နွမ်ဂျာသိုင်း
(၂၉-၁၁-၂၀၂၄ ရက်နေ့မှအဆက်)
အင်း . . . ကျူရှင်ဆိုမှ သတိရသည်။ မတ်လသည် ကျောင်းသားများ စာမေးပွဲရာသီ။ သည်ရက်များမှာ ကလေးတွေ စာမေးပွဲမပြီးသေးလျှင် ကျွန်တော် တစ်နေရာရာထွက်သွား၍ ဖြစ်မှဖြစ်ပါ့မလား။ ဘာပဲဖြစ်ဖြစ် မိန်းမခိုးပြီဆို အနည်းဆုံး တစ်ပတ်၊ နှစ်ပတ်။ ထားပါလေ၊ တစ်ပတ်ပဲတွက်ပါဦး။ ဖြစ်ပါ့မလား၊ ကလေးတွေများ ကသီလင်တဖြစ်များဖြစ်ကုန်မလား။
အေးလေ ... ထားပါတော့၊ ဒါကတော့ ဆရာဦးမြင့်မောင်နှင့် ညှိယူကြည့်ပေါ့။ တစ်ခုခုတော့ ဖြစ်အောင် စီစဉ်ရမှာပဲပေါ့။ ဖြစ်ချင်တာတွေ ဖြစ်ချင်သလောက် မဖြစ်ရင် ဖြစ်နိုင်သလောက်တော့ ဖြစ်ရပေမပေါ့။
“ယောက်ျားပဲကွာ၊ မင်းမှာရှိတဲ့ လုံ့လတွေ၊ ဝီရိယတွေ၊ ဇွဲတွေ၊ သတ္တိတွေ ဘယ်သွားထားပစ်မလဲ။ ဆရာတစ်ယောက် ပြောဖူးသလိုပေါ့၊ ရွက်မရှိရင် တက်နဲ့လှော်မယ်။ တက်မရှိလည်း လက်နဲ့လှော်ရမှာပေါ့။ အလကား ရေနစ် ရေစုန်မျောတာတော့ ဘယ်ခံနိုင်မလဲ။ မင်းဆိုဆို နေတဲ့ “ကိုယ်ထူးကိုယ်ချွန်”ဆိုတဲ့ သီချင်းလေးလည်း အားနာပါဦး”
ကိုယ်တွင်းမှ ဒုတိယအသံသည် ကျွန်တော့်ကို ပြတ်ပြတ်သားသား ဝင်ပြော၏။ စဉ်းစားမိသလောက် ပြဿနာတွေ ကုန်ပြီထင်လိုက်သည်။
အို . . . ဘာပဲတွေ့တွေ့ပေါ့၊ ရအောင်ရင်ဆိုင်မယ်၊ ရအောင်အနိုင် ယူမယ်။ ပြဿနာရှိသေးရင်လည်း ဖွတ်ကျားပြဿနာပဲ ကျန်တော့မှာ ဟု တွေးသည်။
ကျွန်တော့်မှာ ကျွန်တော်ဆိုတဲ့ ယောက်ျားတစ်ယောက်လည်းရှိပြီ။ ကျွန်တော့်ကို သိပ်ချစ်၊ သိပ်အားကိုးတဲ့ ချစ်သူတစ်ယောက်လည်း ရှိပြီ။ ကျွန်တော့်ကို ခင်မင်ယုံကြည်ပြီး ကျွန်တော့်ကို အဆမတန် ကူညီကြတဲ့ သူငယ်ချင်းတွေလည်းရှိပြီ။ ပြီးတော့လူငယ်တွေရဲ့အချစ်ကို နားလည်ပြီး ကိုယ်ချင်းစာတတ်တဲ့ အမေလည်းရှိပြီ။ ဘာလိုသေးသနည်း။ အောင်ပွဲသည် ရှေ့မှာ ရောက်နေပြီကော။ အတွေးနှင့်အတူ တစ်ခါက ခေတ်သုံးခေတ် အငြိမ့်သဘင်ကတုန်းက ပေါ်ဦးပြက်ခဲ့သည့် ပြက်လုံးလေးကို မဆီမဆိုင် တွေးလိုက်မိသည်။
“သာအောင်ကွာ၊ သာမောင်ကွာ၊ ပြီးတော့ ငါပါသေး။ ဒါမှ မကောင်းဘူးဆိုရင်လည်း ဘာမှမတတ်နိုင်တော့ဘူး” ဟူ၍ . . .။
