နွမ်ဂျာသိုင်း
(၂၀-၁၁-၂၀၂၄ ရက်နေ့မှအဆက်)
ဆရာသည် ကျွန်တော်တို့ မြန်မာစာဌာနမှ ကထိကဆရာတစ်ဦးဖြစ်သည်သာမက ယနေ့ စာပေလောကတွင် နာမည်ရနေသော အောင်မြင်သည့် ဝေဖန်ရေးဆရာကြီးဖြစ်သည်။ ဆရာဝေဖန်ရေးဆိုင်ရာ ပညာပေးဆောင်းပါးများ၊ ဝတ္ထုကဗျာများနှင့်ပတ်သက်သော ဝေဖန်ရေး ဆောင်းပါးများမှာ အတတ်ပညာကုံလုံ၍ နိုင်ငံ၏စရိုက်နှင့် အလွန်နီးစပ်သည်။
“ကျွန်တော်ကတော့ တို့ရှိသည့်အတွက် ပြက္ခဒိန်မှာ နက်ဖြန်ခါ ရက်ရာဇာပဲဖြစ်ရမည်ဆိုတဲ့ အပိုဒ်လေးကို ပိုကြိုက်တယ် ဆရာ”
မြန်မာစာဂျာနယ်တွင် စာတည်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ မဟာဝိဇ္ဇာကျောင်းသား အစ်ကိုကြီး တစ်ယောက်က ဆရာ့စကားကို ဝင်ထောက်ခံသည်။
ဆရာက ရယ်လိုက်ပြီး -
“ငါက ပိုတောင်ကြိုက်သေးတယ်။ ကာရန်ကြောင့်သာ ခက်နေလို့။ ဖြစ်နိုင်ရင်နေ့တိုင်းသာ ရက်ရာဇာလို့တောင် ပြင်ချင်သေးတာ။ နေ့ရက်တိုင်း ဟာ ရက်ရာဇာဆိုရင် ပိုကောင်းမယ် ထွန်းဝေ”
ကျွန်တော်က ရယ်နေလိုက်သည်။ ဆရာက တစ်စုံတစ်ခုကို အမှတ်ရဟန်ဖြင့် ပြောလိုက်သည်။
“ရက်ကောင်းရက်မြတ်ဆိုတဲ့ ရက်ရာဇာရွေးနည်းဟာ ဘုရားအလိုတော်နဲ့ကြည့်ရင် ဒီအတိုင်းပဲကွ။ ငါ ငါးရာ့ငါးဆယ်နိပါတ်တော်မှာ ဖတ်ဖူးတယ်”
“လုပ်ပါဦး ဆရာ၊ ဗဟုသုတအနေနဲ့ကော၊ လိုက်နာစရာအနေနဲ့ကော မှတ်ရတာပေါ့”
ကျွန်တော်က ဆရာ့ထံမှ အသိအမြင်သစ်လေးများ ရလိုသဖြင့် ဆရာ့အား ဝင်တောင်းပန်သည်။ ဆရာက ခေါင်းညိတ်၍ -
“ငါပြောမယ်၊ ငါးရာ့ငါးဆယ် ဧကနိပါတ်ထဲက နက္ခတ္တဇာတ်ဟာ ရက်ကောင်းရွေးနေတာနဲ့ မိန်းမ ရတနာမှ ယုတ်ရတဲ့အကြောင်းဆိုတဲ့ ဇာတ်လေးပဲ”
“တစ်ခါတုန်းက ယောက်ျားလေးတစ်ယောက်ဟာ မိန်းမပျိုတစ်ယောက်ကို တောင်းရမ်းပြီး မင်္ဂလာ ဆောင်ဖို့ ရက်ကန့်သတ်ပြီးမှ သူ့ဆရာဖြစ်တဲ့ အာဇီဝကကို အဲဒီနေ့ နက္ခတ်ကောင်း၊ မကောင်း မေးတယ်။
အာဇီဝက ကလည်း ဒီလူဟာ ငါ့ကိုအရင်မမေးဘဲ သူတို့စိတ်ကြိုက်ရွေးပြီးမှ ငါ့ကိုမေးရမလားဆိုပြီး ဒေါသထွက်တာနဲ့ အဲဒီနေ့မင်္ဂလာဆောင်ရင် နက္ခတ်မကောင်းဘူး။ အဲဒီနေ့ မင်္ဂလာဆောင်ရင် ကြီးစွာသောပျက်စီးခြင်းသို့ ရောက်မယ်ဆိုပြီး ပြောလိုက်တယ်။
