နွမ်ဂျာသိုင်း
(၁၆-၁၂-၂၀၂၄ ရက်နေ့မှအဆက်)
(၇)
“အား ...”
ရင်ထဲတွင် နာကျင်စွာ ဆောင့်တက်လာသော ခံစားမှုနှင့်အတူ မျက်စိနှစ်ဖက်ကို တအား ပိတ်လိုက်သည်။ ဆိုးရွားလှသောမြင်ကွင်း၊ မမြင်ဝံ့စရာမြင်ကွင်း။ တစ်ခန်းလုံး ငိုသံများဆူညံသွား၏။
ကျွန်တော့်မျက်လုံးများမှ မျက်ရည်များ ရေသွန်သကဲ့သို့ စီးကျလာသည်။
ခင်လေးသည် မြင်ရက်စရာမရှိတော့။
ခါးအထက်မှစ၍ တစ်ကိုယ်လုံး မီးလောင်ကျွမ်းထားသည့်ဒဏ်ကြောင့် မည်းမှောင်ဖူးကြွကာ တချို့နေရာများ၌ အရိုးမျှသာရှိတော့၏။ ခင်လေးနှင့်တူသောအရာ တစ်ခုမှမရှိတော့။ ပကတိ မည်းနက်လောင်ကျွမ်းနေသော အသားစများကပ်ငြိနေသဖြင့် မီးသွေးသာသာ အရိုးမျှသာ ရှိတော့သည်။
ကျွန်တော့်စိတ်ထဲ တစ်စုံတစ်ခုကို သတိရလိုက်၏။ ကျွန်တော့်မျက်လုံးများသည် ချက်ချင်းပင် ရုပ်ကလာပ်၏ ခြေထောက်ရှိရာ ရောက်သွား၏။ ဖြူဖွေးနုထွတ်၍ အတုမရှိသော ခြေထောက်လေးသည် ပွန်းရာပဲ့ရာများဖြင့် အရုပ်ဆိုးပျက်စီးနေသည့်ကြားမှ နဂိုအလှကို ဖမ်းနိုင်သည်။ သိသိသာသာ ဖြူဆွတ်နေခြင်းသာပိုသည်။ ခင်လေးဖြစ်ကြောင်း သံသယဖြစ်စရာမရှိတော့။
တစ်ကမ္ဘာလုံးတွင် သည်ခြေထောက်မျိုးလေးသည် ခင်လေးမှအပ မည်သူ့ထံမှမရှိ။
ကျွန်တော် မှတ်မှတ်မိမိ စွဲလမ်းခဲ့သော ခြေထောက်လေးသာ မတွေ့ရလျှင် ခင်လေးဟု ကျွန်တော် မည်သို့ယုံရမည်နည်း။
ကျွန်တော် နံရံကိုပြေးကန်၍ ရှိုက်ကြီးတငင်ငိုချလိုက်သည်။ တစ်ခန်းလုံးတွင် အသားကျွမ်းသည့် ညှော်နံ့များမွှန်နေ၏။ ခင်လေး၏ မိခင်သည် လက်ထဲတွင် တစ်စုံတစ်ခုကိုကိုင်ရင်း ကျွန်တော့်နားသို့ ချဉ်းကပ်လာ၏။
“ဒါ သမီးဆီက နောက်ဆုံးပြန်ရတဲ့ ပစ္စည်းလေးပဲကလေး”
ငိုသံပါကြီးနှင့် ကျွန်တော့်ပခုံးကိုဖက်၍ ရှိုက်ရင်းခင်လေး၏မိခင် ပေးသောပစ္စည်းလေးကို လှမ်းကြည့်လိုက်သည်။
တစ်ခြမ်းကျွမ်းနေသော ဆလင်းဘက်ကလေး။ ကျွန်တော် ကပျာကယာလှမ်းယူ၍ အိတ်ကိုဖွင့်လိုက်သည်။ အိတ်ထဲတွင် တစ်ပိုင်းတစ်စ ကျန်ရှိသော ပလတ်စတစ်အိတ်ကလေးကို ဆွဲထုတ်လိုက်သည်။
အတွင်းမှ ကံ့ကော်ရွက် မီးတစ်ခြမ်းကျွမ်းလေး ထွက်လာသည်။ ကျဆင်းနေသော မျက်ရည်စများကို မျက်တောင်ဖြင့် အသာခတ်၍ ကြည့်လိုက်သည်။ ကံ့ကော်ရွက်လေးပေါ်တွင် ကျန်နေသော လက်မှတ်လေးက ကျွန်တော့်လက်မှတ်။ ခင်လေးလက်မှတ်လေးမရှိတော့။
ခင်လေးသည် ကျွန်တော်တို့နှစ်ဦး ယုံကြည်စိတ်ချစွာ ချုပ်နှောင်ထားသော ကံ့ကော်စာချုပ်လေးကို တစ်ဖက်သတ် ချိုးဖောက်ခဲ့လေ ပြီတကား။
*****
(၈)
