တစ်ကျော့ပြန်ဆန္ဒပြပွဲတွေနဲ့ လှုပ်လှုပ်ရှားရှားဖြစ်လာရပြန်တဲ့ အီရတ်

ခြူးစန္ဒီနွေး

 

အီရတ်နိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပတ်အကျော်က ရပ်တန့်ထားတဲ့ ဆန္ဒပြပွဲတွေပြန်လည်ပေါ်ပေါက်လာပြန်ပါပြီ။ အောက်တိုဘာ ၂၅ ရက်မှာတော့ အီရတ်ဆန္ဒပြသူတွေဟာလမ်းမတွေပေါ် ပြန်ထွက်လာပြန်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်ခန့်က ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေကြောင့်သေဆုံးသူအရေအတွက်ကတော့ တစ်နိုင်ငံလုံးအနှံ့ ၁၅၀ နီးပါး ရှိပါတယ်။ ခြောက်ရက်ကြာဆန္ဒပြပွဲအတွင်းမှာ လူပေါင်း ၅၀၀ဝခန့်ဒဏ်ရာရရှိခဲ့ပါတယ်။

တရားစွဲဆိုသွားမယ်

လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေ ကြား ပဋိပက္ခတွေကြောင့် သေဆုံးသူအရေ အတွက် များပြားခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း အစိုးရအပေါ်မကျေနပ်မှုတွေ ပိုမိုများပြားလာခဲ့ရတာပါ။ အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ တော့ အီရတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့မှ အရာရှိ တွေကို တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။ ဒီအရာရှိတွေဟာ ဆန္ဒပြသူတွေကိုပစ်ခတ်ဖို့ အမိန့်ပေးသူတွေလို့ စွပ်စွဲထားကြပါတယ်။ ပစ်ခတ်မှုတွေ ကြားမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ရှစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ တပ်မှူး တွေကိုတော့ ရာထူးကနေဖယ်ရှားတာမျိုး ပြုလုပ်ခဲ့ပါတယ်။ အစိုးရကတော့ ပြည်သူတွေ စိတ်ကျေနပ်မှုရရှိစေဖို့အတွက် ပြုပြင် ပြောင်းလဲမှုတွေပြုလုပ်မယ်လို့ ကြေညာခဲ့ ပါတယ်။

ဒေါသကိုဖြေဖျောက်နိုင်ပါ့မလား

အလုပ်သစ်တွေဖန်တီးပေးတာမျိုး၊ အိမ် ရာသစ်တွေ ဖန်တီးပေးတာမျိုး ပြုလုပ်ပေးမယ် လို့ ပြောဆိုခဲ့ပေမယ့် ပြည်သူတွေရဲ့ဒေါသကိုဖြေဖျောက်နိုင်ပါ့မလား။ အီရတ်ပြည်သူတွေ ကတော့ နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှု တွေ၊ အလုပ်လက်မဲ့ပြဿနာ၊ အခြေခံပြည်သူ့ ဝန်ဆောင်မှုစနစ်တွေ မရှိတာကြောင့် အစိုးရ ကို မကျေနပ်ကြပါဘူး။ ဒါကြောင့်လည်း ဆန္ဒပြ ပွဲတွေ ပေါ်ပေါက်လာခဲ့ရတာပါ။ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းမှာတော့ ဆန္ဒပြသူတွေ ဟာ အတားအဆီးတွေကို ဖယ်ရှားလိုက်ပြီး အစိမ်းရောင်နယ်မြေအတွင်းကို ချင်းနင်းဝင် ရောက်လာကြပါတယ်။ ဆန္ဒပြသူတွေ နောက် ပြန်ဆုတ်သွားဖို့အရေး လုံခြုံရေးတပ်ဖွဲ့ဝင် တွေဟာ မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

အစိမ်းရောင်နယ်မြေ

အစိမ်းရောင်နယ်မြေဆိုတာကတော့ အစိုး ရရုံးတွေ၊ ဝန်ကြီးချုပ်နေအိမ်၊ ပါလီမန်နဲ့ သံရုံး တွေတည်ရှိရာနေရာလည်း ဖြစ်ပါတယ်။ ဒါ ကြောင့် အစိမ်းရောင်နယ်မြေဟာ အရေးပါလှ တဲ့ နယ်မြေဆိုလည်း မမှားပါဘူး။ အစိမ်းရောင် နယ်မြေဟာ မြို့တော်ဘဂ္ဂဒက် အလယ်မှာရှိပြီး ၂၀၀၃ခုနှစ် အီရတ်ကို အမေရိကန်တွေ ဝင် ရောက်ခဲ့တဲ့အခါမှာ အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေ ဖန်တီးခဲ့တဲ့နေရာလည်း ဖြစ်ပါ တယ်။ အဲဒီနေရာကို အခွင့်ထူးတွေရထားတဲ့နေရာတစ်ခုလို့ အီရတ်ပြည်သူတွေက မြင်ပါ တယ်။ ဘာလို့လဲဆိုရင် အဲဒီနေရာဟာ ဘဂ္ဂဒက် မြို့တစ်မြို့လုံးမှာ အကောင်းဆုံးလုံခြုံရေးနဲ့ ကောင်းမွန်လှတဲ့ ပြည်သူ့ဝန်ဆောင်မှုစနစ် တွေ ရှိလို့ပါပဲ။ အဲဒီရက်မတိုင်ခင် အောက်တို ဘာ ၂၄ ရက် ညနေခင်းမှာတော့ မိုဘိုင်းဖုန်း အရောင်းဆိုင်တွေရဲ့ ပြတင်းပေါက်တွေ ချိုး ဖျက်ခံရပါတယ်။ ငွေကြေးလဲလှယ်ရေးဆိုင် တွေလည်း ပိတ်ထားရပါတယ်။ အဲဒီည တစ်ည လုံး ဆန္ဒပြသူတွေဟာ တက်ဟီရာရင်ပြင်မှာ လူစုဝေးကြဖို့ကြိုးပမ်းခဲ့ကြပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာလည်း အစိမ်းရောင်နယ်မြေ ဆီသို့သွားရာ တံတားနှစ်စင်းကို ပိတ်ပစ်လိုက် ရပါတယ်။

