ကို အောက်ပါအတိုင်း ချမှတ်ကာ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်-

၁။ ကမ္ဘာလှည့်ခရီးသည်များ၏ အကျိုးစီးပွား လုံခြုံရေးအတွက် စောင့်ရှောက်ပေးခြင်း၊

၂။  ပြည်တွင်းခရီးသွားလာမှုများတွင် အနှောင့်အယှက်ကင်းကင်းဖြင့် အဆင်ပြေချောမွေ့ မှုရှိစေရေး ကူညီ ဆောင်ရွက်ပေးခြင်း၊

၃။ မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင်စဉ် ကြုံတွေ့ရသောပြဿနာရပ်များကို ကူညီဖြေရှင်း ဆောင်ရွက်ပေးခြင်း၊

၄။ ကမ္ဘာလှည့်ခရီးသည်များ၏ လုံခြုံရေးအတွက် ဟိုတယ်၊ မိုတယ်စသည့် တည်းခို နေရာများ၊ ခရီးသွားလုပ်ငန်း အေဂျင်စီများကို စိစစ်ကြပ်မတ်ခြင်း၊

၅။ ကမ္ဘာလှည့်ခရီးသည်များနှင့် ပတ်သက်သည့် အမှုအခင်းများကို သက်ဆိုင်ရာဒေသ ရဲတပ်ဖွဲ့သို့တင်ပြ၍ တရားရေးဆိုင်ရာ အစီ အစဉ်များ ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာ သံရုံးများသို့ အသိပေးအကြောင်း ကြားခြင်း၊

၆။ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သည့် ခရီးသွားလုပ်ငန်း (Child Sex Tourism) နှင့်အခြားသော (Sex Tourism) များ မဖြစ်ပေါ်စေရေး တားဆီး ကာကွယ်ဆောင်ရွက်ခြင်း။

ယခုဆိုလျှင် နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံကို လာရောက် လည်ပတ်ရာတွင် ခရီးစဉ်သက်သက် လာရောက်လည်ပတ်ခြင်းမျိုးမဟုတ်ဘဲ နှစ်ဦးနှစ်ဖက် ယဉ်ကျေးမှု ဖလှယ်ခြင်းဖြစ်ကြောင်း၊ မြန်မာလူမျိုးတို့၏ ယဉ်ကျေးသိမ်မွေ့သော အပြုံးနှင့် စွဲမက်ဖွယ်ခရီးစဉ်များကို လက်တွေ့ခံစားခြင်းဖြင့် ၎င်းတို့ကိုယ်တိုင် တွေ့ကြုံခဲ့သော ဒေသခံလူထု အသိုင်းအဝိုင်း၏ ပွင့်လင်းရိုးသား ကြင်နာမှုအတွေ့အကြုံကို ကမ္ဘာအရပ်ရပ်သို့ ဆိုရှယ်မီဒီယာများမှတစ်ဆင့် You Tuber များက ပြန်လည်မျှဝေပံ့ပိုး ကူညီပေးနေသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

 

ခရီးသွားများဖြင့် စည်ကားတိုးတက်လာတော့မည်

 

 ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက တာဝန်သိခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တစ်ဖက်မှလည်း နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ကာ အရှိန်အဟုနမပျက် ဆောင်ရွက်လျက် ရှိနေသောကြောင့် အနာဂတ်မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသည် ကမ္ဘာလှည့် ခရီးသွားများဖြင့် စည်ကား တိုးတက်လာတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ကမ္ဘာလှည့်ခရီးသွားများ အများအပြား ဝင်ရောက် လာပါက ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး၊ ဘာသာစကား အခက်အခဲများ မရှိစေရေး၊ ရေရှည် တည်တံ့ဖွံ့ဖြိုးသော ခရီးစဉ်ဒေသများ ဖြစ်စေရေး၊ ရိုးရာယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ဆောင်ရွက်ရေးတို့ကို ယခုကတည်းကပင် ကြိုးပမ်းလေ့ကျင့် ပြင်ဆင်ကြပါစို့ဟု တိုက်တွန်း ရေးသား တင်ပြလိုက်ရပါသည်။