မြကျွန်းသာမှာ ကံ့ကော်တွေပွင့်နေကြပြီ ခင်လေးရေ . . . ကံ့ကော်တောတစ်ခုလုံး မွှေးထုံသင်းပျံ့နေလေရဲ့ . . . ။ ဒါပေမဲ့ ကိုယ့်ရင်ထဲမှာတော့ ကံ့ကော်တောဆိုတာရော၊ ကံ့ကော် ရွက်ဆိုတာရော မရှိတော့ပါဘူး။ ခင်လေး ဆုံးခဲ့ပြီးတဲ့နောက် ကိုယ့်ဘဝဟာ အကြီးမားဆုံးတုန်လှုပ် ချောက်ချားမှုကြီးနဲ့အတူ ဘယ်လိုမှဖြေမဆည်နိုင်အောင် ဖြစ်ခဲ့ရတယ်။ ကိုယ်သိပ်ချစ်ခဲ့ရတဲ့၊ ကိုယ်သိပ်မျှော်မှန်းခဲ့ရတဲ့၊ ကိုယ်သိပ်ပျော်ခဲ့ရတဲ့ တက္ကသိုလ်ကြီးတစ်ခုလုံးကို ကိုယ်စွန့်ခွာဖို့အထိ ဆုံးဖြတ်မိခဲ့တယ်။
အဲဒီလို ဆုံးဖြတ်လိုက်တာနဲ့တစ်ပြိုင်နက် တစ်ခါက ခင်လေးပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းက ကိုယ့်အတွေးကို လာကန့်ကွက်တယ်။
“ခင်လေးကြောင့် ကိုကို့ပညာရေးကို မထိခိုက်ပါစေနဲ့ ကိုကိုရယ်” ဆိုတဲ့ စကားလေးပေါ့ ခင်လေး။
ဒီစကားလေးဟာ တက္ကသိုလ် ပရိဝုဏ်အတွင်းကနေ တစ်ခါတည်း အပြီးအပိုင် ထွက်သွားဖို့ပြင်နေတဲ့ ကိုယ့်ခြေလှမ်းတွေကို ရှေ့ကနေ ဖမ်းထားလိုက်သလိုပဲ။ တကယ်လို့များ မမျှော်လင့်ဘဲ ကိုယ်နဲ့ဝေးခဲ့ရင် ကံ့ကော်ရွက်လေးတွေရေတွက်ပြီး စောင့်မျှော်နေမယ်လို့ မှန်းမှန်းဆဆပြောခဲ့တဲ့ ခင်လေးရဲ့ စကားလေးတွေဟာ ခင်လေးကိုယ်တိုင် ကံ့ကော်တောထဲကနေ လာပြောနေသလိုပဲ။
တကယ်တော့ ကိုယ်တက္ကသိုလ်ထဲမှာ မနေချင်တော့တာ အမှန်ပဲခင်လေး။
တက္ကသိုလ်တစ်ခုလုံးမှာ ခင်လေးကို တွေ့နေရတယ်။ ကံ့ကော်တောက ခုံတန်းလျားလေးမှာ ခင်လေးတစ်ယောက်တည်းထိုင်ပြီး ကံ့ကော်ရွက်ကလေးတွေရေနေတာကို ကိုယ်တွေ့တယ်။
တောင်ငူဆောင်နဲ့ မန္တလေးဆောင်ကြားက တောင်ပိန္နဲပင်ရိပ် ခုံတန်းလျားလေးမှာ ခင်လေး တစ်ယောက်တည်း ကံ့ကော်ပွင့်လေး ပန်နေတာ ကိုယ်တွေ့တယ်။ ဘွဲ့နှင်းသဘင် ခန်းမကြီးရဲ့ အောင်မြင်သူတို့ လှေကားထစ်များမှာ တစ်ခါတစ်ရံ ခင်လေး တွေငေးငေးလေး ထိုင်နေတတ်တယ်။ အပန်းဖြေရိပ်သာထဲက ချစ်စရာပစ္စည်းလေးများရောင်းတဲ့ ဆိုင်ခန်းလေးတွေမှာလည်း ခင်လေး ခဏခဏ ပို့စကတ်လေးတွေ ရွေးဝယ်နေတတ်တယ်။ အင်းလျားရေစပ်က အကြော်ဆိုင်လေးတွေမှာလည်း ခင်လေးအမြဲတမ်းလိုလို ဘူးသီးကြော်လေးတွေကို အချဉ်ရည်နဲ့ တို့တို့နေတတ်တယ်။
တစ်ခါတစ်ခါတော့ အဓိပတိလမ်းမကြီးပေါ်မှာ ခင်လေးတစ်ယောက် မျက်လွှာလေးသိမ်းပြီး လမ်းလျှောက်နေတတ်တယ်။ နောက်ဆုံး ခင်လေးရယ် . . . ဦးချစ်ဆိုင်က ရွက်လှပင်တွေကြားမှာ မြုပ်နေတဲ့ စားပွဲအလွတ်လေးတွေမှာတောင် ခင်လေးကိုရှာတွေ့တယ်။ ဒါပေမဲ့ ခင်လေးရယ် . . .