ပြည်တွင်းပြဿနာတွေနဲ့ ရင်ဆိုင်နေရ

မျှော်လင့်ချက် ကြီးကြီးထားခဲ့ကြတဲ့ဆန္ဒပြ သူတွေဟာ ယခုတစ်ကြိမ်မှာတော့ လွန်ခဲ့တဲ့ နှစ်ပတ်တုန်းကနဲ့မတူတော့ပါဘူး။ အရင်က ထက်ပိုပြီး လူအုပ်ကြီးကြီးလာသလို ဒေါသတွေ လည်း ပိုကြီးလာပါတယ်။ အီရတ်မှာ အာဏာရှင် ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချပြီးတဲ့ နောက်ပိုင်း ယခုတစ်ကြိမ်ဆန္ဒပြပွဲဟာ အဆိုး ရွားဆုံးလို့ ပြောရမှာပါပဲ။ ဆိုးရွားပြင်းထန်လှတဲ့ပြည်တွင်းပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အချိန် လည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာတော့ အီရတ်ဝန်ကြီး ချုပ် အဒီအဗ္ဗဒူမာဒီလည်း ဒီအတိုင်းလက်ပိုက် ကြည့်မနေနိုင်ပါဘူး။ တစ်တိုင်းပြည်လုံးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲမှုတွေလုပ်မလဲဆိုတာကို ပြောပြ ခဲ့ပါတယ်။ ဆင်းရဲသားတွေအတွက် အိမ်ရာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေး မယ်လို့ ကတိပြုခဲ့ပါတယ်။

ခြစားမှုတိုက်ဖျက်မယ်

နောက်ပြီး လာမယ့်သီတင်းပတ်အတွင်းမှာ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲပြုလုပ်ပြီး ဝန်ကြီးတွေဟာလည်းအရည်အချင်းပြည့်ဝပြီး အမှီအခိုကင်းရမယ်၊ အမျိုးသမီးနဲ့လူငယ်တွေ ကိုလည်း ပိုပြီး နေရာပေးသွားမယ်လို့ ရုပ်သံ ကနေ မိန့်ခွန်းပြောခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ အီရတ်ပြည်သူတွေရဲ့ဝေဖန်မှုတွေကို တုံ့ပြန် လိုက်တာလည်း ဖြစ်ပါတယ်။ သူပေးခဲ့တဲ့ ကတိ တွေထဲမှာ အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက်ဖို့အတွက် အထူးတရားရုံးကိုလည်းဖော်ဆောင် သွားမယ်ဆိုတဲ့အချက်လည်း ပါပါတယ်။ ပြည်သူ့စစ်အဖွဲ့တွေဟာ အီရတ်တပ်ဖွဲ့နဲ့အတူ အလုပ်လုပ်ကိုင်ပြီး အခုဆိုရင်ပါလီမန်မှာနေရာ ရလာပါတယ်။

ကတိတွေဖြည့်ဆည်းပေးမှာလား

ပြည်သူ့စစ်အဖွဲ့နဲ့ အီရတ်တပ်ဖွဲ့ကိုခွဲခြားဖို့အရေးအပါအဝင် အဆင့်မြင့်အရာရှိကြီး များရဲ့ လစာကို လျှော့ချပေးဖို့အစရှိတဲ့ ခက်ခဲ တဲ့ ကိစ္စရပ်တွေကို ဖြေရှင်းပေးသွားဖို့လည်း ကတိပြုခဲ့ပါတယ်။ မစ္စတာမာဒီကတော့ အရင် တုန်းကလည်း ပြောင်းလဲမှုတွေပြုလုပ်မယ် ဆိုတဲ့ ကတိပေးခဲ့ဖူးပါတယ်။ အခုလည်းကတိ အသစ်တွေ တသီတတန်းကြီး ပေးပြန်တော့ ဒီကတိတွေကို သူတကယ်ပဲဖြည့်ဆည်းပေးမှာ လားဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။ အတိတ်ကာလတုန်းကတော့ သူဟာ ဒီပြဿနာ တွေကိုဖြေရှင်းဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အခုတစ်ကြိမ်ကတော့ အရင်တုန်းကနဲ့မတူ ပါဘူး။ ဝန်ကြီးချုပ်အပေါ်မှာလည်း ဖိအားတွေ အများကြီးနဲ့ပါပဲ။ တကယ်လို့များ ပြည်သူလူထု က အစိုးရကိုမကျေနပ်နိုင်ဘူးဆိုရင်အစိုးရ ပြုတ်ကျသွားနိုင်ပြီး အီရတ်နိုင်ငံဟာလည်း ပရမ်းပတာအခြေအနေမျိုးအတွင်း တစ်ဖန် သက်ဆင်းသွားနိုင်ပါတယ်။

