တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး လူထုအားကစားမြှင့်တင်ပေး

ကိုဌေး(ကနောင်)

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခု ထူထောင်ရာတွင် စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင် သော ပြည်သူလူထုကို အခြေခံရမည်ဖြစ်ပါသည်။ ထို့ကြောင့်ပင် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော်က ဂရိနိုင်ငံများ တန်ခိုးကြီးထွားစဉ် စပါတာလူမျိုးများသည် ၎င်းတို့နိုင်ငံသားများ၏ ကျန်းမာကြံ့ခိုင်ရေးကို အထူးအလေးပေးသည့်အနေဖြင့် နိုင်ငံအတွင်း မွေးဖွားလာသောကလေးများအား ချီလီဆိုသည့်အရပ်သို့ သွားရောက်စေပြီး ကျန်းမာရေး စစ်ဆေးသည့်အဖွဲ့ထံ စစ်ဆေးခံရကြောင်း၊ ကျန်းမာသန်စွမ်းသည့် ကလေးများအား နိုင်ငံက အစစအရာရာ တာဝန်ယူ ပြုစုပျိုးထောင်ပြီး ကျန်းမာသန်စွမ်းမှုမရှိ၊ ကိုယ်လက်အင်္ဂါပြည့်စုံခြင်း မရှိသည့် ကလေးငယ်များအား အပိုဗီသီဆိုသည့် ချောက်ကမ်းပါးမှ အောက်သို့ ပစ်ချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖတ်ရှုမှတ်သားဖူးပါသည်။ ကျန်းမာသန်စွမ်း၍ ရောဂါကင်းသောကလေးများအား နိုင်ငံတော်က အားကစားနှင့် စစ်ရေးပညာများ တွဲဖက်သင်ကြားပေးပြီး ကျန်းမာသန်စွမ်းသော လူငယ်များဖြင့် တောင့်တင်းခိုင်မာသောစစ်တပ်ကို ဖွဲ့စည်းကာ နိုင်ငံ၏ကာကွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးရာအဖြာဖြာတို့ကို တည်ဆောက်ခဲ့ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာ ကြံ့ခိုင်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့သည့် ရာဇဝင်အထောက်အထားများကို တွေ့ရမည်ဖြစ်ပါသည်။ ဤသည်ကား တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးသည် လွန်စွာအရေးကြီးသည်ကို ဖော်ညွှန်းနေခြင်းပင်ဖြစ်ပါသည်။

လူထုအားကစား ပေါ်ပေါက်လာပုံ

လူထုအားကစား စတင်ပေါ်ပေါက်လာခြင်းနှင့် ပတ်သက်၍ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၅၅-၁၉၅၆ ခုနှစ်ဝန်းကျင်ခန့်တွင် စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု မှတ်သားဖူးပါသည်။ အဆိုပါအချိန် ကာလတွင် နိုင်ငံအများစုသည် လွတ်လပ်ရေးရရှိခဲ့ကြပြီး ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးစစ်ဒဏ်ခံရသည့်အတွက် တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ကြရပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်သည့် အရာမှာ ပြည်သူများ၏ ကာယကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကို ဦးစားပေးပျိုးထောင်ပေးခြင်း မှတစ်ပါး အခြားနည်းလည်းမရှိကြောင်း သိရှိခဲ့ကြပါသည်။ 

