တစ်ခါက ကင်းတပ်မြို့ မတ္တရာ

သီဟလုလင်

 

မန္တလေးကိုရောက်တိုင်း အနီးဝန်းကျင်က မြို့တွေဆီလည်ဖြစ်ခဲ့တာ နှစ်နှစ်လောက်ရှိပြီ။ ဟောအခုလည်း မတ္တရာမြို့လေးဆီကို အလည်ရောက်ဖြစ်ဖို့ အကြောင်းဖန်လာပါပြီ။ တစ်နာရီဝန်းကျင်လောက် မန္တလေးကနေ ကားနဲ့ရောက်နိုင်တဲ့ မတ္တရာမြို့မှာ စိတ်ဝင်စားစရာဘုရားပုထိုး၊ ရှေးဟောင်းအဆောက်အအုံတွေနဲ့ လေ့လာစရာလူမှုစရိုက်တွေရှိနေတာမို့ အခါအခွင့်ကြုံရင် လည်ပတ်သင့်တဲ့ အရပ်ဒေသဖြစ်ပါတယ်။


အမတ်တစ်ရာတည်သလားဆိုတဲ့ မတ္တရာမြို့

အတော်များများက အမတ်တစ်ရာ တည်ထားတဲ့မြို့လို့ ကုန်းဘောင်သီပေါ ရာဇဝင်ရဲ့ နှုတ်ပြောရာဇဝင်ကြောင့် ယုံကြည် ယူဆခဲ့ကြတဲ့ မတ္တရာမြို့ဟာ သင်္သကြိုဋ် ဘာသာအားဖြင့် အမတ်ကို အမတျာလို့ အသံထွက်တဲ့အတွက် အမတျာမြို့လို့ ခေါ်ဆိုရာကနေ အပြုတ်ပြီး မတျာမြို့ - မတ္တရာမြို့ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ အမတ်တစ်ရာ တည်ထားတာထက် ပိုသေချာတာတော့ အမတ်တည်ထားတာဖြစ်ကောင်းရဲ့လို့ ယူဆ ရပါတယ်။ မတ္တရာမြို့ရဲ့ သမိုင်းအထောက် အထားကတော့ တစ်ဦးနဲ့တစ်ဦးအတော်လေးမတူတာတွေတွေ့ရတော့ သေချာတဲ့ စံသမိုင်း တစ်ခုတည်းဖြစ်စေချင်မိပါတယ်။ ဆရာ စူးထက်ရဲ့ အဆိုအရ ပျူမင်းလက်ထက် ကတည်းကရှိနေတယ် ဆိုပါတယ်။ ပျူတွေဟာ ဟန်လင်းမြို့ပျက်တော့ ပြောင်းရွှေ့နေထိုင်ကြ ရင်း စိုက်ပျိုးဖြစ်ထွန်းတဲ့ ဒီအရပ်မှာမြို့သစ် တည်ခဲ့တယ်လို့ ဖတ်ရသလို၊ ပုဂံအနော်ရထာမင်းကြီး နန်းစံသက် (၁၆) နှစ်မြောက်မှာ ကင်းတပ်မြို့တွေတည်ထောင်တော့ ကင်းတပ်မြို့ ၄၃ မြို့မှာမတ္တရာဒေသက ၁၂ မြို့ ပါဝင်ခဲ့တယ်။ အဲဒီ ၁၂ မြို့ထဲမှာ မတ္တရာမြို့လည်း ပါဝင်တာလို့ သိရပါတယ်။ ဆရာတင်နိုင်တိုး ကလည်း မတ္တရာမြို့ကို ခရစ်နှစ် ၁၃၆၄ ခုနှစ်မှာ အင်းဝဘုရင် သတိုးမင်းဖျားက တည်ခဲ့တယ်လို့ ဆိုပြန်ပါတယ်။ မတ္တရာဟာ ဒွိဟတွေနဲ့ သမိုင်းကြောင်းရှည်ခဲ့တဲ့ မြို့ဆိုတာတော့ အသေအချာပါပဲ။


ဘယ်လိုသွားမလဲ
မတ္တရာမြို့ဟာ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်မှာ ပါဝင်တာပါ။ မန္တလေးကနေ တစ်ဆင့် ကားနဲ့ ပြန်သွားရမှာ ဖြစ်ပါတယ်။ မီးရထားနဲ့ဆိုရင် လည်း ရောက်ပါတယ်။ ရေလမ်း ခရီးလည်း သုံးနိုင်ပါတယ်။ မန္တလေးကနေကားနဲ့ဆိုရင် တော့ တစ်နာရီဝန်းကျင်ပဲ ကြာပါတယ်။ ကျွန်တော် ကတော့ မန္တလေးရောက် တုန်း သွားလည်တာမို့ ကားစင်းလုံးငှားပြီး သွား ပါတယ်။ လေးသောင်း ဝန်းကျင်လောက်ပဲပေးရပါ တယ်။