အချိန်ယူရဦးမည်

ဝန်ကြီးချုပ် မာဒီကတော့ ပြုပြင်ပြောင်း လဲဖို့ တွန်းအားပေးရုံမျှနဲ့ သူ့မှာဘာမှဆုံးရှုံး သွားဖွယ်ရာမရှိပါဘူး။ နိုင်ငံရေးသမားတွေ သတိမပြုမိတဲ့စနစ်မှာ ကျွန်တော်တို့တစ်တွေ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပဲဖြစ်တယ်။ ဒါပေမယ့် ပြည်သူတွေကတော့ ဒါကိုသတိပြု မိတယ်။ ဒါကြောင့်လည်း လှုပ်ရှားမှုတွေ ပေါ် ပေါက်လာရတာပဲဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါပေမယ့်လည်း ဝန်ကြီးချုပ် အနေနဲ့ လူထုရဲ့ ယုံကြည်မှုကိုပြန်ရဖို့ဆိုရင်တော့ အချိန်တွေအများကြီးယူရဦးမှာပါ။ အခုတစ်ကြိမ်မှာ ပြည်သူတွေဟာ တရားဝင် တောင်းဆိုမှုတွေနဲ့အတူ လမ်းမပေါ် ထွက်လာ ကြတယ်။ ဆန္ဒပြသူတွေရဲ့ဆန္ဒနဲ့ လိုက်ညှိဖို့ အတွက်ကတော့ နောက်ကျလွန်းနေပါပြီ။ ဒါပေမယ့် သူတို့ဘာလိုချင်နေတာလဲဆိုတာကို ကောင်းကောင်းနားလည်ရင်တော့ လမ်းမပေါ် ထွက်ဆန္ဒပြတာကို ရပ်တန့်လိမ့်မယ်လို့ အတ္တလန္တိတ်ကောင်စီက အဖွဲ့ဝင်လူကြီး တစ်ဦးဖြစ်တဲ့ အဘတ်စ်ကတ်ဒ်ဟင်းက ပြောပါတယ်။

အင်တာနက်မဖြတ်တောက်

အီရတ်မှာဒီလိုမျိုးဆန္ဒပြပွဲတွေ ပြင်းထန် နေပေမယ့် အင်တာနက်ပြတ်‌တောက်သွားတာ မျိုးတော့ မရှိပါဘူး။ ဆက်သွယ်ရေးဝန်ကြီးဌာန ကလည်းသူတို့ဆီကို အင်တာနက်ပိတ်လိုက်ဖို့ ညွှန်ကြားချက်တွေ ရောက်လာတာမျိုးမရှိဘူးလို့ဆိုပါတယ်။ ဒါကြောင့်လည်း ဆန္ဒပြသူတွေ ဟာ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းမှာ အချင်းချင်းဆက်သွယ်နိုင်ခဲ့ကြပါတယ်။ ဒါဟာ အောက်တိုဘာလအစောပိုင်းက ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတုန်းကအခြေအနေတွေနဲ့ ကွာခြား တာပါပဲ။ အဲဒီတုန်းကဆိုရင် အစိုးရဟာ အင်တာနက်ကို ဖြတ်တောက်လိုက်ပါတယ်။ နောက်ပိုင်းမှာ ပြန်ပေးခဲ့ပေမယ့် အကန့်အသတ် နဲ့သာ ဆိုရှယ်မီဒီယာကို ပြန်သုံးလို့ရခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ကတိတွေနဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းတွေဟာ ပြည်သူတွေကိုစိတ်ကျေနပ်မှုဖြစ်စေရင် ဆန္ဒပြပွဲတွေ ချုပ်ငြိမ်းသွားနိုင်ပါ တယ်။ ဒီလိုမှမဟုတ်ဘဲ ဆန္ဒပြပွဲတွေ အပြီး မသတ်နိုင်ဘူးဆိုရင် နိုင်ငံရေးဖရိုဖရဲ အခြေ အနေတစ်ခုအတွင်း ဆင်းသက်သွားနိုင်ပါတယ်။

ကိုးကား -စီအင်န်အင်န်၊ နယူးယောက်တိုင်းမ်

မြန်မာ့အလင်း