ကိုယ့်အတွေးနှင့်ကိုယ် ပြုံးလိုက်မိသည်။ ထိုင်နေရာမှ ညောင်းလာသဖြင့် ထရပ်လိုက်သည်။ နွေအကူး လေအေးကို တစ်ဝရှူသွင်းလိုက်၏။ ရင်ထဲတွင် အားမာန်သစ်များ ပြည့်လာသလို ခံစားလိုက်ရသည်။ ရင်သည် ထူမတ်လာ၏။ ဈေးနား ရဲစခန်းမှ သံချောင်းခေါက်သံ ဆယ့်တစ်ချက် ပေါ်ထွက်လာ၏။ တက်လာသောလမင်းကို ရွှင်လန်းတက်ကြွစွာ ကြည့်လိုက်မိသည်။ လမင်းသည် ပြုံး၍ကြည့်နေ၏။
ရင်ထဲတွင် လန်းဆန်းလာသဖြင့် စိတ်လက်ပေါ့ပါးသည်။ နောက်တစ်နေ့မနက်ကို ခရီးပြန်ထွက်ရဦးမည် ဖြစ်ရာ အိပ်ဖို့သင့်ပြီဟု တွေး၍ အိမ်ရှေ့ ရေကပြင်ပေါ်သို့ ခြေလှမ်းတက်လိုက်သည်။ တက်လိုက်သော ခြေလှမ်းနှင့်အတူ ကျွန်တော် နှစ်သက်စွဲလမ်းခဲ့သော ဆရာ ဓနုဖြူကျော်ထွန်း၏ “တိုက်ပွဲပျော်” ကဗျာထဲမှ နောက် ဆုံးပိုဒ်လေးကို အားရပါးရ ရွတ်လိုက်၏။
“ရှေ့ကဆီး၍ ခရီးလမ်းထဲ
သစ်ပင်လှဲမလား။
ရှေ့ကကန့်၍ အဟန့်အတား
ဆူးတွေထားမလား။
ယောကျ်ားဟေ့နော်
တိုက်ပွဲပျော်
ကျွန်တော် တိုက်ရင်းတက်မှာပဲ။
ခေါင်းကို မော့ပစ်လိုက်၏။
နက်ဖြန်တိုင်းဟာ ရက်ရာဇာသာတကား”
*****
နိဂုံးပိုင်း
ကံ့ကော်ရွက်ရေ
(၁)
တနင်္ဂနွေနေ့ နံနက် (၈)နာရီ။
အပြန်တွင် ဆရာဦးမြင့်မောင်ထံ ဝင်ရဦးမည်ဖြစ်သဖြင့် ရွာမှ ခပ်စောစော ထွက်ခဲ့သည်။ ကားပေါ်တွင် အမေ့စကားသံများ တရစ်ဝဲဝဲ ကြားယောင်နေမိသည်။ အမေသည် ကျွန်တော့်ကို ကားထွက်သည်အထိ မဟန့်။
“သား ယောက်ျားနော်၊ ဖြစ်ချင်တာရှိရင် ဖြစ်အောင်လုပ်၊ အမှား သာမလုပ်မိစေနဲ့။
ပြီးတော့ ဖြစ်ချင်တာတွေ ဖြစ်မလာရင်လည်း စိတ်မလျှော့နဲ့၊ အားမငယ်နဲ့။ လူဆိုတာ အစမှာ ဘယ်တော့မှ လိုချင်သလိုဖြစ်မလာဘူး၊ အခက်အခဲမျိုးစုံတွေ့ရမှာပဲ။ သားဒါတွေကိုကျော်နိုင်ပါ။ ပြီးတော့ လောကဓံကို ခံနိုင်ပါ။ ကံကိုယုံပါ။ ဉာဏ်နဲ့ဝီရိယကို အမြဲယှဉ်သုံးပါ။ လောကမှာ ကိုယ်ဖြစ်ချင်သလိုတော့ ဘယ်တော့မှ မဖြစ်ဘူးသား။ ဒါပေမဲ့ ကိုယ်လုပ်ရမယ့်အလုပ်ကိုတော့ လုပ်ကိုလုပ်ရမှာပဲ”
ကျွန်တော့်နားထဲတွင် ခင်လေးကိုပြောခဲ့သည့် စကားများကို ပြေးသတိရလိုက်သည်။
“နှစ်ယောက်စလုံး ကျောင်းဆက်တက်နိုင်ရင် မကောင်းဘူးလား ခင်လေး”
တစ်ဆက်တည်းမှာပင် ခင်လေး၏ စကားတစ်ခွန်းကိုလည်း အမှတ်ရသည်။
“ခင်လေးကြောင့် ကိုကို့ ပညာရေးကို မထိခိုက်ပါစေနဲ့ ကိုကိုရယ်”
ရင်ထဲကလည်း တိုးတိုးလေး ပြန်ပြောမိ၏။