မတ္တရာမြို့နဲ့ဝန်းကျင် လည်ပတ်စရာ

မတ္တရာမြို့နဲ့ အနီးဝန်းကျင်မှာလည်ပတ် စရာတွေကတော့ သမိုင်းတွေနဲ့ ဘုရားပုထိုး တွေများပြားသလို၊ ရှေးဟောင်း အဆောက်အအုံ လေးတွေရှိနေတာလည်း ထူးခြားချက်ပါ။ လူမှု စရိုက်တွေကို လေ့လာစရာ ရွာလေးတွေရှ ိနေတာလည်း သွားလည်သူတွေအတွက် ကျေနပ် စရာသိပ်ကောင်းပါတယ်။ ဗုဒ္ဓဘာသာဝင် ခရီး သွားတွေ (ဘုရားဖူးခရီးစဉ် နှစ်သက်သူတွေ) အတွက်ကတော့ မတ္တရာမြို့အလည်အပတ် ခရီးစဉ်က စိတ်ဝင်စားစရာ ပိုဖြစ်စေပါလိမ့်မယ်။


“ရွှေပုထိုးညီ၊ ရွှေဒါလီဟု

စုံညီနှမ၊ သစ္စာရနှင့်

ထူးလှသည့်ခေါင်၊ ရွှေဂူချောင်ကို

မရှောင်သရွေ့၊ ပူဇော်မွေ့သော်

တစ်နေ့ဧကန်၊ ကျိုးပေးသန်သည်

မဂ်ဖိုလ်နိဗ္ဗာန်၊ ရောက်ကြောင်းမှန်တည်း

ဆိုတဲ့ ဆရာစူးထက်ရေးတဲ့ ကဗျာလေးလိုပဲ ရွှေလေးဆူကို ဖူးသင့်တဲ့အကြောင်းလည်း ကြိုတင်ညွှန်းဆိုချင်ပါတယ်။ ရှမ်းမောင်နှမ လေးယောက်ရဲ့ ကောင်းမှုတော်တွေဖြစ်ပြီး ထူးခြားစွာ တစ်ဆူနဲ့ တစ်ဆူဟာ ရှစ်ဖာလုံစီ အကွာအဝေးတူတဲ့အပြင် စတုရန်းပုံစံကျကျ တည်ရှိနေတာဖြစ်ပါတယ်။ ကဲမတ္တရာတစ်ခွင် လည်ကြည့်ကြရအောင်။


မြို့မဈေး
မြို့မဈေးကတော့ မတ္တရာမြို့ လယ်မှာရှိပြီး ဝန်းကျင်က အထူးစည်ကားနေပါတယ်။ စားသောက်ဆိုင်လေးတွေလည်း ပေါများပြီး မိုးကုတ်အသွား တစ်ထောက်နားလို့ ထမင်းစားကြတာလည်း တွေ့ရပါတယ်။ ကွမ်းပေါတဲ့ ဒီအရပ်မှာကွမ်းနဲ့ ကွမ်းထွက်ပစ္စည်းတွေ ကောင်းတာမို့ ရောင်းဝယ်ဖောက်ကားကြတာလည်း တွေ့ကြရဦးမှာပါ။


၂၄ ဆူဘုရား

ကျုံးတွင်းရပ် တပင်ရွှေထီးလမ်းမှာရှိတဲ့ ၂၄ ဆူဘုရားကို ရောက်သွားတော့ ရှေးဟောင်းဘုရားတွေကို ပြန်လည်မွမ်းမံထားတာ တွေ့လိုက်ရ တယ်။ အခြေအနေ ဆိုးနေတာကြောင့်လို့လည်း သိရပါတယ်။ အရင်က ဒီအရပ်ဟာ လူဆိုးပေါတဲ့ အရပ်ဖြစ်ပြီး ရှေးဟောင်း ဘုရားတွေရယ်၊ ချုံနွယ်ပိတ်ပေါင်းတွေရယ်ကြားမှာ ဒုစရိုက်သမားတွေ ကျင်လည်ရာဖြစ်ခဲ့ရာကနေ ခုတော့ ၂၄ ဆူသောဘုရား စေတီတွေနဲ့ ခရီးသွားဘုရားဖူးတို့ လည်ပတ်စရာနေရာတစ်ခု ဖြစ်နေခဲ့ပါပြီ။


ဝိမုတ်တိ ရွှေဂူကြီးကျောင်း

၂၄ ဆူဘုရားနဲ့ မနီးမဝေးလေးမှာပဲတည် ရှိနေပြီးထူးခြားတာက အဲဒီဝင်းကြီးထဲမှာ ရှေးဟောင်းဘုရားတွေ အများအပြားရှိနေ တာပါ။ ခက်တာက လူနေအိမ်လေးတွေ၊ ဘုရားတွေ ကြား တိုးချဲ့ဆောက်ထားကြတာမို့ တစ်မျိုးတော့ ဖြစ်နေပါတယ်။ ဝိမုတ်တိ ရွှေဂူကြီး ကျောင်းဆိုတာ အုတ်ကျောင်းပျက်တစ်ခုပါပဲ။ အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်းလေးနဲ့အတူ ဘုန်းတော်ကြီးတွေရဲ့ စောင့်ရှောက်ထားမှုကြောင့်သာ လူနေအိမ်တွေကြား ရောက်မနေတာလို့ စဉ်းစားမိလိုက်ပါတယ်။ စိတ် ဝင်စားစရာ ရှေးဟောင်းဘုန်းကြီးကျောင်း ပျက်တစ်ခုအနေနဲ့ သွားရောက်လည်ပတ် ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။