တိုင်းပြည် ပြန်လည်ထူထောင်ရေးကာလတွင် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ တည်ဆောက်ရာ၌ ကုန်ထုတ်စွမ်းအား မြင့်မားရေးအတွက် ကျန်းမာသန်စွမ်းသည့် ကာယ၊ ဉာဏ လုပ်သားကောင်းများရရှိရန် လိုအပ်သကဲ့သို့ တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ရန်အတွက် ကျန်းမာသန်စွမ်းသည့် စစ်သည်များလည်း မရှိမဖြစ် လိုအပ်လာပါသည်။ သို့ဖြစ်၍ ကျန်းမာသန်စွမ်းသည့် ပြည်သူပြည်သားများ ဖြစ်လာစေရေးအတွက် အားကစားလှုပ်ရှားမှုများကို ပြည်သူတစ်ရပ်လုံး ပါဝင်လာအောင် ဆောင်ရွက်ပေးရမည့် နည်းလမ်းမှတစ်ပါး အခြားနည်းလမ်းမရှိကြောင်းလည်း သိရှိနားလည်လာခဲ့ကြပါသည်။ အဆိုပါကာလများတွင် ဆောင်ရွက်ခဲ့သည့် အားကစားလှုပ်ရှားဆောင်ရွက်မှုများမှာ အပျင်းပြေသဘောမျိုးမဟုတ်ဘဲ အမျိုးသားရေး စိတ်ဓာတ်နှင့် သမိုင်းပေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့ကြခြင်းလည်း ဖြစ်ပါသည်။ 

မြန်မာနိုင်ငံအနေဖြင့်လည်း ၁၉၆၄ ခုနှစ်မှ စတင်၍ ကျန်းမာကြံ့ခိုင်မှုနှင့်ပြည့်စုံသည့် ပြည်သူ များ ဖြစ်ပေါ်လာစေရေးအတွက် Mass Sports ဟု ခေါ်သည့် လူထုအားကစားလုပ်ငန်းများကို “လူတစ်စုအားကစားမှ လူထုအားကစား” ဆိုသည့် ဆောင်ပုဒ် စိုက်ထူစွဲကိုင်ပြီး “ကျေးရွာအဆုံး၊ တစ်ပြည်လုံး၊ ဆင်းရဲချမ်းသာ ကစားပါ” ဆိုသည့် ကြွေးကြော်သံဖြင့် လူထုအားကစားလှုပ်ရှားမှုများအတွက် တပ်လှန့်နှိုးဆော်ခဲ့သည့် အားကစားသမိုင်း မှတ်တိုင်များ ခိုင်ခိုင်မာမာရှိခဲ့ကြောင်း တွေ့ရှိရပါသည်။    

လူထုအားကစား၏ သဘောသဘာဝများ

လူထုအားကစားပေါ်ပေါက်လာရခြင်း သမိုင်းကြောင်းအပေါ် အခြေခံ၍ လူထုအားကစားနှင့် ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် “လူထု အားကစားဆိုသည်မှာ အားကစားလှုပ်ရှား ဆောင်ရွက်မှုအရပ်ရပ်တွင် လူအများစုသာမဟုတ်ဘဲ လူထုတစ်ရပ်လုံး ပါဝင်လှုပ်ရှားကစားခြင်း” ဟူ၍ လည်းကောင်း၊ “လူထုအားကစားဆိုသည်မှာ ငွေကုန်ကြေးကျနည်း၍ လူကြီး၊ လူငယ်၊ လူရွယ်၊ လူလတ်၊ ယောကျ်ား၊ မိန်းမမရွေး လွယ်လင့်တကူ စုပေါင်းလေ့ကျင့်နိုင်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း” ဟူ၍လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။ လူထုအားကစားမှာ အခြားအားကစား နည်းများကဲ့သို့ လေ့ကျင့်ယှဉ်ပြိုင်ခြင်းများ မပါဝင်ဘဲ ကျန်းမာကြံ့ခိုင်မှုရှိရေးကို ဦးတည်၍ လူအများ လွတ်လပ်ပျော်ရွှင်စွာ စုပေါင်းဆောင်ရွက်ကြခြင်းမျိုးဖြစ်ပါသည်။

