နွမ်ဂျာသိုင်း

 

(၉-၁၂-၂၀၂၄ ရက်နေ့မှအဆက်)

 

(၅)

“ကိုထွန်းဝေ . . . ခင်လေး မရှိတော့ဘူး”

ကျွန်တော့်ကို မြင်မြင်ချင်း မဖြူသည် ဒရောသောပါး ပြေးထွက်လာ ပြီး ကျွန်တော့်ကိုဖက်၍ ငိုသည်။

ကျွန်တော့်တစ်ကိုယ်လုံးမှသွေးများ ရပ်တန့်သွားသည်။ ပတ်ဝန်းကျင်ကိုလည်း ကယောင်ချောက်ချား ကြည့်မိသည်။ ဧည့်ခန်းထဲမှ ကုလားထိုင်များရှေ့တွင် ကျွန်တော် ဝင်ဝင်လာချင်း ထရပ်လိုက်သော လူသုံးဦး ရှိနေသည်။ ခင်လေး၏ ဖေဖေ၊ မေမေနှင့် ကိုကိုလတ်။

 

ခင်လေး၏ မိခင်က မျက်နှာကိုလက်ဝါးဖြင့်အုပ်ရင်း ရှိုက်ကြီးတငင် ငိုချလိုက်သည်။ ခင်လေး၏ ဖခင်က မျက်ရည်များ ရစ်ဝဲလျက် မျက်နှာကြီးတစ်ခုလုံး နီညိုနေပြီး အံကို တင်းတင်းကြိတ်ထားသည်။

 

“ခင်လေး မရှိတော့ဘူး ကိုထွန်းဝေရဲ့၊ ခင်လေးမရှိတော့ဘူး သိလား။ ခင်လေး သေပြီ”

 

ကျွန်တော့် အသိအာရုံအားလုံး ရပ်ဆိုင်းသွားသည်။ မဖြူအသံက နားထဲကိုသံရည်ပူများ စီးဆင်းလာသကဲ့သို့ ပူပြင်း လောင်မြိုက်စွာဝင်လာ၏။ သူ့စကားများ နားထဲတွင် ပဲ့တင်ရိုက်ခတ်နေ၏။

 

“ခင်လေး မရှိတော့ဘူး . . . ခင်လေးသေပြီ ခင်လေးမရှိတော့ဘူး. ခင်လေး သေပြီ . . . ခင်လေး မရှိတော့ဘူး ခင်လေး သေပြီ . . . ခင်လေး …”

 

ကျွန်တော့် မျက်လုံးအစုံသည် လွန်မင်းစွာ ကျုံ့ဝင်သွားသည်။

 

“ဘယ်လို မဖြူ၊ ဘာဖြစ်တယ်”

 

“ခင်လေး မရှိတော့ဘူး၊ ခင်လေးဆုံးသွားပြီ။ ကိုထွန်းဝေ သိပ်ချစ်တဲ့ ခင်လေး လောကမှာမရှိတော့ဘူး သိရဲ့လား”

 

ရှိုက်ငိုသံများသည် တစ်ခန်းလုံးတွင် ပဲ့တင်ရိုက်နေ၏။ ဧည့်ခန်းကြီးတစ်ခုလုံးသည် သုသာန်တစပြင်ကဲ့သို့ ဖြစ်နေသည်။ လောကကြီးကို ကျွန်တော်ချောက်ချားစွာ ကြည့်နေမိ၏။ ကျွန်တော့်နားကို ကျွန်တော်မယုံ။ ရင်တွင်းက သံသယသည် မဖြူ၏ စကားများကို ခါးခါးသီးသီး ငြင်းဆန်နေသည်။  ပေါ်ဦးကို ဖျတ်ခနဲ ကြည့်သည်။ ဆောက်တည်ရာမဲ့သောအကြည့်။ ပေါ်ဦး ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြေကွဲစွာကြည့်ရင်း အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ ပြီးမှ တုန်ယင်သောလေသံဖြင့်-

 

“ဟုတ်တယ် ထွန်းဝေ၊ ခင်လေး နေ့လယ်က ဆုံးသွားတယ်။ ခု မဖြူက မင်းကို အတင်းလာခေါ်ခိုင်းလို့ လာကြတာ။ ခင်လေး မရှိတော့ဘူး”

 

