တစ်ခေါက် တစ်ခါ အရောက်လာစေချင်သည် သမိုင်းဝင် မုလအိဆံတော်ရှင် စေတီဆီ

ပိုပိုအောင်(စုကလိမြေ)

ကရင်ပြည်နယ် စုကလိမြို့သည် မြဝတီမြို့မှ အရှေ့ဘက် ၅၄ မိုင်ခန့်အကွာ ပင်လယ်ရေမျက်နှာပြင် အမြင့် ၆၅၇၈ ပေခန့်တွင် တည်ရှိပြီး တောင်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့် တောင်ပေါ်ကရင် (စကောကရင်) လူမျိုးများ အများဆုံး နေထိုင်ကြသည်။

ယင်းဒေသ၏ ရှေးဟောင်းသမိုင်းဝင်ထင်ရှားလှသည့် ဆံတော်ရှင် မုလအိစေတီတော်မှာ စုကလိမြို့ တာနောထကျေးရွာတွင်တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း ၆၅၇၈ ပေအမြင့်ရှိ တောင်ထွတ်တွင် တည်ထားသည်။ အဆိုပါစေတီတော်ကို မြန်မာ နိုင်ငံသားများသာမက ထိုင်းနိုင်ငံသားများကပါ သက်ဝင်ယုံကြည် ကိုးကွယ်ကြသည်။ ထိုစေတီတော်ကြီးကို မဟာသက္ကရာဇ် ၁၁၁ ခုနှစ် ဘီစီ ၅၇၈ တွင် သုဝဏ္ဏဘူမိရဋ္ဌ သထုံဒေသကိုအုပ်ချုပ်သော တိဿဓမ္မသီဟရာဇာမင်းသည် သထုံပြည်သို့ ဘုရားရှင်ကြွရောက်တော်မူရာတွင် ကြီးကျယ်ထည်ဝါသော ပြာသာဒ်ဇရပ်မဏ္ဍပ်တို့ကို တည်ဆောက်ပူဇော်ကြလေသည်။ ဒေသနယ်ပယ်အသီးသီးတို့မှ ရသေ့များကလည်း ဘုရားရှင်ကြွချီရာ သုဓမ္မဝတီသထုံပြည်သို့ ရောက်ရှိလာကြကာ ဘုရားရှင်အား ဦးခိုက်ပူဇော်ကြလေသည်။ ဘုရားရှင်လည်း တရားဒေသနာဟောတော်မူပြီးနောက် ရသေ့အပေါင်းတို့က ဘုရားရှင်ကိုယ်စား တစ်စုံတစ်ရာသော ဓာတ်တော်မွေတော် ဆံတော်တို့ကို ပေးသနားတော်မူပါရန် လျှောက်ထားသောအခါ ဦးခေါင်းထက်ဝယ် လက်ထိပ်တင်လျက်ဆံတော်တို့ကို ပေးသနားတော်မူရာတွင် ကျိုက်ထီးရိုးတောင်၌ နေထိုင်သော တိဿရသေ့၊ ဇွဲကပင်တောင်တွင်နေထိုင်သော သီဟရသေ့နည်းတူ မုလအိတောင် မူလတောင်တို့မှ နေထိုင်သော နုရဒရသေ့နှင့် ကပ္ပရသေ့တို့လည်း ဘုရားရှင်၏ ဆံတော်တစ်ဆူစီကို ကိုးကွယ်ခွင့်ရရှိကြလေသည်။ မြတ်စွာဘုရားဆံတော်ကို ကိုးကွယ်ခွင့်ရရှိသော ကပ္ပရသေ့သည် မိမိ တရားအားထုတ်သောတောင်၌ အကြီးအကျယ် တင့်တယ်ကောင်းမွန်စွာ ဌာပနာလိုသော ဆန္ဒရှိသဖြင့် ကျိတ်မြို့ကို အစိုးရသော ကုလာပုမင်းနှင့် တိုင်ပင်ရာ သဘောတူညီပြီး မဟာသက္ကရာဇ် ၁၁၄ ဘီစီ ၅၇၈ နတ်တော်လတွင် အလှူအတန်းပွဲလမ်းသဘင်တို့ဖြင့် ကြီးကျယ်ခမ်းနားစွာကျင်းပပြီး မုလအိတောင်ထိပ်တွင် မုလအိစေတီတော်ကို တည်ထားခဲ့လေသည်။ ထို့နောက် ဌာပနာတိုက်အတွင်း ရွှေကြုတ်ဖြင့် ဆံတော်၊ ဘုရားရှင်၏ ကိုယ်ပွားရုပ်တုတော်တို့ကို ဌာပနာလေ၏။ ပြီးလျှင် ကပ္ပရသေ့ ရုပ်တု၊ ကုလာပု မင်းရုပ်တုတို့ကို ရွှေပန်းငွေပန်းဖြင့် ပူဇော်ပြီး ကျောက်၊ သံ၊ ပတ္တမြား မြောက်မြားစွာကိုလည်း ဌာပနာကြလေသည်။ ထိုသို့ ဌာပနာပြီးလျှင် တောင်ထိပ်ပြင်အကျယ်အားဖြင့် အနောက်အရပ်၌ အတောင် ၄၀ နှင့် မြောက်အရပ်၌ ၂၅ တောင် ကျယ်ဝန်းသော နေရာ၌ ဖိနပ်တော် ၁၀ တောင်၊ ဉာဏ်တော် ၁၅ တောင်ရှိသော ကျောက်စေတီတစ်ဆူကို တည်ထားကြလေ၏။ စေတီ၏ ဘွဲ့တော်သည် မွန်ဘာသာဖြင့် “ကျိုက်မုလအိ” ဟူ၍ ခေါ်ဆိုပြီး မြန်မာဘာသာဖြင့် “အမြဲထင်ပေါ်သောဘုရား” ဟု အဓိပ္ပာယ်ရသည်။ မုလအိစေတီတည်ရှိရာ တောင်ထိပ်သည် ၁၈၆၅ ခုနှစ်၌ နယ်ခြားမင်းကြီး လက်ဖတင်နင်ဖိုက်၏ တိုင်းတာချက်အရ ပင်လယ် ရေပြင်မှတောင်ထိပ်အထိ ပေပေါင်း ၆၀၀၀ ကျော်ရှိသည်ဟု သိရှိရသည်။ စေတီတည်ရှိရာ ရင်ပြင်မှာ ရှေ့နောက်ပေ ၆၀ ကျော်ပြီး တောင်မြောက် ၃၈ ပေသာ ကျယ်ဝန်းသည်။ မူလကမုလအိစေတီမှာ တစ်ဆူသာရှိသော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း စေတီငယ်တစ်ဆူ ထပ်မံတည်ထား၍ မုလအိစေတီ ညီနောင်ဟူ၍ အမည်တွင်သည်။ မုလအိစေတီတည်ရှိရာ တောင်ထိပ်ပေါ်သို့ တက်ရောက်ရန် အလွန်ကျဉ်းမြောင်းသော ချောက်ကမ်းပါး တောင်စွယ်တစ်နေရာကို ဖြတ်ကျော်ရသည်။ ထိုနေရာသည် တောင်အောက်မှ လေပြင်းများ တိုက်ခတ်သဖြင့် စိတ်အားငယ်နုနယ်သည့် အမျိုးသမီးတို့မှာ စေတီရှိရာ တောင်ထိပ်ပေါ်သို့ မတက်ရောက်နိုင်ဘဲ အမျိုးသားတို့သာ တက်ရောက်ဖူးမြော်နိုင်သည်။ ထို့ကြောင့် စေတီတော်သို့ မရောက်မီ အမြင့်ပေ ၁၀၀ ကျော်၌ အမျိုးသမီးများ ဖူးမြော်ရန် ကိုယ်စားစေတီ နှစ်ဆူကို တည်ထားပေးခြင်းဖြစ်သည်ဟု ဆိုကြသည်။ မုလအိစေတီ တည်ရှိရာ တောင်ထိပ်သည် တောင်၊ ချောက်ကမ်းပါးယံ၌ အလွန် မတ်စောက်၍ အဆင်းခက်လှသောနေရာတွင် ဇော်ဂျီဖိုထိုးရာနေရာ တွင်းဂူကြီး ရှိလေသည်။ ယခုထိတိုင် မည်သူတစ်ဦးတစ်ယောက်မျှ မဆင်းဝံ့သေးချေ။ မိန်းမသားများ ဖူးမြော်ရသည့် စေတီတည်ရှိရာ အောက်ဘက်တောင်ကမ်းပါးတွင် ကိုရင်ကြီးဂူ တည်ရှိလေသည်။ လွန်ခဲ့သောနှစ် ၃၀ ကျော်ခန့်က ကိုရင်ကြီးသီတင်းသုံးခဲ့ရာ ဂူထဲ၌ သေတ္တာနှင့် သင်္ကန်းအပိုင်းအစများကို တွေ့ရှိရသေးသည်။ ကျောက်သားအဖြစ်သာ တည်နေသည့် မုလအိတောင်ထွတ်၏ အဖြောင့်အတိုင်းသွားလျှင် အလွန်ထူးဆန်းသော နတ်ဘီလူးတောင်တည်ရှိပြီး အရှေ့စူးစူးအရပ်တွင် မြန်မာအခေါ် လေးတိုင် (၈မိုင်) အကွာ၌ မုလအ တောင်တော်တည်ရှိလေသည်။ မုလအိစေတီတည်၍ မုလအိတောင် အမည်တွင်သောတောင်၏ ထူးဆန်းမှုတစ်ရပ်မှာ သစ်ခွပန်းမျိုးစုံ ပေါက်၍ ဆေးဖက်ဝင်သောအပင်တို့လည်း များစွာရှိလေသည်။ သစ်မင်း၊ သစ်မင်းရာဇာ၊ တောင်ကရဝေး စသည်တို့ တောလုံးနှံ့ ပေါက်ရောက်လျက် သဇင်နီ၊ သဇင်ဖြူ ပန်းများစွာလည်း ထူးဆန်းစွာ ပေါက်ရောက်သည်။ မုလအိတောင်ပေါ်သို့ တက်ရောက်ရာတွင် သစ်တောင်၊ ဝါးတောင်များအား ကျော်ဖြတ်ပြီးလျှင် ရှေးနှစ်ပေါင်း များစွာကတည်းက တည်ထားကိုးကွယ်သည့် မုလအိဆံတော်ရှင်အား ထုံးသင်္ကန်းဖြင့် စိတ်အေးချမ်းသာ ဖူးမြော်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ပါးစပ်ရာဇဝင်အရ မုလအ၊ မုလအိ၊ မုလအယ် နတ်သမီးသုံးဖော်အမည် များကိုအစွဲပြု၍ ထိုတောင်များကို ခေါ်ဆိုခဲ့ကြပြီး ထိုတောင်သုံးလုံး သည် ဖိုခုံလောက်ဆိုင်တည်ရှိနေပြီး နတ်သမီးသုံးဖော်နှင့်အတူ ဖာ့ဝီ ဟု ခေါ်သော ခွေးလေးတစ်ကောင်လည်းရှိပြီး ညီမသုံးဖော်တို့ နေထိုင်သည့် တောင်များတွင် စေတီတစ်ဆူစီတည်ထားကိုးကွယ်ကြမည် ဖြစ်ပြီး ပြီးစီးပါက မီးဖြင့်အချက်ပြကြရန် ကတိထားခဲ့ကြသည်။ တစ်ရက် တွင်အစ်မအကြီးဆုံးဖြစ်သည့် မုလအ အနားရှိ ခွေးကလေးဖာ့ဝီသည် ခုန်ပေါက်ဆော့ကစားပြီးအနီးရှိ မီးခွက်အားတိုက်မိကာ အနီးရှိ  လောင်စာများအား မီးလောင်ရာ မီးတောက်များကို မုလအိတောင်တွင် နေထိုင်သည့် နတ်သမီးကတွေ့မြင်ပြီးနောက် အစ်မဖြစ်သူ ဘုရား တည်ထားပြီးဖြစ်သဖြင့် အချက်ပြသည်အထင်ဖြင့် မိမိဘုရားအား ညတွင်းချင်း တည်ထားပြီးစီးခဲ့၍ အငယ်ဆုံးနတ်သမီးမုလအယ်က နောက်ဆုံးမှသာတွေ့မြင်ပြီး နံနက်ရောက်မှသာ တည်ထားပြီးစီးသည်။