လူထုအားကစား လှုပ်ရှားမှုများဖြစ်သည့် စုပေါင်းလမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို စုပေါင်းပြုလုပ်ခြင်းများသည် အားကစား အထောက်အကူပြုပစ္စည်းမလိုခြင်း၊ အသက်အရွယ် ကျား၊ မ မရွေး စုပေါင်းပါဝင်လှုပ်ရှားနိုင်ခြင်းတို့ အပြင် ပြိုင်ပွဲအသွင်မဟုတ်သည့်အတွက် ပါဝင်ဆင်နွှဲသူအားလုံး လွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ နိုင်ကြမည် ဖြစ်ပါသည်။ လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို တစ်ဦးချင်း ပုံမှန် ပြုလုပ်မည်ဆိုပါက ပြုလုပ်သူတစ်ဦးချင်း ကျန်းမာကြံ့ခိုင်မည်ဖြစ်ပြီး မိသားစုအလိုက်သော် လည်းကောင်း၊ အသင်းအဖွဲ့အလိုက်သော်လည်းကောင်း၊ ရုံးဌာနအလိုက်သော်လည်းကောင်း၊ ကျောင်းအလိုက် သော်လည်းကောင်း စုပေါင်းဆောင်ရွက်ပါက ပါဝင်ဆောင်ရွက်သူများအားလုံး ကျန်းမာခြင်း၏ အကျိုးကို မလွဲမသွေ ရရှိခံစားကြရမည်ဖြစ်ပါသည်။ 

သို့ဖြစ်၍ နိုင်ငံအတွင်းရှိ ပြည်သူအများ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ယခင်အားကစားနှင့် ကာယပညာကော်မတီ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှသည် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပါအဝင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် ဒီဇင်ဘာလကို လူထုအားကစားလအဖြစ် သတ်မှတ် ၍ လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခုကို ပြုလုပ်ခြင်း အလေ့အကျင့်များ ဖြစ်ပေါ်လာစေရေးအတွက် ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်းတွင် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လှုပ်ရှားမှုများနှင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်နိုင်ရန် စီမံချက်များ ချမှတ်၍ တွန်းအားပေးဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ 

ထိုသို့ ဆောင်ရွက်ပေးနေခြင်းမှာ ပြည်သူများ၏ ကျန်းမာရေးအတွက် ကောင်းမွန်သည့် အလေ့ အကျင့်များရရှိစေရန် ဝန်ကြီးဌာနအနေဖြင့် အစပျိုး အကောင်အထည်ဖော်ပေးနေခြင်းသာ ဖြစ်ပါသည်။ ထိုအလေ့အကျင့်ကောင်းများကို ပြည်သူများအနေဖြင့် လိုက်ပါဆောင်ရွက်ကြရန်သာ လိုအပ်ပါသည်။ လူတစ်ဦးချင်းမှ အစပြု၍ ပြည်သူတစ်ရပ်လုံး နေ့စဉ် အနည်းဆုံး နာရီဝက်ခန့် ပုံမှန်လမ်းလျှောက်ခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကိုသာ ပုံမှန်ပြုလုပ်ကြမည်ဆိုပါက အားလုံးကျန်းမာ လာကြမည်ဖြစ်ပါသည်။ ပြည်သူတစ်ရပ်လုံးသာ ပင်ကိုကျန်းမာရေးအသိဖြင့် လိုက်ပါလုပ်ဆောင် ကြမည်ဆိုလျှင် ပြည်သူအများ ကျန်းမာလာကြမည်ဖြစ်၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဆိုသည့် အချက်ကို ပြည်သူများကိုယ်တိုင် အလိုလို လိုက်နာအကောင်အထည်ဖော်ပြီးသား ဖြစ်သွားမည် ဟုလည်း ယုံကြည်မိပါသည်။

လူထုအားကစားမြှင့်တင်ခြင်းနှင့် အားကစားအောင်မြင်မှု တိုက်ရိုက်အချိုးကျသည့် အခြေအနေများ