ကျွန်တော့်တစ်ကိုယ်လုံး နတ်ပူးသကဲ့သို့ တုန်ယင်လှုပ်ရှားလာသည်။ ရင်ထဲတွင် လှိုင်းတံပိုးများ ဗြောင်းဆန်လာ၏။ တစ်ကိုယ်လုံး ချာချာလည်နေသည်။ မမျှော်လင့်သောအဖြစ်၊ လုံးဝမယုံကြည်နိုင်စရာအဖြစ်၊ ဘယ်တော့မှ ယုံစားလိမ့်မည်မဟုတ်သော မယုံနိုင်စရာအဖြစ်။

 

အို . . . မယုံ . . . မယုံ . . . ကျွန်တော်မယုံ။ စိတ်ထဲကငြင်းဆန် နေသော်လည်း အသိက လက်ခံနေ၏။ မျက်လုံးထဲတွင် လောကကြီးသည် တအားလင်းထိန်လာသည်။ တစ်ဖန်ရုတ်ခြည်းမှောင်သွား ပြန်သည်။ လင်းလိုက်မှိန်လိုက်နှင့် ကျွန်တော့်အာရုံများ ထွေပြားလာသည်။ မယုံဘူး၊ မယုံဘူး၊ သည်မြင်ကွင်းများအားလုံးကို ကျွန်တော် မယုံနိုင်။ ကျွန်တော့်မျက်နှာကို မော့ကြည့်၍ မဖြူ ဆတ်ခနဲကိုယ်ကို ခွာသည်။

 

“ကိုထွန်းဝေ . . . သတိထားနော်၊ ကိုပေါ်ဦး သူ့ကိုပြောပါဦး”

 

ကျွန်တော် ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်တော့။ ကျွန်တော့် ခန္ဓာကိုယ်တွင် ထိန်းချုပ်ခြင်းလုံးဝမရှိတော့။ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး အံကိုပြုတ်ထွက်မတတ်ကြိတ်လိုက်ရင်း ပေါ်ဦးရှိရာ နံရံဘက် လျှောက်လာသည်။ ပေါ်ဦး ကြောင်ကြည့်နေ၏။ ကျွန်တော့်ကိုယ်တွင်း မှာ ဘာအသိမှမရှိ။

 

“ထွန်းဝေ . . . သတိထားကွာ၊ တို့အားလုံးလည်း မင်းလိုပဲ ခံစား နေကြရတာပါ”

 

သူ့အသံထဲတွင် ငိုသံနှင့် ကြေကွဲသံ ရောနေ၏။ မျက်လုံးအစုံကို တအားမှိတ်လိုက်မိသည်။ မကြားချင်တော့၊ နားထဲတွင် ဘာမှမကြားချင်တော့။ ရင်တွင်းမှ ပေါက်ကွဲထွက်လာသော စကားများကို အသံကုန်အော်လိုက်မိသည်။

 

“မယုံဘူး၊ ငါမယုံဘူး။ မင်းတို့အားလုံး ငါ့ကိုညာတာ။ ခင်လေး မသေဘူး၊ ခင်လေး ဘယ်လိုမှမသေဘူးကွ။ ခင်လေးနဲ့ငါ ပြောပြီးသား။ ခင်လေးနဲ့ငါ ယူတော့မယ်၊ ငါ အားလုံးစီစဉ်ပြီးပြီ။ ခင်လေးကို ငါလာခေါ်တာ။ ခင်လေးရှိတယ်၊ ဘယ်မလဲ ခင်လေး။ ခင်လေး မသေ ဘူး၊ ဘယ်တော့မှ မသေဘူးကွ”

 

အော်လည်းအော်၊ ပြေးလည်းပြေး၊ နံရံကိုခေါင်းနဲ့ပြေးအတိုက် လှုပ်ရှားမှုအားလုံး တစ်ပြိုင်နက်ဖြစ်သွားသည်။ နံရံသည် ကျွန်တော့်မျက်စိရှေ့ ဝါးခနဲကပ်သွား၏။

 

“ဟေ့ကောင် . . . ထွန်းဝေ”

 

