နွမ်ဂျာသိုင်း

 

(၂-၁၂-၂၀၂၄ ရက်နေ့မှအဆက်)

 

ဦးမြင့်မောင်က ပြုံး၍ ကျွန်တော့်ကိုကြည့်ရင်း–

 

“ဆရာ့စိတ်ဓာတ်ကို ကျွန်တော်သဘောပေါက် ပါတယ်ဆရာ။ ကျွန်တော်လည်း ဆရာ့နေရာမှာ နေရင်တော့ ဆရာ့လိုပဲလုပ်ရမှာပဲ။ တစ်ခုတော့ရှိတယ် ဆရာရေ၊ လုပ်မယ်ဆိုရင်တော့ စောစောသာလုပ်။ နည်းနည်းစောရင် ဆရာ့အတွက် နည်းနည်းပိုအဆင်ပြေမှာပဲ။ ပြီးတော့ ကျွန်တော် ဘာကူညီရ မလဲပြော”

 

“ဟာ . . . ရပါတယ် ဆရာ၊ အခုလို အဆင်ပြေအောင် ကြံဖန်စီစဉ်ပေးမယ်ဆိုတာလည်း ကျေးဇူးတင်ပါတယ်”

 

ဆရာ့ကို နှုတ်ဆက်၍ ပြန်လာချိန်တွင် ကျွန်တော့်ခန္ဓာကိုယ်သည် တိမ်ပေါ်၌ လမ်းလျှောက် နေရသကဲ့သို့ ဖြစ်နေ၏။မနက်ဖြန် ခင်လေးကို ပြောစရာစကားတွေ အများကြီးဖြစ် နေပါပကော။

*****

 

(၃)

တနင်္ဂနွေနေ့ နေ့လယ် (၂)နာရီ။

 

“နွေဦး . . . လေရူးတွေလည်းမြူးပြီလေ . . . ကံ့ကော်တွေလည်းဖူးလို့နေ . . . သစ်ရွက်တွေ မြေမှာ လူးကာ . . . ဥသြငှက်တွေတွေ့တော့ ချစ်ရက်တွေ ရှည် . . .”

 

ရာမညဆောင် ရှေ့တံခါးဝမှ ဝင်လိုက်သောအခါ အမရဆောင်ရှေ့ဘက် ပိတောက်ပင်ကြီးဆီမှ ဥသြ ငှက်သံကို ကြားရပြန်သည်။ သည်နှစ်နွေဦးသည် အရောက်စောသည်ထင်မိ၏။

 

စိတ်ထဲတွင် ရွှင်သောစိတ်ကြောင့် တွံတေးသိန်းတန်၏ “ချစ်ရက်ရှည်ရှည် အင်းလျားမြေ” သီချင်း တစ်ပိုင်းတစ်စလေးကို ခပ်တိုးတိုးဆိုနေမိသည်။ သို့သော် ဆက်ဆိုရမည့် အပိုဒ်လေးကိုမူ နှုတ်သည် တုံ့ခနဲဖြစ်သွား၏။ ဆက်ရမည့်နေရာက -

 

“သည်အခါ သည်သမယ ခွဲကြရမယ့်အခြေ . . အချိန်တန် အိမ်ပြန်ရပေမယ့် . . . ကိုယ့်လိပ်ပြာက မင်းရဲ့ထံမှာနေ . . . အင်းလျားကိုလည်း မမေ့နိုင်ပေ...” တဲ့။

 

ကျွန်တော် မဆိုချင်ပါ။ ခုလို မင်္ဂလာယူနေသောအချိန်တွင် ကျွန်တော်နိမိတ်မရှိနမာမရှိ စကားလုံးများ မသုံးချင်ပါ။ တက္ကသိုလ်မှ ကံ့ကော်ရွက်လေးများသည် အလွမ်းကိုကြိုသော ကံ့ကော်ရွက်ရေမဖြစ်ချင်ပါ။ အချစ်ကိုဖွဲ့သော၊ အပျော်ကိုကြိုသော ကံ့ကော်ရွက် ရေသာဖြစ်ချင်ပါ၏။ ကံ့ကော်ရွက်ရေဆိုသော စကား လုံးလေးကို အထပ်ထပ်ရွတ်ကြည့်နေမိသည်။ သည်စကားက ခင်လေးဆီမှ ကြားရသော စကား၊ အလှပဆုံးစကားလေးပင်။

*****

 