၁၉၆၀ ပြည့်လွန်နှစ်များတွင် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အားကစားကို လူထုအားကစား လှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။ ထိုခေတ် ထိုအခါက လူထု အားကစားလအဖြစ် သတ်မှတ်ထားသည့် ဒီဇင်ဘာလအတွင်း အပတ်စဉ် စနေနေ့တိုင်း လူထုစုပေါင်း လမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်မှု ပြုလုပ်ခြင်းများအပြင် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ ၎င်းအပြင် (ဥပမာ- လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ တောင်သူလယ်သမားနေ့၊ အလုပ်သမားနေ့များကဲ့သို့) နေ့ကြီး/ရက်ကြီးများတွင် မြန်မာပြည်အနှံ့ အားကစားပြိုင်ပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြသည်။ ရပ်ကွက်/ကျေးရွာ ပေါင်းစုံ၊ မြို့နယ်ပေါင်းစုံ၊ ခရိုင်ပေါင်းစုံ အားကစား ပြိုင်ပွဲများကို ဒေသဆိုင်ရာ၊ အဖွဲ့အစည်းအဆင့်ဆင့်၊ အားကစားဝါသနာရှင်များ၊ မြို့မိမြို့ဖများ၊ စေတနာရှင်၊ အလှူရှင်များ အပါအဝင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။ ပြိုင်ပွဲများလည်း ခြိမ့်ခြိမ့်သဲ စည်ကားခဲ့သည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အားကစားကို စိတ်ပါဝင်စားသည့် မြို့မိ၊ မြို့ဖများ၊ အားကစားဝါသနာရှင်များနှင့် အားကစားဆပ်ကော်မတီများ ပူးပေါင်း၍ မြန်မာပြည်အနှံ့ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများ ကျင်းပခဲ့ကြသည်။

ထိုခေတ်ကာလက ပြည်နယ်/ တိုင်းဒေသကြီး အားကစားပြိုင်ပွဲများမှာ အဆင့်အတန်းမြင့်မားပြီး ပြိုင်ဆိုင်မှု ပြင်းထန်သည့်အတွက် ထိုပြိုင်ပွဲများမှ အားကစားနည်းအလိုက် ထူးချွန်သည့် မျိုးဆက်သစ်များ ပေါ်ထွက်မှုကြောင့် မြန်မာ့အားကစားအဆင့်အတန်း မြင့်မားခဲ့သည်။ ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲများ၊ တံခွန်စိုက်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပ၍ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရယူကာ ထိုခေတ် ထိုအခါက ဒေသတွင်း အားကစားပြိုင်ပွဲ များတွင် အမြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အရှေ့တောင် အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ (SEAP Games)ပြိုင်ပွဲများတွင် မြန်မာ့အားကစား ထိပ်တန်းမှ ရပ်တည်နိုင်ခဲ့သည်မှာ လူထုအားကစားမြှင့်တင်ဆောင်ရွက်ခြင်းနှင့် အားကစားအောင်မြင်မှု တိုက်ရိုက်အချိုးကျသည့်အခြေအနေများပင် ဖြစ်ပါတော့သည်။

ရွှေရောင်လွှမ်းခဲ့သည့်ကာလများမှ အားကစားအောင်မြင်မှု တစ်စိတ်တစ်ဒေသ
မြန်မာနိုင်ငံအနေဖြင့် လူထုအားကစားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ၁၉၆၀ ပြည့်လွန်နှစ်များမှ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း မြန်မာ့အားကစား အောင်မြင်မှုများကို ပြန်ကြည့်လျှင် အရှေ့တောင်အာရှအဆင့်တွင် ထိပ်တန်း၌ရပ်တည်နိုင်ခဲ့ပြီး အာရှအဆင့်အထိ ထိုးဖောက်ကာ ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်ကို တွေ့ရသည်။ 

