တစ္ဆေများနှင့်ပျော်မြူးခြင်း ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၁ ရက်တွင်ရုံတင်မည်

ရန်ကုန်  ၂၂   ဇူလိုင် 


တစ္ဆေများနှင့်ပျော်မြူးခြင်း ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၁ ရက်တွင် တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၁ ရက်ညက ရန်ကုန်မြို့ Gold Class ရုပ်ရှင်ရုံ၌ ပြုလုပ်သည့် အဆိုပါရုပ်ရှင်အထူးပြပွဲမှ သိရသည်။ 


အကယ်ဒမီ မြင့်မြတ်က “ဒီကားကို ရိုက်တဲ့ဒါရိုက်တာနဲ့ အဖွဲ့တစ်ခုလုံးက မလေးရှားကပါ၊ စတန့်အက်ရှင်တွေလည်းပါတယ်၊ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာတွေ လည်းပါတယ်၊ ဒရာမာလည်းပါတယ်၊ လူကုန်ကူးလိုမျိုး ပညာပေးအခန်းလည်းပါ ပါတယ်၊ ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ကားပါ”ဟု ပြောသည်။ 


လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သူ ကိုအုန်းဝင်းက “ထိတ်လန့် ကြောက်ရွံ့ဖွယ်ရာ ဇာတ်ကားကိုက မလေးရှား၊ အိန္ဒိယနိုင်ငံတို့က အိုင်ဒီယာယူတဲ့ သဘောပါ၊ ကျွန်တော်တို့နိုင်ငံကလူငယ်တွေ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ ဇာတ်ကား သန့်သန့်လေးတွေ ရိုက်ကူးတာ တဖြည်းဖြည်းပေါ်လာမှာပါ၊ ကျွန်တော်တို့နိုင်ငံမှာ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ ရိုက်ကူးမှုက အားနည်းနေပေမယ့် လူငယ်တွေကတော့ တော်ကြပါတယ်၊ ဒီဇာတ်ကားကို တစ်နှစ်ခွဲလောက် စီစဉ်ထုတ်လုပ်ခဲ့ပါတယ်၊ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ၊ စိတ်ကူးယဉ်ဆန်ဆန်နဲ့ ဇာတ်မြူး သုံးမျိုးလုံးပါအောင် ရိုက်ထားပါတယ်”ဟု ပြောသည်။ 


ယင်းရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း/ဇာတ်ညွှန်း အောင်နိုင်၊ ဇာတ်ညွှန်း ရွှန်းမီမီထက်၊ မလေးရှားနိုင်ငံမှ ဒါရိုက်တာ R.Perakas၊ လက်ထောက်ဒါရိုက်တာ Jakan Abe Shake Kumar Lawrance နှင့် Kamal/ဇော်မြင့်တို့က ရိုက်ကူးထားပြီး၊ လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားသည်။ 


ဤဇာတ်ကားတွင် အကယ်ဒမီ မြင့်မြတ်၊ အိချောပို၊ ပက်ထရစ်ရှာ၊ ကိုပေါက်၊ ထူးခြား၊ ကေညီနှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။ 


သန့်ဇင်ဝင်း