တစ်ကမ္ဘာလုံးတွင် ယခုနှစ်အတွင်း  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ငါးသန်းကျော်ရှိ

 

ဂျီနီဗာ၊ ဒီဇင်ဘာ ၂၅

 

ခြင်မှကူးစက်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ အရေအတွက်သည် ယခုနှစ်တွင် လူပေါင်း ငါးသန်းကျော် ရှိလာကြောင်းနှင့် ၅၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သွေးလွန်တုပ်ကွေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဒီဇင်ဘာ ၂၃ ရက်တွင် သတိပေး ချက်ထုတ်ပြန်ခဲ့သည်။ .

 

အဆိုပါရောဂါဖြစ်ပွားမှု၏ ၈၀ ရာခိုင်နှုန်းနီးပါး သို့မဟုတ် ၄ ဒသမ ၁ သန်းသည် အမေရိကတိုက်တွင် တွေ့ရှိရခြင်းဖြစ်ကြောင်း  သိရသည်။

 

လူပေါင်း လေးဘီလီယံသည် သွေးလွန်တုပ်ကွေးအန္တရာယ်ရှိသော်လည်း ကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာမပြဘဲ ရက်သတ္တတစ်ပတ်မှ နှစ်ပတ်အတွင်း ပြန်လည်ကောင်းမွန်လာလေ့ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

 

သွေးလွန်တုပ်ကွေးအတွက် ထိရောက်သောကုသနည်း မရှိသောကြောင့် စောစီးစွာသိရှိနိုင်ခြင်းနှင့် ဆေးကုသမှု ခံယူခြင်းများသည် ပြင်းထန်သောရောဂါများကြောင့် သေဆုံးမှုနှုန်းကို လျှော့ချနိုင်သည်။

 

နိုင်ငံပေါင်း ၁၂၉ နိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း ရောဂါဖြစ်ပွားမှု  ၅ ဒသမ ၂ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ပြောကြားသည်။

 

လက်ရှိသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန်နှင့် လာမည့်သွေးလွန်တုပ်ကွေးရာသီအတွက် ပြင်ဆင်နေသည့် နိုင်ငံများကို ပံ့ပိုးရန်အတွက် အမြင့်ဆုံးအာရုံစိုက်မှုလုပ်ဆောင်ရန်လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်