“တစ်ကျော့နှစ်ကျော့ တေးကိုသီ” သီချင်းနှင့်ပတ်သက်၍ အမှားအယွင်းရှိလျှင် ခွင့်လွှတ်ပေးစေလိုကြောင်း Hazel ပြောကြား

The Voice Myanmar သီချင်းဆိုပြိုင်ပွဲ Season 2 တွင် ဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်လုံးတွင် အသံအား ကောင်းကောင်းဖြင့် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့သူ အမျိုးသမီးအဆိုရှင် Hazel နှင့် တွေ့ဆုံ၍ ဆက်လက်လျှောက်လှမ်းမည့် အနုပညာ ဂီတခရီးအတွက် ပြင်ဆင်ထားမှုများကို မေးမြန်းဖြစ်ခဲ့သည်။

မေး။ The Voice Myanmar ပြိုင်ပွဲ ပြီးသွားပြီဆိုတော့ Hazel ရဲ့ ရှေ့ဆက် လျှောက်မယ့် ဂီတခရီးနဲ့ ထားတဲ့ ခံယူချက်က။

ဖြေ။    ပြိုင်ပွဲနှစ်ခု ပြိုင်တဲ့အခါမှာ ညီမအတွက် တစ်ခုနဲ့တစ်ခု မတူတဲ့ အတွေ့အကြုံတွေကို ရစေတယ်၊ အဲဒီအရာလေးတွေကိုယူပြီး ဂီတသမားအဖြစ် ရှေ့ဆက်လျှောက်မယ့်လမ်းမှာ ကိုယ့်လုပ်ရမယ့် အလုပ်တွေကို သေချာဂရုစိုက်ပြီး ရှေ့ဆက်ဖို့ ပြင်ဆင်ထားပါတယ်၊ မှားတာလေးတွေ ရှိတာကိုလည်း ကိုယ့်အရှေ့က ဝါရင့်ပညာရှင်တွေရဲ့ အဆုံးအမကို နာယူပြီး ညီမဝါသနာပါတဲ့ ဒီအလုပ်ကို ဆက်လုပ်မှာပါ၊ ညီမ The Voice Myanmar ကို ဝင်ရောက်ယှဉ်ပြိုင်တယ်ဆိုတာကလည်း ညီမရဲ့ ကြိုးစားမှုလေးကို အသိအမှတ်ပြုစေချင်တဲ့ စိတ်ကြောင့် ပြိုင်တာပါ၊ ဒါပေမယ့် ပြိုင်ပွဲဆိုတော့ အားပေးတဲ့ပရိသတ်က ညီမကို ချစ်လို့ဆိုတာကို သိပါတယ်၊ သူတို့မှာ အချိန်နဲ့ ငွေအကုန်ခံ၊ လူပင်ပန်းခံပြီး အားပေးတာမို့ ဆုလေးတော့ လိုချင်တာပေါ့နော်၊ ဒါပေမယ့်လည်း မရခဲ့တော့ စိတ်မကောင်း ဖြစ်ရပါတယ်၊ ညီမအနေနဲ့တော့ ဆုမရသော်လည်း ဆက်လျှောက်မယ့် ဂီတခရီးမှာ အောင်မြင်မှုထက် ပရိသတ်စိတ်ကြိုက် ရွေးချယ်ထားတဲ့ ဂီတသမားအဖြစ် ရပ်တည်ရအောင် ကြိုးစားနေမှာပါ။