“ကိုကို့ ပညာရေးလည်း မထိခိုက်စေရဘူး။ ခင်လေးလည်း မထိခိုက်စေရဘူး ခင်လေး။ ကိုယ်ယောက်ျားပါ၊ ကိုယ်ကြိုးစားပါ့မယ်။ လောကမှာ လူမတတ်နိုင်တဲ့အရာမရှိသေးပါဘူး”
ရင်ထဲ ကျေနပ်သွား၏။ တက်ကြွသောစိတ်ဖြင့် ပြန်လာသော ကျွန်တော့်မှာ လုပ်စရာအလုပ်တစ်ခုသာ ကျန်တော့၏။ ဦးမြင့်မောင်နှင့်တိုင်ပင်ပြီး ကလေးများ ကျောင်းစာမေးပွဲတွင် မထိခိုက်စေဘဲ ကျွန်တော် မည်သို့လှုပ်ရှား ရမည်ကို ညှိရန်သာ။
*****
(၂)
တနင်္ဂနွေနေ့ နံနက် (၁၁)နာရီ။ ဆရာဦးမြင့်မောင်ထံမှ ကြားလိုက်ရသောစကားကြောင့် ရင်ထဲ မောခနဲဖြစ်သွား၏။
“ဆရာ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်နေတော့ ကျွန်တော်လည်း ပြောရခက်တယ်ဆရာ။ ဒါပေမဲ့ ဒီအချိန်ဟာ ကလေးတွေအတွက် အရမ်းအရေးကြီးနေတဲ့အချိန်ပဲ”
ကျွန်တော် သက်ပြင်းချလိုက်မိသည်။ ကျွန်တော့်မျက်လုံးထဲတွင် ကလေးများ၏ မျှော်လင့်တက်ကြွနေသော မျက်နှာကို မြင်လာ၏။ ဘာလုပ်ရမည်နည်း။ ဘာလုပ်ရမည်နည်းဆိုသောအတွေးများ ရင်တွင်း၌ ပဲ့တင်ထပ်လျက်......။
“ဆရာက ဘယ်ရက်လောက်မှန်းထားလဲ”
ကျွန်တော်ခေါင်းခါရင်း-
“ဒါတော့ ကျွန်တော် တိတိကျကျပြောလို့မရသေးဘူးဆရာ။ ကျွန်တော်တို့ကျောင်းမပိတ်ခင်တော့ ဖြစ်မှာအမှန်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းပိတ်သွားရင် ကျွန်တော်ဘာလုပ်လို့ လုပ်ရမယ်မှန်းသိမှာ မဟုတ်တော့ဘူး”
ဆရာက စားပွဲကိုလက်ဖြင့် တတောက်တောက်ခေါက်ရင်း စဉ်းစားသည်။ ကျွန်တော့်ခေါင်းထဲတွင် အကြံတစ်ခုပေါ်လာ၍-
“အဲဒီရက်ထဲမှာ ကျွန်တော်တစ်ယောက်ယောက်ကို အစားထိုး ထားလို့ မရဘူးလားဆရာ”
ဆရာဦးမြင့်မောင်က ခေါင်းညိတ်၍-
“ကျွန်တော်လည်း ဒါကိုပဲစဉ်းစားတာပဲ ကိုထွန်းဝေ။ ဆရာ ကိုထွန်းဝေက ဘယ်နှရက်လောက် ရှောင်တိမ်းနေမှာမို့လဲ”
ရှောင်တိမ်းဆိုသောစကားသည် သူကအလှပဆုံးစကားလုံးဖြင့် ရွေးချယ်ပြောလိုက်သော်လည်း ကျွန်တော့်ရင်ထဲတွင် နင့်ခနဲဖြစ်သွား၏။ သို့သော် တခြားစကားရွေးချယ်သုံးစရာလည်းမရှိ၊ မှန်လည်း မှန်နေသည်။ ထို့ကြောင့် စကားလုံးထက် သူ့အမေးကို အမြန်ဆုံးဖြေနိုင်ရန် တွက်ချက်မှုလေးတစ်ခု ကပျာကယာပြုလုပ်ရသည်။
“အလွန်ဆုံး တစ်ပတ်ပေါ့ ဆရာ”
“ဟုတ်ပါ့မလား ဆရာ၊ တကယ်လို့ ဟိုဘက်ကမိဘတွေက အပူတပြင်းပြဿနာလိုက်ရှာရင် ဘယ့်နှယ်လုပ်မလဲ”