အဆိုပါကာလများအတွင်း အားကစားနည်းအလိုက် အောင်မြင်မှုများစွာရှိသည့်အနက် အောင်မြင်မှုအချို့ကို ကောက်နုတ်ဖော်ပြရမည်ဆိုလျှင် ၁၉၆၁ ခုနှစ် မြန်မာနိုင်ငံ၌ ဒုတိယအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကြီးအား ပထမအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် အားကစားနည်းအလိုက် ပြိုင်ပွဲ ပွဲစဉ်ပေါင်း ၇၉ ပွဲ ထည့်သွင်း ကျင်းပခဲ့ကြရာ ပွဲစဉ်ပေါင်း ၃၅ ပွဲတွင် မြန်မာနိုင်ငံမှ အောင်မြင်မှု ဆုတံဆိပ်များရရှိခဲ့ပြီး နိုင်ငံအလိုက် ပထမအဆင့်တွင် ရပ်တည်နိုင်ခဲ့သည်။ အလားတူ ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ၌ ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲကြီးတွင်လည်း မြန်မာနိုင်ငံအနေဖြင့် အားကစားနည်းအလိုက် ပြိုင်ပွဲ ပွဲစဉ်ပေါင်း ၁၄၅ ပွဲ ထည့်သွင်းကျင်းပခဲ့ရာ ပွဲစဉ်ပေါင်း ၅၇ ပွဲ၌ အောင်မြင်မှု ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် ပထမနေရာ ရပ်တည်နိုင်ခဲ့ပြန်ပါသည်။ ဒုတိယအကြိမ် ကျွန်းဆွယ်အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် အားကစားနည်း တစ်ခုတည်းမှ ရွှေတံဆိပ်ခုနစ်ခု ရရှိခဲ့ပြီး ပဉ္စမအကြိမ် ကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်းတစ်ခုတည်းမှ ရွှေတံဆိပ် အခု ၂၀ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ထို့ပြင် အဆိုပါကာလများအတွင်း မြန်မာဘောလုံးအသင်းသည် ၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁၊ ၁၉၇၃ ခုနှစ်များတွင် ငါးနှစ်ဆက်တိုက် အရှေ့တောင်အာရှကျွန်းဆွယ် ချန်ပီယံဖြစ်ခဲ့ပြီး ၁၉၆၆ ခုနှစ်နှင့် ၁၉၇၀ ပြည့်နှစ်များတွင် ကျင်းပသည့် အာရှအားကစားပြိုင်ပွဲများတွင် နှစ်ကြိမ် ဆက်တိုက် အာရှချန်ပီယံဖြစ်ခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံများတွင် အာရှချန်ပီယံ နှစ်ကြိမ်ဖြစ်ခဲ့သည့်နိုင်ငံဟူ၍ မြန်မာနိုင်ငံတစ်နိုင်ငံသာရှိခဲ့သည့် သမိုင်းမှတ်တမ်းလည်း ဝင်ခဲ့သည်။ အဆိုပါကာလများအတွင်း ဒေသတွင်း ဘောလုံးပြိုင်ပွဲများဖြစ်သည့် မာဒေးကား ချန်ပီယံသုံးကြိမ်၊ ပတ်ချုံဟီး ဖလားချန်ပီယံသုံးကြိမ်၊ ဂျကာတာဖလားချန်ပီယံ လေးကြိမ်၊ မာရာဟာလင်ဖလားချန်ပီယံ သုံးကြိမ်နှင့် အာရှလူငယ်ချန်ပီယံ ရှစ်ကြိမ်အထိ ဆွတ်ခူး ရရှိခဲ့သည့် မှတ်တမ်းများအရ အဆိုပါကာလများတွင် မြန်မာ့အားကစား ရွှေရောင်လွှမ်းခဲ့သည့် ကာလများ၏ အောင်မြင်မှု တစ်စိတ်တစ်ဒေသကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနေသည့်အားကစား
အားကစားအောင်မြင်မှုသည် နိုင်ငံအတွက် ပုံရိပ်ကောင်းတစ်ခုနှင့် နိုင်ငံ့ဂုဏ်မြှင့်တင်ရေးကို တိုက်ရိုက် အထောက်အကူပြုလျက်ရှိပါသည်။ အားကစားပြိုင်ပွဲများသည် နိုင်ငံတစ်နိုင်ငံ၏ လုပ်ကိုင်နိုင်သည့် စွမ်းဆောင်ရည်နှင့် စိတ်ဝင်စားစရာနေရာ (အကျိုးစီးပွား)များကို ပြသနေပါ သည်။ ထို့ပြင် နိုင်ငံ၏ ထူးချွန်ထက်မြက်မှုနှင့် ထိုထူးချွန်ထက်မြက်မှုများကြောင့် ပေါ်ထွက်လာ သည့် ပုံရိပ်ကောင်းများကို ကမ္ဘာတစ်လွှားသို့ ဖြန့်ကြက်ပျံ့နှံ့ သိရှိစေပါသည်။

