တစ်မျိုးသားလုံးနှင့်ဆိုင်သည့် ရာပြည့်သဘင်

နေပြည်တော် ၂၀ အောက်တိုဘာ

 

ရန်ကုန်တက္ကသိုလ်ကို တည်ထောင်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် ၁၀၀ ပြည့်ပြီ ဖြစ်သည်။ ပင်မရန်ကုန်တက္ကသိုလ်ကြီးနှင့် ယင်းမှပေါက်ဖွား လာသော တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များသည် ကုန်လွန်ခဲ့သော နှစ် ၁၀၀ ကာလအတွင်း ဘဝအဖုံဖုံ မြင်ကွင်းအစုံစုံ ပြောင်းလဲကာ နိုင်ငံ၏ လွတ်လပ်ရေး တိုက်ပွဲတွင်လည်းကောင်း၊ နိုင်ငံပြုပြင်ပြောင်းလဲရေး တွင်လည်းကောင်း၊ နိုင်ငံတည်ဆောက်ရေးတွင်လည်းကောင်း ထင်ရှားပြောင်မြောက်သော အခန်းကဏ္ဍများမှ ပါဝင်ခဲ့သည်။ 

 

 

နိုင်ငံတစ်နိုင်ငံ၏ အဓိကရင်းနှီးမြှုပ်နှံမှုမှာ ပညာဖြစ်ပြီး ထိုနိုင်ငံ၏ အနာဂတ်တောက်ပြောင်ရေး ၌လည်း ပညာသည်သာ အဓိက အခရာကျသည်။ ထိုပညာအမွေဖြင့် အခြေခံပညာရေးမှ အစပြုပြီး တက္ကသိုလ်ပညာတွင် အဆုံးသတ်ပြီးမြောက်အောင် ကြိုးပမ်းအားထုတ်ပြီးသည့် နောက် အနာဂတ် အဖုံဖုံကို ပြုပြင်စီမံဖန်တီးကြလေသည်။ ကောင်းမွေ၊ ဆိုးမွေအားလုံးတို့သည် ပညာအမွေသောက်ခဲ့ကြသူများအားလုံး၏ ဆင်ခြင်တုံတရားနှင့် တွေးခေါ်မြော်မြင် ကြိုးပမ်း အားထုတ်မှုအပေါ်တွင် မူတည်ပေသည်။ ထို့ကြောင့် ပညာရေးသည် နိုင်ငံအနာဂတ်အတွက် အလွန်အရေးကြီးပေသည်။

 

 

ထိုသို့ တိုင်းပြည်၏အခြေခံအရင်းအမြစ်၊ တိုင်းပြည်၏ အကျိုးရလဒ်တို့ တည်မှီရာသည် တက္ကသိုလ်နှင့် သက်ဆိုင်သည်ဖြစ်၍ ရန်ကုန်တက္ကသိုလ်နှင့် ပတ်သက်ခဲ့သည်ဖြစ်စေ၊ တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်ဖြစ်စေ တက္ကသိုလ်တွင် ပညာမသင်ကြားခဲ့သော်လည်း မိမိတို့၏မိသားစု အသိုင်းအဝိုင်းများနှင့် ပတ်သက်ကြသည်ဖြစ်၍ မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်ပေသည်။ ထို့ကြောင့် နှစ် ၁၀၀ ကာလတွင် ကြုံတောင့်ကြုံခဲ တစ်ကြိမ်သာ ကြုံရသည့် ရန်ကုန်တက္ကသိုလ်နှင့်သက်ဆိုင်သည့်ကိစ္စများကို ပြန်လည်သတိရ နိုးကြားတက်ကြွစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

 

ထူးကဲလေးနက်သည့် ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင် အခမ်းအနားကို အထူးအလေးအမြတ် ပြုသောအားဖြင့် တစ်နှစ်တာပတ်လုံး ကျင်းပပြုလုပ် နိုင်ရန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက် နေ့မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့အထိ အကြိုလှုပ်ရှားမှုများ ပြုလုပ်ရန်စီစဉ်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ အချိန်တစ်လကျော်ကြာ ရာပြည့်သဘင်ကို စည်ကား သိုက်မြိုက်ပျော်ရွှင်စွာဆင်နွှဲရန် ပြင်ဆင်ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်ရောက်သည် နှင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပေါ်လာသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ (ကိုဗစ်-၁၉) မမျှော်လင့်ဘဲဖြစ်ပေါ်လာသောကြောင့် မူလအစီအမံများ တုံ့ဆိုင်းသွားခဲ့ ရပေသည်။

 

 

သို့သော် သမိုင်းကြောင်း အစဉ်အလာကြီးမားသော၊ လေးစားဂုဏ်ယူ ပျော်ရွှင်ကြည်နူး မြတ်နိုးဖွယ်ရာ ဂုဏ်အင်္ဂါများနှင့်ပြည့်စုံသော ရန်ကုန် တက္ကသိုလ်ရာပြည့်သဘင်ကို ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းများနှင့်အညီ အတတ်နိုင်ဆုံး၊ အဖြစ်နိုင်ဆုံး၊ အကောင်းဆုံး အားလုံးပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အခမ်းအနားကို ဆင်နွှဲကျင်းပပြုလုပ်ရာတွင် ရန်ကုန်တက္ကသိုလ် ၏ထင်ရှားကျော်ကြားသည့် သမိုင်းမော်ကွန်းများ၊ ထူးခြားပြောင်မြောက်သည့် အစဉ်အလာ ကောင်းများ၊ ဂုဏ်ယူမြတ်နိုး မမေ့နိုင်ဖွယ်ရာတို့ကို ရှာဖွေဖော်ထုတ် ဆက်လက် ထိန်းသိမ်းမြှင့်တင်ကာ ရာပြည့်သဘင် ဦးတည်ချက်များနှင့်အညီ ကျေပွန်စွာ ပါဝင်ထမ်းရွက် နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

 

 

ယခုအခါ ကိုဗစ်-၁၉ ရောဂါကို နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များ၊ ပြည်သူများ အတူလက်တွဲ၍ တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်နေသောကြောင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အလားအလာ ကောင်းဘက်သို့ ဦးတည်နေသည်ဟုဆိုရမည်ဖြစ်သည်။ လက်ရှိတွင် ကိုဗစ်ရောဂါ ဖြစ်ပွားနေဆဲဖြစ်၍ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်ကို ဝေဝေဆာဆာ ကျင်းပနိုင်ရန် အွန်လိုင်းမျက်နှာစာ၊ ပုံနှိပ်မျက်နှာစာတို့မှ အကောင်းဆုံး ဖော်ထုတ်ပေးပြီး လာမည့်ဒီဇင်ဘာလ ရောက်ရှိ၍ ရောဂါအခြေအနေ ကောင်းမွန်သွားပါက ရာပြည့်သဘင်ကို သိုက်သိုက်မြိုက်မြိုက် စုံစုံလင်လင် ဆင်ယင်ကျင်းပနိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။

 

 

သို့ဖြစ်ရာ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်သည် မြန်မာတစ်မျိုးသားလုံး၊ ပညာရေးလောက တစ်ခုလုံးနှင့် သက်ဆိုင်သော အထိမ်းအမှတ် အခမ်းအနားဖြစ်၍ ရာပြည့်သဘင်ကြီး ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ပေါ်ထွက်လာစေရန် ရန်ကုန်တက္ကသိုလ် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူဟောင်းများ၊ မျိုးဆက်သစ် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများအားလုံး အမျိုးသားရေးအသိဖြင့် တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း။

 

ကြေးမုံ