တစ်နေ့ ၁ နာရီလောက် အချိန်ပေးပြီး စက်ဘီးစီးကြည့်ပါလား

၆၊  ဒီဇင်ဘာ

မြန်မာလူမျိုးအတော်များများဟာ စက်ဘီးနဲ့ မကင်းကြပါဘူး။ ငယ်စဉ်က စီးဖူးတာရှိသလို ခုချိန်အထိ စက်ဘီးကို နေ့စဉ်လူနေမှုဘဝမှာ အသုံးချနေကြဆဲလူတွေလည်း ရှိကြမှာပါ။

 

ခေတ်မီသယ်ယူပို့ဆောင်ရေး ပစ္စည်းတွေ ပေါ်ပေါက်လာချိန်မှာ စက်ဘီးစီးတဲ့ အလေ့အထဟာ တဖြည်းဖြည်း နောက်ဆုတ်သွားခဲ့ပါတယ်။ ခုချိန်ထိ စက်ဘီးကို နှစ်နှစ်ခြိုက်ခြိုက် စီးနင်းနေကြဆဲလူတချို့တော့ ရှိနေဆဲပါ။

 

ကိုဗစ်ရောဂါကပ်ဘေးကြောင့် Social Distancing တွေ Stay Home တွေ လုပ်လာကြရတဲ့အခါ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေကို အသုံးပြုမှုလျော့ကျလာပါတယ်။ ကိုယ်ပိုင် မော်တော်ယာဉ်ဆိုတာကလည်း လူတိုင်းပိုင်ဆိုင်ကြတာမျိုး မဟုတ်သလို ပိုင်ဆိုင်ခဲ့ရင်တောင်မှ ကုန်ကျစရိတ်က များလှတယ်မဟုတ်လား။

 

နိုင်ငံတကာမှာဆိုရင်တော့ စက်ဘီးစီးတဲ့ အလေ့အထ ပြန်လည်ခေတ်စားလာနေပြီး တိုင်းပြည်အသီးသီးရဲ့ အစိုးရတွေက စက်ဘီးစီးဖို့ သီးသန့်လမ်းတွေ ဖောက်ပေးဖို့တောင် ကြိုးပမ်းနေကြပါပြီ။ ဗြိတိန်မှာဆို လန်ဒန်တစ်မြို့တည်းမှာတင် စက်ဘီးသီးသန့်လမ်းဖောက်ဖို့ ပေါင် ၁ ဘီလီယံ သုံးစွဲတော့မှာပါ။

 

သူတို့ ဘာကြောင့် စက်ဘီးစီးဖို့ ဒီလောက်တောင် အင်တိုက်အားတိုက် လုပ်နေကြတာလဲ။ စက်ဘီးစီးတာ ဘာအကျိုးကျေးဇူးတွေ ရလို့လဲ။

 

စက်ဘီးစီးခြင်းနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု

အဖြေကတော့ ရှင်းပါတယ်။ စက်ဘီးစီးတာဟာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းအတွက်ပါ အကျိုးဖြစ်ထွန်းနိုင်ပါတယ်။ စက်ဘီးစီးတဲ့ အလေ့အထဟာ အိမ်တွင်းအောင်းနေရတာကြောင့် စိတ်ဓာတ်ကျနေတဲ့လူတွေ၊ အဝလွန်နေတဲ့လူတွေကို ပုံမှန်ဘဝဆီ ပြန်လည်သယ်ဆောင်သွားပေးနိုင်ပါတယ်။

 

ပုံမှန်အားဖြင့် စက်ဘီးစီးတာဟာ ကိုယ်အလေးချိန် လျှော့ချတာအပြင် နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ သွေးတိုး၊ ဆီးချို၊ အရိုးနဲ့သက်ဆိုင်တဲ့ရောဂါတွေ သက်သာစေဖို့ အကျိုးပြုနိုင်ပါတယ်။ သက်လုံလည်း ကောင်းစေနိုင်ပါသေးတယ်။