ထို့ပြင် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အားကစားမှ များစွာအထောက်အကူပြုနေပါသည်။ အားကစားလှုပ်ရှားမှုကိုယ်တိုင်က စီးပွားရေး တစ်ရပ်လည်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးလျက်ရှိနေပြန်ပါသည်။ ဆိုလိုသည်မှာ အားကစားပစ္စည်းများ တပ်ဆင်ခြင်း၊ အားကစားပစ္စည်းကိရိယာနှင့် အားကစားဝတ်စုံများ ထုတ်လုပ်ခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် နည်းပြလုပ်ငန်းများ၊ သရုပ်ပြဆရာများ၊ အားကစား ကင်းထောက်နှင့် ကိုယ်စားလှယ် အေးဂျင့်များ၊ အားကစားပြိုင်ပွဲများကို တာဝန်ယူကျင်းပပေးသော အဖွဲ့အစည်းလုပ်ငန်းများ၊ အားကစားအသိုက်အဝန်း တစ်ခုလုံးကို လွှမ်းခြုံချိတ်ဆက်နိုင်သည့် ဆက်သွယ်ရေးလုပ်ငန်းများနှင့် (Sport Marketing) အားကစား ဈေးကွက်ရှာဖွေရေးလုပ်ငန်းများသည် အားကစားကိုအခြေခံပြီး ပေါ်ထွန်းလာသည့် လုပ်ငန်းများပင် ဖြစ်ပါသည်။

အလားတူ နိုင်ငံတကာ အားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းကလည်း အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် များစွာအကျိုးရှိစေပါသည်။ နိုင်ငံတကာအားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံများအနေဖြင့် အားကစားနည်းအလိုက် အခြေခံအဆောက်အအုံများ၊ အုပ်ချုပ်ရေး/ စီမံခန့်ခွဲရေးဆိုင်ရာ အပေါ်ထပ်အဆောက်အအုံများ အပါအဝင် စားသောက်ဆိုင်နှင့် နေရာထိုင်ခင်းများ၊ အစား အသောက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း များ၊ တည်းခိုနေထိုင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ အမှတ်တရနှင့် အထိမ်းအမှတ် လက်ဆောင်ပစ္စည်း အရောင်းဆိုင်များနှင့် ယာယီလုပ်ငန်းများ၊ ဆက်သွယ်ရေးနှင့် ဈေးကွက်ရှာဖွေရေး လုပ်ငန်းများ၊ ပုံနှိပ်ထုတ်ဝေရေးနှင့် မီဒီယာလုပ်ငန်းများ၊ လက်မှတ်ရောင်းချခြင်းနှင့် ခရီးသွားဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအထောက် အကူပြုလျက်ရှိပါသည်။

သို့ဖြစ်၍ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်းများ အပါအဝင် မီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အထောက်အကူပြုလျက်ရှိပါသည်။ အားကစားလုပ်ငန်းများနှင့် အားကစားပြိုင်ပွဲများသည် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအား အထောက်အကူပြုနေသည့်အတွက် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတိုင်းက မိမိတို့ နိုင်ငံ၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်း ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။