ပေါ်ဦး၏ တအားအော်ခေါ်သံ ကြားသည်။ ဒိုင်းခနဲ ဆောင့်သံနှင့်အတူ ကျွန်တော့်မျက်လုံးထဲတွင် မိုက်ခနဲဖြစ်သွားသည်။ နဖူးတစ်ပြင်လုံး ဒုန်းခနဲအသိနှင့်အတူ ကျင်ခနဲ၊ ပူခနဲ ဖြစ်သွား၏။ နံရံ၏ အေးစက်သော အထိအတွေ့က ကျွန်တော့်မျက်နှာဖြင့် တွေ့လိုက်သည်။ နဖူးတွင် စိုစွတ်စေးထန်းသောအတွေ့ကိုရ၏။ ထိုးတက်လာသော နာကျင်မှုကို ခံစားလိုက်ရသည်။ ကျွန်တော့် ခန္ဓာကိုယ်သည် ကြိုးမှပြတ်သော ရုပ်သေးရုပ်ကဲ့သို့ ခွေခနဲပုံကျသွား၏။ လောကလည်း အမှောင်ဖုံးပြီ။ ကျွန်တော် ရှုံးသွားပါပြီကော။

*****

 

(၆)

ပတ်ဝန်းကျင်ကို သတိပြုမိသောအချိန်တွင် ကျွန်တော့်မျက်လုံးများထဲ မျက်ရည်တို့ဖြင့် ရွှဲရွှဲစိုနေသည်။  အားလုံး၏ စိုးရိမ်သော၊ မျက်ရည်ပြည့်လျှမ်းသော၊ ကြေကွဲသော၊ ယူကျုံးမရသော မျက်နှာများသည် ကျွန်တော့်ဆီ ဝိုင်းအုံနေ၏။ ကျွန်တော့်တစ်ကိုယ်လုံးပေါ်ဦး ရင်ခွင်ထဲ ရောက်နေသည်။ ကျွန်တော် ဖျတ်ခနဲ ထရပ်လိုက်၏။

“ပေါ်ဦး၊ ငါ့ကို သေသေချာချာပြောစမ်း ပေါ်ဦး။ ခင်လေး ခု ဘယ်မှာ လဲ၊ ဘာဖြစ်တာလဲ။ မနေ့ကပဲ ခင်လေးနဲ့ငါ တွေ့သေးတယ်။ ခုမရှိတော့ ဘူးဆိုတာ ငါမယုံဘူး ပေါ်ဦး။ မင်း ငါ့ကိုမညာနဲ့။ ခု ခင်လေး ဘယ်မလဲ။ ခင်လေး ရှိကိုရှိတယ်”

 

ပေါ်ဦး ကျွန်တော့် လက်မောင်းနှစ်ခုကို သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်သည်။

 

“ထွန်းဝေ၊ မင်းစိတ်ကို မင်းထိန်းစမ်း ထွန်းဝေ။ ငါပြောပြမယ်၊ အားလုံးကို မင်းနားလည်အောင် ပြောပြမယ်။ လာ ခဏလေး ထိုင်”

 

ကျွန်တော် ခေါင်းကို တအားခါယမ်းပစ်သည်။

 

“မထိုင်ဘူး ပေါ်ဦး၊ မင်းငါ့ကို ပြောစရာရှိတာပြော။ ငါသိချင်တယ်။ ငါ စိတ်မထိန်းနိုင်လို့ သေသွားသွား ဒါက အရေးမကြီးဘူး။ ခု ခင်လေး ဘယ်မလဲပြော”

 

ပေါ်ဦး မျက်လုံးအစုံကို မှိတ်သည်။ သက်ပြင်းတစ်ချက်ချလိုက်၏။ ပြန်ပွင့်လာသော သူ့မျက်လုံးများတွင် မျက်ရည်ကြည်များ ရစ်ဝိုင်း နေသည်။

 

“ဒီနေ့ နေ့လယ်က ဆယ်နာရီခွဲပွဲ ရုပ်ရှင်ကြည့်မယ်ဆိုပြီး ခင်လေး ကားနဲ့ထွက်သွားတယ် ထွန်းဝေ။ မဖြူနဲ့သွားမလို့ဆိုပြီး မဖြူဆီထွက်သွားတာပဲ။ လမ်းမှာ ကားဘီးပေါက်တယ်။ ဒါနဲ့ ခင်လေးက သူသိပ်နောက်ကျနေမယ်၊ မဖြူအိမ်သူသွားနှင့်မယ်။ ဒရိုင်ဘာကို မဖြူအိမ်ကို လိုက်ခဲ့ဆိုပြီး လမ်းမှာမောင်းလာတဲ့ သုံးဘီးကားတစ်စီးကိုတားတယ်။ မင်းသိတယ် မဟုတ်လား၊ မင်းအကျင့် လုပ်ပေးလို့ ခင်လေး သုံးဘီး စီးတတ်နေတယ်လေ”