အဲဒီယောက်ျားလည်း အာဇီဝက စကားကိုယုံတာနဲ့ နေ့လွှဲသွားမယ်ဆိုပြီး ချိန်းတဲ့နေ့မသွားဘဲ နေလိုက်တယ်။ ဟိုဘက်ကတော့ စောင့်တာပေါ့ကွာ။ နောက်ဆုံးကျတော့ မိန်းကလေးရှင်တွေက ဒီလိုကတိပျက်တဲ့လူနဲ့ ဘယ်ပေးစားနိုင်မှာလဲဆိုပြီး တခြားယောက်ျားပျိုတစ်ယောက်နဲ့ ပေးစားလိုက်တယ်။
နောက်ရက်ကျတော့ စောစောက နေ့လွှဲတဲ့ယောက်ျားလည်း သူ့လူအုပ်နဲ့သူလာတာပေါ့။ ဒီရောက်တော့ ဘာပြောလဲဆိုတော့ မင်းတို့ အရှက်အကြောက်မရှိကြဘူးပေါ့။ ချိန်းပြီးမှ ကတိမတည်ဘဲ။ တို့သမီးကို တခြားလူနဲ့ ပေးစားလိုက်ပြီ၊ ပြန်ပေတော့လို့ ပြောလိုက်တာပေါ့။
ဒီတော့မှ ဒီလူက သူ့ဆရာက နေ့မကောင်းဘူး ဆိုလို့ ရက်ရွေးပြီး လာခဲ့တာဆိုပြီး အငြင်းအခုံဖြစ်ကြ တာပေါ့။
ဒီတော့ အနားက ပညာရှိတစ်ဦးက နက္ခတ်ဆိုတာ အဘယ်အကျိုးရှိသနည်း။ သတို့သမီးကို ရခြင်းသာလျှင် နက္ခတ်ကောင်းမဟုတ်လော။ ထိုသူမိုက်သည် နေ့ကောင်းရက်သာ ရွေးနေသည်နှင့် အမျိုးသမီးမှ ယုတ်လေပြီတကားလို့ ဆိုတယ်တဲ့”
ကျွန်တော်တို့အားလုံး ရယ်လိုက်ကြသည်။ ဆရာက လက်ကာ၍-
“မရယ်နဲ့ကိုယ့်လူ၊ အဲဒါမြတ်စွာဘုရားကိုယ်တိုင် ဇေတဝန်ကျောင်းမှာ ဟောခဲ့တဲ့ဇာတ်။ နက္ခတ္တဇာတ် လို့ ခေါ်တယ်။ အဲဒီဇာတ်တော်ထဲက ပညာရှိတစ်ဦးဆိုတာလည်း ဇာတ်ပေါင်းတော့ ဘုရားဖြစ်တဲ့သူပဲ”
ဆရာ့စကားအဆုံး အနားမှာထိုင်နေသော ပေါ်ဦးက ဝင်၍-
“ဟေ့ကောင် . . . ဘယ်လိုလဲ၊ မင်းကော ရက်ရွေးနေသလား” ကျွန်တော်က ပေါ်ဦးဘက်သို့ မျက်စောင်းထိုး၍ တစ်စုံတစ်ခုကိုပြောမည်အပြု ဦးချစ်ဆိုင်အဝတွင် ခင်လေးနှင့် မဖြူရောက်နေ သည်ကို ဖျတ်ခနဲတွေ့လိုက်သည်။
ကျွန်တော် စကားမစနိုင်တော့ဘဲ ဆတ်ခနဲထရပ်လိုက်၏။ ပေါ်ဦးက လက်ကုတ်လိုက်ပြီး -
“ဟေ့ကောင် . . . ဟိုမှာ ခင်လေးတို့ အရေးကြီးတယ်နဲ့တူတယ်” ဟုဆိုကာ ဆရာတို့ဘက် လှည့်လိုက်ပြီး-
“ဆရာ၊ ကျွန်တော်လည်း အချိန်ရွေးနေလို့ မဖြစ်တော့ဘူး။ ဟိုမှာလာခေါ်နေပြီ၊ ခွင့်ပြုပါဆရာ”
“အေး. . .အေး. . .အချိန်တို့၊ ရက်တို့ ရွေးမနေနဲ့ ကိုကိုရယ်ပေါ့ကွာ”
ကျွန်တော်တို့ ထွက်လာခဲ့ကြစဉ် နောက်ဘက်မှ ရယ်သံများလှိုင်ကျန်နေခဲ့၏။
* * * * *
“ဘယ်လို ခင်လေး၊ ပြန်ပြောစမ်းပါဦး”
ခင်လေးဆီမှ မမျှော်လင့်ဘဲ ကြားလိုက်ရသော စကားသံကြောင့် ကျွန်တော့်ရင်ထဲ ထိတ်ခနဲဖြစ်သွား သည်။ ခင်လေးကိုလည်း ပြန်ပြောခိုင်းရ၏။