 

6+


မြို့ရွှေကျောင်းတိုက်
မြို့ရှေ့ကျောင်းတိုက်လို့လည်း ခေါ်ကြတဲ့ မြို့ရွှေကျောင်းတိုက်ဟာ ၂၄ ဆူဘုရားရဲ့ မျက်စောင်းထိုးလောက်မှာ ရှိပါတယ်။ အမှတ် (၅)၊ ကျုံးတွင်းရပ်မှာပါ။ ရှာရမျက်စိမှောက်တတ်ပါတယ်။ တစ်ခေါက်ရောက်ပြီးသွားရင်တော့ မှတ်မိနေမယ့်နေရာပါ။ အုတ်ကျောင်းတစ်ခုကို ဝင်ဝင်ချင်း မျက်စိတန်းပြီးမြင်ရမှာဖြစ်ပြီး အုတ်ကျောင်းရဲ့ ဘေးမှာတော့ အလဲလဲအပြိုပြို ဖြစ်လုဖြစ်နေ တဲ့ ကုန်းဘောင်ခေတ်က ဘုန်းတော်ကြီးကျောင်းဟောင်းတစ်ခုကို တွေ့ကြရပါမယ်။ ဒီကျောင်းဆောင်ကြီးကတော့ ဓာတ်ပုံသမားတွေအကြိုက် ဖြစ်မှာပါ။ ထိန်းသိမ်းမယ့်သူရှိရင်တော့ ရှေးဟောင်းကျောင်းဆောင်ကြီးကို ဆက်ပြီးထိန်းသိမ်း ရင်းခရီး သွားတွေကို ပြသတာမျိုးလုပ်စေချင်မိပါသေးတယ်။ အုတ်ကျောင်းကြီးကလည်း ထူးခြားတဲ့ ဖွဲ့စည်းပုံနဲ့မို့ သဘောကျစရာဖြစ်ပါဦးမယ်။ ဒီကျောင်းကို လာရတာတန်တယ်လို့ ပြောရ မှာက ကျောင်းဆောင်ဟောင်းကြီးရဲ့ နောက် ဘက်က ရှေးဟောင်းဘုရားစေတီတွေကို တွေ့မြင်ဖူးမြော်ခွင့် ရနိုင်သေးတာပါပဲ။ အမိုးပြိုလဲနေတဲ့ ကျောင်းဆောင်ကြီး တစ်ခုထဲမှာ စကျင်ရုပ်ပွားတော်သုံးဆူရှိတဲ့နေရာနဲ့ ရေကန်ကြီးတွေရှိနေလို့ပဲဖြစ်ပါတယ်။


ရွှေပုထိုးစေတီ
မတ္တရာရဲ့ အထင်ကရ ရွှေလေးဆူဘုရားတွေထဲမှာ ရွှေပုထိုးက ရှမ်းမောင်နှမ လေးယောက်မှာ အကြီးဆုံးသားက တည်ထားတာ ဖြစ်ပါတယ်။ မတ္တရာဟာ စော်ဘွားတွေ အုပ်ချုပ်ခဲ့တာလည်းဖြစ်ပုံရလို့ မိုင်းမော ဟော်နန်းရှင် စော်ဘွားကြီး စဝ်လုံဟုံမိန်းနဲ့ ကြင်ရာတော် မဟာဒေဝီတို့ရဲ့ ညီတော် စောမှော်ဝင်နဲ့ ကြင်ရာတော် စောနန်းဆပ်တို့ကနေ ထွန်းကားတဲ့ သားသမီးလေးဦးဟာ ဘုရားတွေတည်ခဲ့ကြတာပါ။ ရွှေပုထိုးကိုတော့ သားကြီးစောသီဟကတည်ပြီး အမှတ် (၅) နယ်မြေမှာပဲတည်ရှိပါတယ်။ ဘုရားပွဲတော် ရက်ကတော့ နှစ်စဉ် ကဆုန်လပြည့်နေ့ဖြစ်ပြီး နွားလှည်းပြိုင်ပွဲလိုမျိုးတွေ ထည့်သွင်းကျင်းပ လေ့ရှိပါတယ်။


ရွှေဒါလီစေတီ
ရွှေဒါလီဘုရားကတော့ ဒုတိယသား စောသီဟဗလတည်ထားတာပါ။ မန္တလေး - မိုးကုတ် ကားလမ်းဘေးအမှတ် (၅) နယ်မြေရဲ့ ရန်နိုင်စိုးရပ်မှာတည်ရှိပါတယ်။ ဘုရားပွဲကတော့ တော်သလင်းလဆုတ် (၈) ရက်နေ့မှာ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။

(ဆက်လက်ဖော်ပြပါမည်)