ဘဝဆိုတာ ကိုယ်လုပ်ချင်တိုင်း လုပ်လို့ရတဲ့အရာမျိုးမှမဟုတ်တာ။ မျှော်လင့်ထားတဲ့အရာဟာ မျှော်လင့်သလိုဖြစ်၊ ရည်ရွယ်ထားတဲ့ အရာဟာ ရည်ရွယ်သလို ဖြစ်နေရမယ်ဆိုရင်လည်း ဘဝဆိုတာ ဘယ်လိုလုပ် အဓိပ္ပာယ်ရှိတော့မလဲ။ လူတွေအားလုံးဟာ ဝိမုတ္တိရသ ပေးစွမ်းနိုင်တဲ့ နိဗ္ဗာန်ရွှေပြည်ကို ရောက်ကုန်ကြပြီပေါ့။
တကယ်တော့ တို့များဟာ ဘဝရဲ့မျှော်လင့်ချက်တွေ၊ ရည်ရွယ်ချက်တွေ၊ ဖန်တီးတည်ဆောက်မှုတွေ အားလုံးကို အပိုဟာကွက်မရှိအောင် တိကျတဲ့အစီအမံတွေ၊ အကြံအစည်တွေ ပြုလုပ် တတ်ကြတယ်။ အနိုင်ရရေး၊ အစိုးပိုင်ရေး၊ အောင်ပွဲခံရေးဆိုတဲ့ ရည်မှန်းချက် ပန်းတိုင် ကိုယ်စီအတွက် တစ်ယောက်နဲ့တစ်ယောက် လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ တရားတွေ၊ မာန၊ အာဃာတ၊ မစ္ဆရိယဆိုတဲ့ တရားတွေနဲ့ အလောတကြီး တွေးနေတတ်ကြတယ်၊ ကြံစည်နေတတ်ကြတယ်။
ဒါပေမဲ့ သူတို့အားလုံးဟာ တစ်နေ့မှာ မလွဲမသွေရင်ဆိုင်ရမယ့် ပြဿနာကြီးတစ်ခုကိုတော့ ပြဿနာလေး အသေးအမွှားတစ်ခုအနေနဲ့ တောင် ထည့်မစဉ်းစားကြဘူး။ ဒီပြဿနာကြီးက မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက် တစ်စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံအတွင်းမှာ ကိုယ့်ကို အနိုင်ယူသွားနိုင်တဲ့ အချက်ကို ဘယ်သူမှ ထည့်မစဉ်းစားကြဘူး။
ကိုယ်တို့ ကိုယ်တိုင်တောင်မှ အပရိက ပြဿနာတွေကို အဓိကလုပ် စဉ်းစားပြီး အဓိက ပြဿနာကြီးဖြစ်တဲ့ သေခြင်းတရားဆိုတာကိုတော့ သာမညပြဿနာလေးအနေနဲ့တောင် ထည့်မစဉ်းစားမိကြဘူး။
ပြဿနာပေါင်းစုံကို ထောင့်စုံကနေ အကွက်စေ့အောင် စဉ်းစားခဲ့တဲ့ကိုယ်ဟာ တကယ့် ရန်သူကြီးကျတော့ နည်းနည်းလေးမှ ထည့်မစဉ်းစားမိအောင် မေ့နေခဲ့တယ်။ တကယ့်ပြဿနာကြီး ကိုမှ စဉ်းစားဖို့ မေ့နေခဲ့တယ်လေ။ နောက်ဆုံးတော့ သည်မေ့ပျောက်ထားတဲ့ အကြောင်းတရားလေး တစ်ခုကြောင့်ပဲ ကိုယ်တစ်ယောက် ခင်လေးကို လက်လွှတ်ဆုံးရှုံးပြီး လောကကြီးကို အနိုင်ပေးလိုက်ရတယ်။ လူတွေဟာ ကိုယ်တို့အဖြစ်လေးကိုသိရရင် ဘယ်လောက်များ ကောင်းမလဲခင်လေး။ ဘယ်လောက်ပဲ အစွမ်းထက်တဲ့သူမဆို တစ်နေ့တော့ သူ့ကိုအရှုံး ပေးရမှာပဲဆိုတဲ့ အသိလေးတွေဟာ သူတို့ရင်ထဲမှာရှိနေရင် တို့ကမ္ဘာကြီးဟာ ဘယ်လောက်ငြိမ်းချမ်းပြီး မေတ္တာတရားဖုံးလွှမ်းနေမလဲ . . လို့။