သူ့မေးခွန်းသည် ကျွန်တော်ကြိုမစဉ်းစားထားသောကိစ္စများဖြစ်သဖြင့် ကျွန်တော့်ဆီမှ အဖြေစကားသည် ရုတ်ခြည်းမတုံ့ပြန်နိုင်။ ခေါင်းထဲတွင် ဖျတ်ခနဲပေါ်လာသောအဖြေကိုသာပေးမိ၏။
“ကျွန်တော်တို့ ချက်ချင်းလက်မှတ်ထိုးလိုက်မှာပဲ ဆရာ။ သူတို့ ဘာလုပ်လို့ရမှာမို့လဲ”
ဆရာဦးမြင့်မောင် ပွင့်ပွင့်လင်းလင်းရယ်သည်။ အရယ်ရပ်၍ ပြောသောစကားတွင်မူ အားနာသံပါနေ၏။
“ကျွန်တော်ရယ်တာကို စိတ်မဆိုးနဲ့နော်။ ဆရာကလေးတွက် တွက်သလိုများ ဖြစ်နေမလားလို့။ မိန်းမခိုးတယ်ဆိုတဲ့ကိစ္စမှာ နှစ်ယောက်လက်မှတ်ထိုးပြီးရုံနဲ့ စိတ်ချရပြီလို့ ပြောနိုင်ပါ့မလား”
ကျွန်တော် စဉ်းစားတွေးနေဆဲ သူဆက်ပြောပြန်သည်။
“ကျွန်တော်ပြောတာ ဆရာ စိတ်ဓာတ်ကျအောင်ပြောတာ မဟုတ်ပါဘူးနော်။ ဒါမျိုးဆိုတာ ကိုယ့်ဘက်က ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်မှ။ တစ်ယောက်နဲ့တစ်ယောက် ရုံးတက်လက်ထပ်ပြီးမှ မယ်တစ်မြို့ မောင်တစ်ရွာတွေ တစ်ပုံကြီး။ အဝေးကြီးသွားမကြည့်နဲ့၊ ကျွန်တော် တို့လင်မယားကိုပဲကြည့်”
စားပွဲမျက်နှာပြင်ပေါ် ရောက်နေသောအကြည့်သည် သူ့ထံချက်ချင်းကူးသွား၏။ ကျွန်တော့်အဖို့ လောကကြီးတွင် တွေ့သမျှအရာ အားလုံး ထူးဆန်းနေပြီလားမဆိုနိုင်။ သူက ခနဲ့တတ်သောအပြုံးကို ပြုံးရင်း ဆက်ပြောသည်။
“ကျွန်တော်လည်း ဆရာကိုထွန်းဝေလိုအဖြစ်မျိုးနဲ့ ကြုံပြီးရအောင် ခိုးခဲ့တာပဲ ဆရာ။ ဒါပေမဲ့ လက်မှတ်ထိုးပြီး ပထမ မင်္ဂလာဦးညနဲ့ ဒုတိယမင်္ဂလာဦးညကြားမှာ သုံးနှစ်လောက်ကြာခဲ့တယ်။ ကျွန်တော် ဘယ်လိုက်လို့ လိုက်ရှာရမှန်းမသိတဲ့အချိန်မှာ ကျွန်တော့်အမျိုးသမီးက ကျွန်တော်နဲ့ မိုင်တစ်ထောင်နီးပါးဝေးတဲ့အရပ်မှာ မျက်ရည်ကျရုံ ကလွဲပြီး ဘာမှမလုပ်တတ်ဖြစ်နေခဲ့တယ်”
သူ့အဖြစ်က ကျွန်တော်တွေးလိုက်သည်ထက်ပင် နည်းနည်းပိုနေသေး၏။ ကျွန်တော့်မှာ ပြောစရာတစ်ခုသာ ရှိတော့သည်။
“ကျွန်တော် ကလေးတွေကို သံယောဇဉ်ကြီးပါတယ် ဆရာ။ ကျွန်တော်မျှော်မှန်းတဲ့ အချိန်အတောအတွင်းမှာ ကျွန်တော့်ကိစ္စမပြီးရင် ကျွန်တော့်ကိစ္စထက် ကလေးတွေကိစ္စကို အရင်လာလုပ်ပါ့မယ်။ ကလေးတွေ စာမေးပွဲကလည်း လိုတော့တာမှမဟုတ်ဘဲ”
(ဆက်လက်ဖော်ပြပါမည်)