“ဪ ... ကိုကိုကလည်း၊ ခင်လေးတို့ သိပ်ကြာကြာဆိုင်းလို့မဖြစ်တော့ဘူး။ ကိုကိုလတ် မိဘတွေလည်း ရောက်နေကြတယ်။ ဖိတ်စာတွေ ဘာတွေရိုက်ဖို့၊ သတင်းစာထဲတွေ ဘာတွေထည့်ဖို့ လုပ်နေ ကြပြီလို့ပြောတာ”
သူ့စကားအဆုံး ပေါ်ဦးနှင့် မဖြူက ကျွန်တော့်ကို အကဲခတ်သလို လှမ်းကြည့်သည်။ ကျွန်တော်က တစ်ယောက်စီလှမ်းကြည့်ရင်း-
“ဟာ . . . ဒါဆိုမဖြစ်တော့ဘူး။ ကိုယ်တို့ မြန်မြန်လစ်မှဖြစ်တော့မယ်ခင်လေး။ တော်ကြာ လူသိရှင်ကြားဖြစ်ပြီးမှဆို အန္တရာယ်လည်းများတယ်။ လူကြီးတွေလည်း အရမ်းမျက်နှာပျက် ကုန်မယ်။ ဘယ်နေ့လောက် သူတို့စမယ်တဲ့လဲ”
ခင်လေးက မျက်နက်လေး အပေါ်ကပ်၍ -
“ရှေ့အပတ်ထဲမှာ ဖိတ်စာဝေမယ်ထင်တယ်။ အင်္ဂါနေ့ ဖိတ်စာရမယ်ပြောတယ်”
ရင်ထဲ လှိုက်ခနဲမောသွား၏။ ပေါ်ဦးနှင့် မဖြူကမူ တစ်ခွန်းမှဝင်မပြောဘဲ ရပ်သာကြည့်နေတော့ သည်။ ကျွန်တော်က -
“ဒါဆိုရင်တော့ တနင်္လာနေ့လောက် ကိုယ်တို့လစ်တော့မယ်။ ခုကတည်းက စီစဉ်စရာရှိတာတွေ စီစဉ်လိုက်တော့မယ် ခင်လေး။ ခင်လေးလည်း အဆင်သင့်လုပ်လိုက်တော့၊ သိပ်စဉ်းစားမနေနဲ့တော့”
ခင်လေးမျက်နှာတွင် စိုးရိမ်ပူပန်ရိပ်လေးပေါ်လာသည်။ လေသံတုန်တုန်ယင်ယင်ဖြင့် ပြောပြန်သည်။
“ဖြစ်ပါ့မလား ကိုကိုရယ်”
“ဖြစ်တယ် ခင်လေး၊ ဘာလို့မဖြစ်ရမှာလဲ။ ကိုယ်အားလုံးဖြစ်အောင်လုပ်မယ်”
ထိုအခါမှ မဖြူဆီမှ စကားသံကြားရသည်။
“ဟုတ်သားပဲ ခင်လေး၊ ခုချိန်မှာတော့ ဘာမှ မစဉ်းစားနဲ့တော့။ တို့လည်းရှိတာပဲ၊ အားလုံးဝိုင်းပြီး ဖြစ်အောင်လုပ်ရင် ဖြစ်ပါတယ်”
ပေါ်ဦးကလည်း ဝင်ပြောသည်။
“ဟုတ်တယ် ခင်လေး၊ အစ်ကိုတို့လည်း ဝိုင်းကူညီမယ်။ ဘာမှပူမနေနဲ့၊ ဒီလောက်ချစ်တဲ့ ချစ်သူနှစ်ယောက်က ဒီအတိုင်းတော့ အကွဲမခံနိုင်ဘူး။ ရအောင်ခိုး၊ ဖြစ်အောင်စီစဉ်မယ်”
ခင်လေး အကြည့်သည် မဖြူဆီ ရောက်သွား၏။ ထိုမှ ပေါ်ဦးဆီ၊ ထို့နောက် ကျွန်တော့်ဆီ။
“ဒါဖြင့် ကိုကို ဘယ်နေ့ခိုးမလဲ”
ကျွန်တော့်စိတ်ထဲတွင် ယတိပြတ်ဆုံးဖြတ် လိုက်ပြီး -
“တနင်္လာနေ့ခိုးမယ် ခင်လေး။ မနက်ဖြန် ကိုယ်ရွာခဏပြန်မယ်။ အမေ့ကို အသိပေးရုံပေးမယ်။ တနင်္ဂနွေနေ့ ပြန်လာမယ်။ ဆရာ ဦးမြင့်မောင်ဆီဝင်ပြောပြီး တနင်္လာနေ့အတွက် အားလုံးစီစဉ်လိုက် မယ်။ ခင်လေး ဘာမှမစိုးရိမ်နဲ့”