ကံ့ကော် စပွင့်သောနေ့က အဖြစ်ကလေးကို သတိရမိ၏။

ထိုနေ့က ခင်လေးတို့ လက်တွေ့လုပ်ရသည့်နေ့။ ခင်လေးက အိမ်ကို ညာတာပါတေးလုပ်၍ ကျောင်းကို စောစောလာသည်။ ကျွန်တော်တို့နှစ်ယောက်က သိပ္ပံခန်းမ ဆင်ဝင်အောက်မှ ဗဟိုစာကြည့်တိုက်ဘက်သို့ လျှောက်လာခဲ့ကြသည်။

 

ဗဟိုစာကြည့်တိုက်ရှေ့ရောက်သောအခါ ခင်လေး က အလန့်တကြား ပြောသည်။

 

“ဟယ် . . . ဟိုမှာ ကံ့ကော်တွေ ကိုကို”

 

ကျွန်တော် အပေါ်သို့ လှမ်းကြည့်သည်။ အပင်များပေါ်တွင် ကံ့ကော်တစ်ပွင့်တလေမျှမရှိတော့။ တချို့နေရာတွင် အဖူးလေးများသာရှိသည်။

 

“ဘယ်မှာလဲ ခင်လေးရဲ့”

 

ကျွန်တော် ယောင်ချာချာဖြစ်နေခြင်းကို ခင်လေး က အားမလိုအားမရဟန်ဖြင့် ကျွန်တော့်လက်မောင်း အင်္ကျီစကိုဆွဲရင်း –

 

“ဪ . . . ကိုကိုကလည်း တလွဲတွေ လျှောက်ကြည့်နေတယ်၊ ဟိုမှာ”

 

သူပြသည့်နေရာက ကျွန်တော်ကြည့်သည့်နေရာနှင့် ဖီလာ။ ကျွန်တော်ကြည့်သည့်နေရာက ကျွန်တော်တို့၏ အနောက်အရပ် ကံ့ကော်ပင်ပေါ်၊ အမြင့်။ သူပြသည့်နေရာက အရှေ့အရပ်၊ တက္ကသိုလ် စာကြည့်တိုက် လှေကားဘေး အုတ်ခုံပေါ်မှ ဗန်းကလေးနှင့် ထည့်ရောင်းနေသော ကံ့ကော်ပွင့်များ၊ အနိမ့်။

 

“ဝယ်ရအောင်”

 

ခင်လေးက ကံ့ကော်ပွင့်များကိုကြည့်ရင်း ကလေး တစ်ယောက်လို မြူးထူးနေသည်။

 

“လာ ကိုယ်ဝယ်ပေးမယ်”

 

ကျွန်တော်က စာကြည့်တိုက်ဘက် ခြေလှမ်းလိုက်ရင်း ဗန်းထဲမှ ကံ့ကော်ပွင့်လေးတစ်ပွင့်ကို ယူ၍–

 

“ဘယ်လောက်လဲ ညီမ”

 

“တစ်မတ်”

 

အင့်ခနဲတော့ဖြစ်သွား၏။ သို့သော် တန်ပါသည်။ ကံ့ကော်ဦးမဟုတ်လား။ ပြီးတော့ ခင်လေးဖို့ဝယ်ရ မည့်ပန်း။ ခင်လေးက ဘာမှမပြောဘဲ ကျွန်တော့်လှုပ်ရှားမှုကိုသာ အကဲခတ်သလို ပြုံးကြည့်နေသည်။

 

“နှစ်ပွင့်ယူမယ် ညီမ၊ ရော့ . . ကျပ်တန်အမ်း”

 

“ဘာလုပ်ဖို့ နှစ်ပွင့်လဲ ကိုကို၊ တစ်ပွင့်ကဘယ်သူ့ ဖို့လဲ”

 

ဖျတ်ခနဲ ဝင်မေးလိုက်သော ခင်လေးစကားကြောင့် ကျွန်တော်သူ့ကို စောင်းကြည့်ရင်း -

 

“ဘယ်သူ့ဖို့ရှိရမလဲ ခင်လေးရဲ့၊ ခင်လေးဖို့ ချည်းပေါ့ ”

 

“ဟင့်အင်း . . ဒါဖြင့် တစ်ပွင့်တည်းပဲဝယ်၊ ခင်လေး ဘယ်တော့မှ ပန်းနှစ်ပွင့်မပန်ဘူး”

 

ကျွန်တော် ရယ်လိုက်သည်။ လက်ထဲမှ ဒုတိယ အပွင့်ကို ပြန်ချလိုက်ရင်း –

 