ထိုအကြောင်းအရာကို မုလအနတ်သမီးသိရှိပြီး ခွေးကလေးဖာ့ဝီအား မောင်းထုတ်လိုက်သဖြင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာသွားစဉ် အမြင့်ဆုံးတောင်တစ်တောင်တွင် အမောဖောက်သေဆုံးခဲ့သဖြင့် ယခုခေတ်တိုင် ထိုင်းနိုင်ငံ တာ့ခရိုင်တွင် တည်ရှိသည့် အဆိုပါတောင်ကို ဖာ့ဝီတောင်ဟု ခေါ်ဆိုကြသည်။ 

မုလအိတောင်၏ ထူးခြားချက်များမှာ (၁) တောင်ထိပ်စေတီသည် ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ဌာပနာ ပူဇော်ထားရှိခြင်း။ (၂) တောင်ပေါ် တက်လျှင် သက်သတ်လွတ်စားရပြီး အရက်သေစာသောက်စားခြင်း၊ ယူဆောင်ခြင်းမပြုရ ချိုးဖောက်လျှင် တစ်ခုခုဖြစ်တတ်သည်။ (၃) တောင်ပေါ်တွင် အမျိုးသားဘုရားနှင့် အမျိုးသမီးဘုရားရှိပြီး သီးခြားစီဖူးမြော်ရသည်။ အမျိုးသားနှင့် အမျိုးသမီးအတူပေါင်းပြီး ဖူးမြော်လျှင် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း။ လျှပ်စီးလက်ပြီး မိုးရွာချခြင်း။ (၄) အပြောအဆို အမူအရာ မှားယွင်းခြင်း၊ အရက်သေစာသောက်စားခြင်း ပြုလုပ်ပါက တောကောင်ကြီးများ မထင်မှတ်ဘဲ ပေါ်လာပြီး လူကိုအန္တရာယ်ပြုတတ်ခြင်း။ (၅) တောင်ပေါ်သို့ သွယ်တန်းထားသော ရေပိုက်အား အမျိုးသမီးကိုင်တွယ်ခဲ့ပါက တောင်ပေါ်ရေမတက်ခြင်း။ ပြန်လည်တောင်းပန်ပြီးနောက် သုံး၊ လေးရက်ကြာမှ ရေပြန်တက်ခြင်း။ (၆) တောင်အောက် ရေထွက်နေရာသို့ အမျိုးသမီးသွားလာ၍ မရခြင်း။ အကယ်၍ သွားရောက်ခဲ့ပါက ရေထွက်ရှိမှု ခန်းခြောက်၍ ပြန်တောင်းပန်မှ ရေပြန်ထွက်ခြင်း။ (၇) တောင်ထိပ်တွင် သီတင်းသုံးရန် သမာဓိအားမကောင်းသော ရဟန်းများမမြဲခြင်း။ (၈) အရေးကြီး ပုဂ္ဂိုလ်များ လာရောက်ဖူးမြော်လျှင် ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းမရှိပါက တောင်ထိပ်မရောက်ခင် လျှပ်စီးလက်၍ အချိန်အခါမဟုတ် မိုးရွာချခြင်းတို့ ဖြစ်ပေါ်လေ့ရှိသည်။ ရာသီဥတုသည် အစဉ်အမြဲ အေးစိမ့်နေတတ်သဖြင့် ကရင်ပြည်နယ်၏ အိုအေစစ်နေရာတစ်ခုဟုပင် ဆိုနိုင်လေသည်။

ရှေးဟောင်းသမိုင်းဝင် မုလအိစေတော်ကြီးတည်ရှိရာ တာနောထတောင်သည် မြဝတီမြို့မှ ၃၈ မိုင်ခန့် ဥက္ကရစ်ထကျေးရွာမှ အရှေ့ဘက် ၉ မိုင်ကျော်အကွာတွင် တည်ရှိသည်။ တောင်ခြေရွာမှတစ်ဆင့် တောင်ပေါ်ခရီးသို့ ၈ ဒသမ ၉ မိုင်အကွာ တောင်တက်ခရီးလမ်းဖြင့် သွားရောက်နိုင်မည်ဖြစ်သည်။

ယခုအခါ ခရီးသွားပွင့်လင်းရာသီကာလကို ရောက်ရှိလာပြီဖြစ်ရာ လေ့လာလည်ပတ်လိုသူများအနေဖြင့် ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ တာနောထကျေးရွာရှိ မုလအိဆံတော်ရှင်စေတီတော်သို့ လာရောက်ပြီး တောင်ခြေရှိ ခြေတော်ရာဘုရားနှင့် စမ်းချောင်းအလှ စုကလိမြို့၏ သာယာလှပပုံ၊ ကရင်လူမျိုးများ၏ ရိုးရှင်းသော အလှ တရားများ၊ တောင်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးကြပုံများ၊ ရိုးရာချည်ထည်ဂျပ်ခုတ်များရက်လုပ်ကြပုံများကို လေ့လာကြရင်း မုလအ တောင်တော်နှင့် မူလအယ်တောင်တော်များအား တစ်ခေါက်တစ်ခါ အရောက်လာဖို့ စုကလိမြေမှ ဖိတ်ခေါ်အပ်ပါသည်။ ။

ကိုးကား-
(၁) ဝီကီပီးဒီးယား
(၂) ဦးစောယုခေး