ခင်လေးက လှုပ်ရှားနေသောစိတ်ကို တည်ငြိမ်သွားစေရန်ထင်သည်။ ကျွန်တော့်လက်ကို လှမ်းဆုပ် ထားလိုက်ရင်း-
“ခင်လေး ဘာလုပ်ထားရမလဲ”
ကျွန်တော် ခဏစဉ်းစားလိုက်သည်။
“ဒီလိုလုပ်၊ မနက်ဖြန်မနက်မှာ ခင်လေးနဲ့ကိုယ်တွေ့မယ်။ ကိုယ် အစီအစဉ်အသေးစိတ် ထပ်ပြောမယ်။ အကြမ်းဖျင်းကတော့ တနင်္လာနေ့မတိုင်ခင်မှာ ခင်လေးသယ်စရာပြုစရာတွေ အနည်းအကျဉ်းကို မဖြူဆီပို့ထား။ တနင်္လာနေ့ကျတော့ ခါတိုင်းကျောင်းလာသလိုပဲလာ၊ ကျောင်းကနေလစ်မယ်”
“အဲဒါ ကောင်းတယ် ခင်လေး။ မနက်ဖြန်မှာ အဝတ်အစားတချို့ကို တိတ်တိတ်ယူလာခဲ့။ မဖြူ အိမ်မှာသယ်ထားပေးမယ်”
ကျွန်တော်က ဖျတ်ခနဲဝင်၍ -
“အဆောင်မှာထားလည်း ရသားပဲ”
မဖြူက ကျွန်တော့်အကြံကို သဘောတူကြောင်း ခေါင်းညိတ်ပြ၍-
“ဟုတ်သားပဲ၊ ကိုထွန်းဝေ ရွာပြန်ပေမယ့် မောင်ရှိတာပဲ။ မောင် သိမ်းထားပေး”
ပေါ်ဦးက ရယ်၍ -
“ကောင်းသဗျာ၊ မောင်ကိုယ်တိုင် နှမလင်နောက်လိုက်ဖို့ ထဘီထုပ်ထမ်းပေးပါ့မယ်”
ရယ်တော့ ရယ်ကြသည်၊ လွတ်လပ်စွာတော့မဟုတ်။ ရယ်သံလေးများမှာ တစ်ခုခုငြိနေသည်။
“ကဲ . . . ဒါဖြင့် ဒီအတိုင်းပဲ အိုကေနော်”
“အင်း”
ခင်လေးက ခေါင်းညိတ်သည်။
“ကဲ . . . ဒါဖြင့်သွားမယ် ခင်လေး။ တော်ကြာကားရောက်ရင် ခင်လေးကိုမတွေ့လို့ ကျောင်းထဲ လိုက်ရှာတာနဲ့တိုးနေရင် ဒုက္ခများမယ်။ ကဲ . . . သွား ကိုထွန်းဝေ၊ မောင်ကော”
ကျွန်တော်တို့နှစ်ယောက် ပြိုင်တူခေါင်းညိတ်သည်။
ကျွန်တော့်ရင်ထဲမှာ တလှပ်လှပ်ခုန်နေ၏။
“ကိုကို . . . ခင်လေး သွားမယ်နော်”
ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။
ခင်လေးတို့ ထွက်သွားသောအခါ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ပေါ်ဦးက ပြုံးလိုက်ပြီး-
“ကဲ . . . မခင်လေးကို ခိုးမယ်လို့တော့ ကြံလိုက်ပြီ။ လာ ငါတို့နှစ်ယောက်လည်း အဆောင်မှာရှိနေတဲ့ လူဆိုးတွေနဲ့ သွားတိုင်ပင်စို့”
ကျွန်တော် ပြုံး၍ ခေါင်းညိတ်ပြရပြန်သည်။
ဪ . . . ရင်ခုန်ရလွန်းသည့် အပျော်လေး များပင်။
* * * * *
“မမလေးကို သည်မောင်ခိုးမယ်လို့
လူဆိုးတွေနဲ့ မောင်တိုင်ပင်၊
မြင်းကိုယ်စီပြင်၊
လထွက်စကလေးရယ်တဲ့၊ မြင်းပေါ်တင်”
စန်းလွင်က ထုံးစံအတိုင်း ထောင့်တစ်ထောင့်တွင် အသာခွေထိုင်ရင်း သီချင်းအော်ဆိုနေ၏။
(ဆက်လက်ဖော်ပြပါမည်)