 

ပေါ်ဦး အသံက ပြောရင်း တိမ်ဝင်သွားသည်။ ကျွန်တော့် ရင်ထဲနင့်ခနဲဖြစ်သွား၏။ ကျွန်တော် သူ့မျက်နှာကို စေ့စေ့ကြည့်မိသည်။ ခင်လေးသည် ကျွန်တော်နှင့်သွားရန် အဝတ်အစားများကို မဖြူဆီ ပို့ရန်အတွက် သွားသောအသွားပါလား။ ခင်လေး၏ နောက်ဆုံးခရီးသည် ကျွန်တော့်ထံလာသော အလာပါလား။ ကျွန်တော့်ရင်ထဲမှလည်း အူကလီစာများသည် တစ်စစီ ပျက်ကြွေလွင့်ကုန်ပြီ ထင်လိုက်ရ၏။

 

“အေး . . . သူတားစီးတဲ့ကားမှာက အိမ်တွင်းစက်မှုလုပ်ငန်း တစ်ခုမှာသုံးဖို့ ဓာတ်ဆီပုံးသုံးပုံး သယ်လာတယ်။ ဓာတ်ဆီ သုံးပုံးနဲ့ လူတစ်ယောက်ပဲ ပါလာတာမို့ ကားက ချောင်နေတယ်။ ခင်လေးနဲ့ လည်း လမ်းကြုံတာမို့ ဒီကားနဲ့ စီးဖြစ်သွားတယ်”

 

သူဆက်ပြောမည့် ဖြစ်ပျက်ပုံကို ကြိုရိပ်မိလာသလို ဖြစ်လာသည်။ ရင်ထဲတွင် အပူလုံးတစ်ခု လှုပ်ရှားလာသည်။ နားထဲတွင် ပေါ်ဦးအသံများ လျှံလာ၏။

 

“သူလိုက်သွားတဲ့ကားက ကုက္ကိုင်းမီးပွိုင့်ကျတော့ မီးဝါကို ဖြတ်ကူးတယ်။ တစ်ချိန်တည်းမှာပဲ ရန်ကုန်ဘက်က တအားမောင်းလာတဲ့ ဂျစ်ကားတစ်စင်းက အရှိန်ထိန်းမရတော့ဘဲ ခင်လေးတို့ သုံးဘီးကို ဝင်တိုက်တယ်။ တိုက်တိုက်ချင်း သုံးဘီးကားမှောက်သွားပြီး ဓာတ်ဆီပုံးတွေက မီးထလောင်တယ်။ ခင်လေးရော၊ ကားပေါ်ပါလာတဲ့ လူတစ်ယောက်ရော၊ ဒရိုင်ဘာရော တစ်ယောက်မှ အသက်မရှင်ဘူး”

 

“ငါ . . မယုံဘူး”

 

ကျွန်တော့် ပါးစပ်မှ ကျယ်လောင်သောအသံ ပေါက်ကွဲသွားသည်။ရင်ထဲမှာ နာကျင်ဆို့ကျပ်သော ခံစားမှုဖြင့် လူသည်တုန်တုန်လှုပ်လှုပ် ဖြစ်လာ၏။ ပေါ်ဦးက ကျွန်တော့်စကားကို အရေးမလုပ်ဘဲ သူပြော ရမည့်စကားကို ဆက်ပြောသည်။

 

“အဲဒါ ဆေးရုံကို မင်းလိုက်ကြည့်ဖို့ လာခေါ်တာ”

 

ကျွန်တော့်တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားသည်။

 

ဖျတ်ခနဲ ကျန်လူများဘက်သို့ ကြည့်လိုက်မိ၏။ မှုန်ဝါးသောအကြည့်တွင် အားလုံး၏ ကြေကွဲဖွယ်မျက်နှာများ။

 

ရက်စက်လိုက်တဲ့ ကံကြမ္မာရယ်…။

*****

(ဆက်လက်ဖော်ပြပါမည်)