ဒါက တစ်မျိုးရှုထောင့်ကပေါ့ကွယ်။ ဒါဖြင့်ရင် တို့များဟာ သူ့ကိုအမြဲအရှုံးပေးနေရမလားဆိုတဲ့ အမေးများ မေးလာရင်တော့ တို့များအနေနဲ့ တစ်မျိုးတွေးကြရဦးမယ်ထင်တယ်။
တို့လုပ်နေတဲ့ အလုပ်ဟာ လူတွေအတွက်၊ လူတွေနေတဲ့ နိုင်ငံအတွက် ဒါမှမဟုတ်ရင်တော့ အများကို မထိခိုက်စေမယ့် ကိုယ့်ရိုးသား ဖြူစင်တဲ့ကြိုးစားမှုလေးအတွက် ဖြစ်နေမယ်ဆိုရင်တော့ တို့များဟာ ဒီလောက်ကြောက်စရာကောင်းတဲ့ သေခြင်းတရားကို သူ့သဘောအတိုင်း သူဆောင်နေဖို့ လျစ်လျူရှုရလိမ့်ဦးမယ် ထင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ တို့ဘဝကို တို့ချစ်ဖို့ လိုအပ်တဲ့အတွက်ကြောင့်ပဲ။ အရာအားလုံးဟာ အပျက်အစီး အဆုံးအရှုံးနဲ့ လွတ်တယ်ဆိုတာ မရှိဘူးမဟုတ်လား။ ဒါက သေခြင်းတရားနဲ့ ဆက်နွှယ်လို့ ခံစားရတဲ့အယူအဆ။ ကိုယ့်တစ်ဦးချင်းအဖြစ်ကတော့ တစ်မျိုးပေါ့။
ယောက်ျားဆိုတာ မျက်ရည်ကျဖို့ မသင့်ဘူးဆိုပြီး ပညာရှိကြီးတွေက ပြဋ္ဌာန်းထားခဲ့ပေမယ့် ခင်လေးနဲ့ပတ်သက်လို့ ကိုယ်မျက်ရည်ကျရပါတယ်။ ယောက်ျားကောင်းဆိုတာ မလွမ်းမဆွေးရဘူး ဆိုပေမယ့် ကိုယ်ခင်လေးနဲ့ပတ်သက်လို့ လွမ်းရပါတယ် ခင်လေး။ ဆွေးလည်း ဆွေးရပါတယ်။ ပြီးတော့လည်း ဆုတောင်းမိပါတယ် ခင်လေးရယ်။ အချစ်နဲ့ ပတ်သက်လို့ ကမ္ဘာတည်အောင် ရာဇဝင်စံတင်လောက်တဲ့ အထိ ရဲဝံ့ပြတ်သားခဲ့တဲ့ ခင်လေး . . . ကောင်းရာသုဂတိကို ရောက်ပါစေ လို့. . .။
ဒါပေမဲ့ ခင်လေးရယ် . . .
အဓိပတိလမ်းပေါ်မှာ မျက်ရည်ဝိုင်းပြီး ရပ်နေတဲ့ကိုယ်ဟာ ရှေ့ခရီး လမ်းကို လှမ်းကြည့်မိတဲ့အခါ…
ကြေကွဲရခြင်းရဲ့ အထိမ်းအမှတ်အဖြစ် ကျနေတဲ့မျက်ရည်ကြားမှ အဓိပတိလမ်းမကြီးက ဖြောင့်တန်းနေပါတယ် ခင်လေး။ ခင်လေးဆန္ဒ ပြည့်ရပါစေ့မယ်။
ဒါပေမဲ့ . . . သတိရတယ် ခင်လေးရယ် . . .။
မြကျွန်းသာမှာ ကံ့ကော်ရနံ့နဲ့အတူ ကံ့ကော်တောကို ဥဩငှက် လေးတွေ အလည်လာနေပြန်ပြီ။
တစ်ခါတုန်းက တက္ကသိုလ်မှာ . . . ဒီလိုပဲ ကံ့ကော်တွေပွင့်ခဲ့တယ် ဆိုတာတော့ ကိုယ်သေတဲ့အထိ မေ့ပစ်လို့ရနိုင်တော့မှာ မဟုတ်ပါဘူး အချစ်ဆုံး ခင်လေးရယ် . . . လို့။
ကြိုးစားပါဦးမည်
နွမ်ဂျာသိုင်း