အားကစားလှုပ်ရှားဆောင်ရွက်မှုများသည် ကျန်းမာရေးကို အထောက်အကူပြုသည့် အကြောင်းအရာများ ပြည်သူတစ်ဦးချင်းအနေဖြင့် မိမိ၊ မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံနှင့် မိမိလူမျိုးအကျိုး သယ်ပိုးစွမ်းဆောင်နိုင်ရန်အတွက် မိမိကိုယ်တိုင် ကျန်းမာသန်စွမ်းနေမှသာ အများအကျိုးကိုပါ ထမ်းရွက်နိုင်မည်ဖြစ်ပါသည်။ အားကစားလှုပ်ရှား ဆောင်ရွက်မှု (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုအရပ်ရပ်တွင် လမ်းလျှောက်ခြင်းသည် လူတစ်ဦးအတွက် အကောင်းဆုံးဆေးဖြစ်သည်ဟု အနောက်တိုင်းဆေးပညာရှင် ဂရိသမားတော် ဟစ်ပိုခရစ်က ဆိုပါသည်။

လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်သွေးလည်ပတ်မှု အားကောင်းလာစေခြင်း၊ သွေးတိုးရောဂါ၊ နှလုံး ရောဂါ၊ ဆီးချိုရောဂါ ဖြစ်ပွားခြင်းများကို လျော့ကျစေခြင်း၊ နှလုံးကို ကျန်းမာသန်စွမ်းစေခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ခြင်း၊ ခြေသလုံး၊ ပေါင်၊ တင်ပါး ကြွက်သားများ တောင့်တင်းလာစေပြီး ဝမ်းဗိုက်ကြွက်သားနှင့်ခါးကို အချိုးကျကျ လှပစေခြင်း၊ အူမကြီးကင်ဆာ၊ ရင်သား ကင်ဆာ၊ သားအိမ်ကင်ဆာ စသည့် ရောဂါဝေဒနာ ဖြစ်ပွားခြင်းများကို လျှော့ချပေးခြင်း၊ အဆုတ်ကို အားကောင်းစေ၍ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတို့ကိုလည်း သိသိသာသာ လျော့နည်းလာစေပြီး လန်းဆန်းတက်ကြွလာစေခြင်း၊ အရိုးအဆစ် ကျန်းမာစေခြင်း၊ သူငယ်ပြန်ရောဂါကို ကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။

ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်မှု များစွာရှိသည့်အနက် အလွယ်ကူဆုံး အရိုးရှင်းဆုံး ဖြစ်သည့် လမ်းလျှောက်ခြင်းကို နေ့စဉ်ပုံမှန် ဆောင်ရွက်မည်ဆိုလျှင်ပင် အကျိုးကျေးဇူးများစွာ ရရှိသည့်အတွက်လည်း နိုင်ငံတော်အနေဖြင့် ဒီဇင်ဘာလကို လူထုအားကစားလအဖြစ် သတ်မှတ်၍ ပြည်သူအများပါဝင်သည့် လူထုလမ်းလျှောက်ပွဲများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပဆောင်ရွက်ပေးနေခြင်း ဖြစ်ပါသည်။ ဤသည်မှာ အားကစားလှုပ်ရှားဆောင်ရွက်မှုများသည် ကျန်းမာရေးကို အထောက်အကူပြုနေသည့် အချက်များအနက် တစ်စိတ်တစ်ဒေသဖြစ်ပါတော့သည်။

လူထုအားကစားအောင်မြင်တိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် အကြံပြုတင်ပြချက်များ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပြည်သူအများ အားကစားလှုပ်ရှား ဆောင်ရွက်မှုများကို ပင်ကိုကျန်းမာရေးအသိဖြင့် လိုက်ပါဆောင်ရွက်လာစေရေးအတွက် အောက်ပါအချက်များကို ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုတင်ပြလိုပါသည်-

(၁)    ဒီဇင်ဘာလူထုအားကစားလ တစ်လတည်း လှုပ်ရှားဆောင်ရွက်နေရုံဖြင့် မလုံလောက် ဟု ယူဆမိပါသဖြင့် (မိုးတွင်းကာလမှအပ) တစ်နှစ်ပတ်လုံး လစဉ် လတစ်လ၏ ပထမပတ် စနေနေ့တိုင်းကို Physical Movement Day အဖြစ် သတ်မှတ်၍ လူထုစုပေါင်း လမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်မှု လေ့ကျင့်စဉ်များနှင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်နိုင်ရန် နိုင်ငံတော်အဆင့် မူဝါဒရရှိရေး တင်ပြဆောင်ရွက်သွားသင့်ပါသည်။