“ကဲ . . . ညီမရေ တစ်ပွင့်ပဲတဲ့”

 

ကလေးမလေးကလည်း သဘောကျသလို ရယ်ရင်းသုံးမတ် ပြန်အမ်းသည်။

 

ပန်းပွင့်လေးယူပြီးသောအခါ ကျွန်တော်တို့နှစ်ယောက် ကံ့ကော်တောဘက် လျှောက်ခဲ့ကြသည်။ စောသေးသဖြင့် ကံ့ကော်တောတွင် လူရှင်းနေသည်။ မြူနှင်းပွင့်များ အနည်းအပါးနှင့် ကံ့ကော်ပန်းရနံ့ လေးများအပြင် ခုံတန်းလျားဗလာလေးများသာရှိ၏။

 

“ကိုယ် ပန်ပေးမယ်လေ”

 

ခင်လေးပါးပြင်တွင် ပါးချိုင့်လေးခွက်သွား၏။ ကျွန်တော့်ဘက်ကိုလည်း ခေါင်းငဲ့ပေးရင်း ကလစ် လေးတစ်ချောင်း ကမ်းပေးသည်။

 

ကံ့ကော်ပွင့်လေးကို ကျွန်တော်ပန်ပေးနေစဉ် သူ့လက်ကလေးများသည် ကျွန်တော့်လက်များကို ဝိုင်းကူ၍ ပန်ပေး၏။ ကျွန်တော်က သူ့ပါးနားကပ်ရင်း–

 

“ဒါက ကံ့ကော်စာချုပ် ဒုတိယတွဲ”

 

ပြောရင်းနှင့်ပင် ကျွန်တော့်မျက်နှာသည် ဖျတ်ခနဲ နီးကပ်သွား၏။

 

“အိုး . . . လူတွေမြင်ပါ့မယ် ကိုကိုရဲ့”

 

ခင်လေးပါးပြင်တွင် ပန်းရောင်သွေးလေး ဖျတ်ခနဲကူးသည်။ နှစ်ယောက်သား ခုံတန်းလေးပေါ်မှာထိုင်မိသည် အထိ အပြုံးလေးများမပြတ်။ ခင်လေးက ကံ့ကော်ရွက်လေးတစ်ရွက်ကို ကောက်ယူရင်း ခပ်တိုးတိုးပြောသည်။

 

 

“မတော်တဆ ခင်လေးနဲ့ ကိုကိုများဝေးရင် ခင်လေးတော့ ကံ့ကော်ရွက်လေးတွေရေပြီး စောင့်ရင်း တမျှော်မျှော်နဲ့နေရမှာပဲ ကိုကိုရယ်”

 

“ကိုကိုနဲ့ ခင်လေးက ဘာလို့ဝေးရမှာလဲခင်လေးရဲ့။ ကိုကိုက ခင်လေးအနားက ဘယ်မှသွားမယ့်သူမှ မဟုတ်တာ”

 

ခင်လေးက ကျွန်တော့်ကိုမကြည့်၊ ကံ့ကော်ရွက်လေးကိုသာ တယုတယ ပွတ်သပ်ရင်း -

 

“မပြောနိုင်ဘူး ကိုကိုရေ၊ လောကဆိုတာ စိတ်ချရတာမဟုတ်ဘူး။ ဟိုတုန်းက စစ်သားတွေစစ်ထွက် သွားရင် ကျန်ရစ်တဲ့ ချစ်သူက သပြေရွက်လေးတွေရေပြီး လွမ်းရတယ်တဲ့။ “သပြေရွက်ရေ” ဆိုတဲ့ သီချင်းတောင်ရှိသေး။ ခင်လေးကတော့ ကံ့ကော် ရွက်လေးတွေနဲ့ ကံ့ကော်ရွက်ရေလွမ်းရမှာပဲ။ ခင်လေးတို့ ဘာဖြစ်မယ်ဆိုတာ ဘယ်ပြောနိုင်မလဲ”

 

ထိုစဉ်တုန်းက ခင်လေး စိတ်သက်သာရုံ အလွယ်တကူ နှစ်သိမ့်ခဲ့မိသော်လည်း ခုအခါတွင် ခင်လေးအတွက် စကားလေးတစ်ခွန်း ကို စိတ်ထဲမှ ရည်စူး၍ ပြောလိုက်မိသည်။

 

