ဖုန်းသုံးနေရင်း ပူလာခြင်းနှင့် ဘက်ထရီ မြန်မြန်ကုန်သွားခြင်းတို့မှာ ဖုန်းထဲရှိ မှတ်ဉာဏ်နှင့် အခြားလျှပ်စီးပတ်လမ်းတို့က ဘက်ထရီထဲမှ စွမ်းအင်ကိုစားသုံးပြီး အပူစွမ်းအင်ပြန်ထုတ်ပေးလိုက်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် စွမ်းအင်သုံးစွဲမှုနည်းပါးသည့် လျှပ်စစ်ကိရိယာများ ဖန်တီးနိုင်ရေးမှာ ယနေ့ခေတ် သိပ္ပံပညာရှင်တို့၏ ရည်မှန်းချက်ကြီးများထဲမှ တစ်ခုဖြစ်သည်။
ယခုအချိန်တွင် တိုကျိုသိပ္ပံအင်စတီကျုမှ ပါမောက္ခယူကတ မာဂျီမာနှင့် အဖွဲ့သားများက စွမ်းအင်သုံးစွဲမှုနည်းသော မှတ်ဉာဏ်ပြုလုပ်မှုနည်းပညာအသစ်တစ်ရပ်ကို တွေ့ရှိခဲ့ရာ စီးပွားဖြစ်ထုတ်လုပ်နိုင်လျှင် တစ်ခါအားသွင်းရုံဖြင့် လက်ရှိထက် ပိုမိုကြာမြင့်စွာသုံးနိုင်မည့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် လမ်းစတစ်ခုဖြစ်လာသည်။
အသစ်တွေ့ရှိမှုဆိုသော်လည်း သဘောတရားမှာ အသစ်မဟုတ်ပေ။ ၁၉၇၁ ခုနှစ်ကတည်းက ပေါ်ထွက်ခဲ့သည့် FTJ ဟု အတိုကောက်ခေါ်သော ဖယ်ရိုအီလက်ထရစ် မှတ်ဉာဏ်နည်းပညာသာ ဖြစ်သည်။ ထိုနည်းပညာဖြင့် သုံးနိုင်သည့် ထုံးတမ်းစဉ်လာဒြပ်ပစ္စည်းတို့မှာ လျှပ်စစ်၏ မိုက်ခရိုခေတ်၊ နာနိုခေတ်တို့နှင့်မကိုက်ညီသဖြင့် ကျန်နေခဲ့သည့် နည်းပညာလည်းဖြစ်သည်။
သို့သော် ၂၀၁၁ ခုနှစ်တွင် လက်ရှိအသုံးများသည့် ဒြပ်ပစ္စည်းတစ်ခုဖြစ်သော ဟက်ဖ်နီယမ် အောက်ဆိုက်သည်လည်း ဖယ်ရိုအီလက်ထရစ် မှတ်ဉာဏ်အဖြစ်သုံးနိုင်မည့် လျှပ်စစ်ဝင်ရိုး ထိန်းသိမ်းထားနိုင်စွမ်းရှိသည်ကို ပထမဆုံးတွေ့ရှိခဲ့ကြသည်။ ယခုအချိန်တွင်မူ ဖယ်ရိုအီလက်ထရစ် မှတ်ဉာဏ်သဘောတရားနှင့် သေးနိုင်သမျှသေးအောင်လုပ်သည့် နည်းပညာတို့ကို ပေါင်းစပ်ခြင်းအားဖြင့် ပါမောက္ခမာဂျီမာတို့အဖွဲ့သည် ၂၅ နာနိုမီတာ အရွယ်အစားရှိသည့် စွမ်းအင်သုံးစွဲမှု နည်းပါးသော မှတ်ဉာဏ်ကိရိယာကို တီထွင်နိုင်ခဲ့ပြီဖြစ်သည်။
“သိပ္ပံပညာရဲ့ အကန့်အသတ်လိုဖြစ်နေတဲ့ ‘ပိုသေးအောင် ငါတို့ မလုပ်နိုင်တော့ဘူးလား’၊ ‘လုပ်လိုက်ရင် ပျက်စီးသွားမှာလား’ဆိုတဲ့ စိန်ခေါ်မှုတွေဟာ အမှောင်ထဲမှာ လမ်းလျှောက်နေရသလို စမ်းတဝါးဝါးဖြစ်နေတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ထုံးတမ်းစဉ်လာအယူအဆတွေကို မေးခွန်းထုတ်တာ မျိုး၊ ဒီအခက်အခဲတွေကို နည်းလမ်းအသစ်တွေနဲ့ ကျော်လွှားဖို့ကြိုးစားတာမျိုးကိုတော့ ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ အခုရခဲ့တဲ့အောင်မြင်မှုက လူငယ်တွေ ရဲ့ စိတ်ဝင်စားမှုကို မီးတောက်လာစေပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုဖန်တီးဖို့ ကြိုးစားလာအောင် လုပ်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်ဝမ်းမြောက်မိမှာပါ”ဟု ပါမောက္ခမာဂျီမာက ဆိုသည်။
ဟက်ဖ်နီယမ်အောက်ဆိုက်သည် လက်ရှိတစ်ပိုင်းလျှပ်ကူး ထုတ်လုပ်ရေးလောကတွင် အခြားဒြပ်ပစ္စည်းများနှင့် အပြိုင်အသုံးများသည့် ဒြပ်ပစ္စည်းတစ်မျိုးဖြစ်ရာ ပါမောက္ခမာဂျီမာတို့အဖွဲ့ တွေ့ရှိခဲ့သည့် နည်းပညာသည် မဝေးလှသောအနာဂတ်တွင် လူသုံးများသောကိရိယာများထဲ၌ ပါဝင်လာ ရန် ဖြစ်နိုင်ခြေရှိသည်။
Ref: scitechdaily.com