မေး။ ပြိုင်ပွဲပြီးသွားပြီဆိုတော့ ဂီတနဲ့ပတ်သက်ပြီး လတ်တလော လှုပ်ရှားမှု တွေကရော။

ဖြေ။    ဟုတ်၊ ပြိုင်ပွဲပြီးပြီဆိုတော့ The Voice Myanmar က လုပ်ပေးမယ့် တေးစီးရီးမှာ သီချင်းတွေဆိုဖို့ ရှိပါတယ်၊ နောက်ဆုံးဖိုင်နယ်မှာ ပါလာတဲ့ ပြိုင်ပွဲဝင်လေးဦးကို Forever က လုပ်ပေးမယ့် စီးရီးလေးပါ၊ လာမယ့် ဇူလိုင်လထဲမှာ လုပ်မှာပါ၊ အဲဒါကတော့ ညီမတို့ လေးဦးကို မီနီအယ်ဘမ် လေး လုပ်ပေးပြီး ပြိုင်ပွဲတောက်လျှောက်မှာ လာမကြည့်ဖြစ်တဲ့ ပရိသတ် တွေအတွက် အဓိကထားပြီး လုပ်ပေးတဲ့ ပွဲလေးဖြစ်ပါတယ်၊ ပြိုင်ပွဲတုန်းက လက်မှတ်နဲ့ ကြည့်ရတာဆိုတော့ အနည်းငယ်လောက်ပဲ ကြည့်ခဲ့ရတယ်၊ အဲ့ဒါကြောင့် မကြည့်ရသူတွေအတွက် သီးသန့်လုပ်တဲ့ပွဲပါ၊ တစ်ကိုယ်တော် အခွေလေးကတော့ မြန်မြန်လေး လုပ်ချင်ပါတယ်၊ ညီမတို့က ပြိုင်ပွဲကနေ တက်လာတာဆိုတော့ ပရိသတ်ရှိတုန်းလေး လုပ်ချင်တာပါ၊ အဆိုတော်တစ်ယောက် ဖြစ်ဖို့ဆိုတာကလည်း ကိုယ်ပိုင်စီးရီးလေး တစ်ခွေတော့ရှိမှ အဆင်ပြေတာလေ။

မေး။  သီချင်းလေးတွေ ဖန်တီးတဲ့အခါမှာ ဘယ်လိုဖန်တီးဖြစ်မလဲ။

ဖြေ။    ညီမအနေနဲ့ သီချင်းပုံစံလေးတွေကို သေချာဂရုစိုက်ပြီး လုပ်မှာပါ၊ ညီမက Pop ပုံစံလေးတွေ၊ ပြီးတော့ အော်ပရာပုံစံလေးတွေတော့ ဆိုဖြစ်မှာပါ၊ ဒါပေမယ့် ကြိုက်တာကတော့ EDM တွေကို ပိုကြိုက်တာ၊ R&B ပုံစံ လေးတွေလည်း ကြိုက်ပါတယ်၊ အခွေလုပ်ရင်တော့ သေချာစဉ်းစားရမှာ ပေါ့နော်၊ ကိုယ်နဲ့လိုက်ဖက်မှုရှိပါ့မလားပဲ စိုးရိမ်တာပါ။

မေး။ လတ်တလော လူမှုကွန်ရက်မှာ နာမည်ကြီးနေပြီး ပြိုင်ပွဲမှာ HAZEL ပြန်ဆိုခဲ့တဲ့ ‘တစ်ကျော့နှစ်ကျော့ တေးကိုသီ သီချင်းနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်တာရှိလဲ။

ဖြေ။    အဲဒါက သီချင်းကိုချစ်လို့ လုပ်ဖြစ်ခဲ့တာပါ၊ အော်ပရာပုံစံလေး ဆိုလိုက်တာပေါ့၊ အဲဒီအပေါ်မှာ အမှားဖြစ်သွားခဲ့ရင်လည်း တောင်းပန်ပါတယ်၊ ခွင့်လွှတ်ပေးစေချင်ပါတယ်၊ ညီမက ပြိုင်ပွဲဝင်အဆင့်ပဲ ရှိပါသေးတယ်၊ အဆိုတော်လည်း မဟုတ်ပါဘူး၊ သီချင်းကို ဖျက်ဆီးတာလည်း မဟုတ်ပါဘူး၊ ပုံစံလေးတစ်မျိုးနဲ့ ခံစားစေချင်တဲ့စိတ်နဲ့ပဲ ညီမတို့ လုပ်ခဲ့တာပါ။

မြန်မာ့အလင်း