“ဒီတစ်ခါ ကံ့ကော်ရွက်ရေကတော့ လက်ထပ်ရက်လေးအတွက် ကံ့ကော်ရွက်ရေပဲဖြစ်မယ်ခင်လေရေ၊ လွမ်းဖို့မဟုတ်တော့ဘူး”

 

လောကကြီးသည် ကျွန်တော့်ကို အရူး တစ်ယောက်ကဲ့သို့ စောင့်ကြည့်နေမလား၊ ကျွန်တော် မဝေခွဲတတ်။

အဘယ်ကြောင့်ဆိုသော် …

 

နောက်တစ်စက္ကန့်ကျော်ကျော်တွင် ဖြစ်လာမည့် ကိစ္စကြီးကိုသာသိပါက ကျွန်တော်သည်ကဲ့သို့ ပျော်နိုင်မည်မဟုတ်။ သည်ကဲ့သို့ ကြည်နူးနိုင်လိမ့် မည်မဟုတ်။ သည်ကဲ့သို့ ရွှင်လန်းချမ်းမြေ့နိုင်မည်မဟုတ်။

*****

 

(၄)

နောက်တစ်စက္ကန့်အကြာတွင် ရွှေဘိုဆောင် ဘေးတည့်တည့် ကျွန်တော်ရောက်သည်။ လောနေသောစိတ်ကြောင့် ကံ့ကော်ပင်တန်း များကြားမှဖြတ်၍ ရွှေဘိုဆောင်ဘက်ချိုးဝင်သည်။

 

“ဟင်”

 

စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွား၏။

 

အဆောင်ရှေ့ ဆင်ဝင်အောက်တွင် ဆီဒင်ကားအနီလေး။ နံပါတ်မှာ ခင်လေးတို့ ကားနံပါတ်၊ သေချာသည်။ သည်ကားသည် ခင်လေးတို့ကား။

 

ရင်ထဲတွင် အလိုလိုသိတတ်သော အာရုံကြောင့် လားမသိ။ ခင်လေးတို့ကားကို မြင်လိုက်သည့်အခါ ရင်ထဲတွင် ဒိန်းခနဲတုန်လှုပ်သည်။ ပျော်စရာအဖြစ် တစ်ခု (သို့မဟုတ်) ခင်လေးများ ရောက်နေမလား ဆိုသောအတွေးထက် ဘာများလဲ၊ ဘာများဖြစ်လို့ပါလိမ့်ဆိုသောစိတ်သည် ရုတ်တရက် ရင်ကိုပူလောင် သွားစေ၏။ ချက်ချင်း အဆောင်ထဲ ပြေးဝင်ချင်စိတ် ပေါ်လာ၏။

 

ရင်ထဲတွင် ရထားခုတ်မောင်းသံလို တဒိတ်ဒိတ် ခုန်၍ ရင်တစ်ခုလုံး ပုစဉ်းတောင်ပံလို တလှပ်လှပ် တုန်လာသည်။

သိလိုဇောဖြင့် အဆောင်လှေကားကိုခုန်ကျော် တက်ရင်း ခပ်သွက်သွက် အပြေးအလွှား လှမ်းဝင်လိုက်သည်။

 

“ဟော ..... ထွန်းဝေ”

 

ကျွန်တော် အဆောင်တွင်းရောက်ရောက်ချင်း ပေါ်ဦးက ဧည့်ခန်းတွင်းမှ ဖျတ်ခနဲ ထွက်လာသည်။ သူ့မျက်နှာမှာ သိသိသာသာပျက်နေသည်။ ကျွန်တော့် ရင်ထဲမှစိုးရိမ်စိတ်သည် အရှိန်အဟုန်ပြင်းစွာ လှိုက်ခုန်လာသည်။

 

“လာ ထွန်းဝေ၊ မင်းကို စောင့်နေကြတယ်”

 

ပေါ်ဦး၏အသံမှာ တစ်မျိုးဖြစ်နေကြောင်း သတိထားမိသည်။ ကျွန်တော် ဧည့်ခန်းတွင်းသို့ လျင်မြန်သော ခြေလှမ်းများဖြင့်လှမ်းဝင်လိုက်သည်။ မြင်ရသောမြင်ကွင်းကြောင့် ကျွန်တော် အရမ်းအံ့သြသွားသည်။

ကျွန်တော် လုံးဝမမျှော်လင့်သောမြင်ကွင်း။

ထို့နောက် ကျွန်တော် လုံးဝမမျှော်လင့်ထားခဲ့ သောအဖြစ်။

*****

 

(ဆက်လက်ဖော်ပြပါမည်)