ကျောက်ဆည် ဇွန် ၁၁

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်)၌ တစ်ကြိမ်တည်း ဝါကောက်သိမ်းနိုင်မည့် နည်းစနစ်များနှင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ကျင်းပသည်။

 

ဦးစွာ လွန်ကျော်ခြံတာဝန်ခံ ဒေါက်တာအေးအေးမြတ်က သရုပ်ပြ ဝါစိုက်ခင်းသည် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးကြိုရာသီ၌ ရွှေတောင်-၁၀ ဝါမျိုးဖြင့် ၁၀ ဧက စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာ၌ တစ်ပြိုင်တည်း ဝါပေါက်စေရန် အပင်ရက်သားအလိုက် အပင်ကြီးထွားမှုထိန်းညှိဆေး၊ ထိန်းချုပ်ဆေးများ သုံးစွဲရမည့် နှုန်းထားများ၊ အနည်းလိုအာဟာရဓာတ်များအား ရွက်ဖျန်းမြေဩဇာအဖြစ် ဖြည့်စွက်သုံးစွဲမှုနှင့် ဓာတ်မြေဩဇာများအား အချိုးကျရောစပ်သုံးစွဲရမည့် နည်းစနစ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က စိုက်ပျိုးရေးနည်းပညာသည် ခေတ်ကာလအလိုက် ပြောင်းလဲနေသည့်အတွက် ဝါမျိုးစေ့နှင့်စပ်လျဉ်း၍ Gamma Ray အသုံးပြု၍ Plasm Radiation ပေးခြင်းဖြင့် ဗီဇဆဲများပြောင်းလဲ၍ ရေငတ်ဒဏ်၊ ဆားငတ်ဒဏ်ခံနိုင်ရည်ရှိမည့် ဝါမျိုးများကို မြို့နယ်များနှင့် ခြံများ၌ စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း လမ်းညွှန်အမှာစကားများ ပြောကြားသည်။

 

ထို့နောက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တောင်သူများက လွန်ကျော်ခြံ၌ စိုက်ပျိုးထားသော တစ်ပြိုင်တည်း ဝါကောက်သိမ်းနိုင်မည့် နည်းစနစ်များ သရုပ်ပြစိုက်ခင်း ၁၀ ဧကနှင့် ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ခင်း ၁၅ ဧကတို့ကို ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ပြီး တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာကွင်းတာဝန်ခံများက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)