(၂)    အားကစားကွင်း/ အားကစားရုံ ပရဝဏ်များ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များ၊ လူစည်ကားရာ နေရာများတွင် ပြည်သူအများ လွယ်လင့်တကူ လှုပ်ရှားဆောင်ရွက်နိုင်သည့် Outdoor Fitness ပစ္စည်းများကဲ့သို့ အားကစားပစ္စည်းကိရိယာများ တီထွင်ကြံဆ ထုတ်လုပ်တပ်ဆင်ပေးခြင်း၊

(၃)    ရပ်ကွက်/ကျေးရွာအဆင့်မှစ၍ မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်/တိုင်း အဆင့်များတွင် အဆင့်နှင့်လျော်ညီသည့် အားကစားကွင်း/အားကစားရုံများ တိုးမြှင့် ဖော်ဆောင်ပေးခြင်း၊

(၄)    အားကစားပြိုင်ပွဲမျိုးစုံကို နယ်ပယ်ဒေသအစုံတွင် အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် တစ်နှစ်ပတ်လုံး ကျင်းပပေးခြင်းနှင့် (နွေ၊ မိုး၊ ဆောင်း) အခြေခံအားကစားသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခြင်း၊

(၅)    အမြို့မြို့အနယ်နယ်ရှိ လူစည်ကားရာ နေရာများ၊ စာသင်ကျောင်းများနှင့် အားကစားကွင်း/ အားကစားရုံများအနီး ပတ်ဝန်းကျင်တွင် လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ ရေးသားထားသည့် ဆိုင်းဘုတ်များ စိုက်ထူပေးခြင်း၊ 

(၆)    အားကစားအသိပညာဗဟုသုတ ပြန့်ပွားရေးနှင့် စိတ်ပါဝင်စားလာစေရေးအတွက် ဟောပြောပွဲ၊ သရုပ်ပြပွဲများ ကျင်းပပြုလုပ်ပေးခြင်းအပြင် အားကစားဆိုင်ရာ စာအုပ် စာတမ်းများ ထုတ်ဝေဖြန့်ချိပေးခြင်း၊

(၇)    လူအများ ပါဝင်လှုပ်ရှားကစားလာစေနိုင်ရေးအတွက် အခြေအနေနှင့် အခွင့်အရေးများ ဖန်တီးပေးခြင်း။

အမျိုးသားရေးအသိဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ခြင်း
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် လူထုအားကစား မြှင့်တင်ရေးလုပ်ငန်းများသည် များပြားကျယ်ဝန်းလှသည့်အတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတစ်ခုတည်းဖြင့် အောင်မြင် အောင်ဆောင်ရွက်၍မရနိုင်ဘဲ နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ မြန်မာ နိုင်ငံအားကစားအဖွဲ့ချုပ်များ၊ စီးပွားရေးလုပ်ငန်းရှင် ကြီးများ၊ NGO အဖွဲ့အစည်းအသီးသီးနှင့် အားကစား ဝါသနာရှင်များ၊ စေတနာရှင် အလှူရှင်များအပါအဝင် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်သွားမှသာ အောင်မြင်မှုရရှိမည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း…။ ။

ကိုးကား-
-    နေ့စဉ်ထုတ်သတင်းစာများမှ ဆောင်းပါးများ
-    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ လစဉ်ထုတ်ဝေသည့် Sports Magazine နှင့် သတင်းလွှာများ
-    အပတ်စဉ်ထုတ် အားကစားဂျာနယ်များ
-    National Sports Seminar စာအုပ်
-    Healthy Myanmar Seminar စာအုပ်
-    Physical Education Today for an Active and Healthy Population Tomorrow Seminar စာအုပ်