 

စက်ဘီးတစ်နေ့ကို ၁ နာရီလောက် စီးပေးမယ်ဆိုရင်တောင်မှ နှစ်ပတ်အကြာမှာ သင့်ခန္ဓာကိုယ်မှာ အောင်ပါအတိုင်း အကျိုးထူးတွေ ခံစားလာရမှာပါ။

• ထိခိုက်ဒဏ်ရာရတာနည်းလာမယ်

• ကြွက်သားတွေ တောင့်တင်းကြံ့ခိုင်လာမယ်

• အားကစားပြုလုပ်ရာမှာ ပိုမိုလွယ်ကူလာမယ်

• ကြံ့ခိုင်မှုနဲ့ သက်လုံကောင်းမွန်လာမယ်

• ဖျားနာတာ၊ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ခဲ့ရင် ပျောက်ကင်းနှုန်း ပိုမိုမြန်ဆန်လာမယ်

• ကိုယ်ရေစစ်လာမယ်။

• ကိုယ်အလေးချိန် ၁ ကီလိုဂရမ် (၂ ပေါင်) လောက် ကျသွားမယ်။

 

တကယ်လို့ သင်က ပုံမှန် စက်ဘီးစီးနေတဲ့ သူတစ်ယောက်ဆိုပါစို့။ ဒါဆိုရင်တော့ စက်ဘီးပုံမှန် စီးတာကြောင့် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ အကျိုးကျေးဇူးအများအပြား ရရှိလာမှာပါ။ ဘာတွေလဲဆိုရင်တော့

• နှလုံးကြံ့ခိုင်မှုတိုးတက်လာမယ်

• ခန္ဓာကိုယ်တောင့်တင်းသန်မာလာမယ်

• ပေါ့ပါးသွက်လက်လာမယ်

• အဆစ်အမြစ်တွေ အားကောင်းလာမယ်

• စိတ်ဖိစီးမှု လျော့ကျလာမယ်

• ကိုယ်ဟန်အနေအထား ကြည့်ကောင်းလာမယ်

• အရိုးတွေ ခိုင်မာလာမယ်

• အဆီတွေ လျော့ကျလာမယ်

• စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကတွေကို လျော့ချနိုင်လာမယ်။

 

ဘဝအတွက်လို့ ရည်ရွယ်ပြီး စီးပါ

စက်ဘီးစီးတာပဲ ဘာလို့ ဘဝအတွက် ရည်မှန်းရမှာတုန်းလို့ မေးစရာတော့ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုတွေးကြည့်ပါ။ စက်ဘီးကို အလှစီးတာမဟုတ်ဘဲ၊ ကုန်ကျစရိတ်သက်သာစေဖို့၊ ဘေးအန္တရာယ်ကင်းစေဖို့၊ သွားလာရေးလွယ်ကူစေဖို့၊ ကျန်းမာစေဖို့ ရည်ရွယ်စီးနေကြတာ မဟုတ်လား။ ဒီအချက်တွေအားလုံးက နေ့စဉ်လူနေမှုဘဝမှာသာမကဘူး ဘဝအတွက်လည်း အရေးကြီးတယ်ဆိုတာ ထင်ရှားနေပြီပဲ။

 

ကိုဗစ်ကာလမှာ ကမ္ဘာတစ်လွှား စက်ဘီးမတော်တဆမှုနဲ့ စက်ဘီးအခိုးခံရမှုပမာဏတွေ ၂ ဆ အထ မြင့်တက်လာ နေပါတယ်။ သိမှတ်ထားဖို့က လူသုံးပြန်များလာတဲ့အခါ ဒီလိုပြဿနာတွေဟာလည်း လိုက်ပါမြင့်တက်လာတာ သဘာဝပါပဲ။

 

ဒီတော့ စိတ်ရောကိုယ်ပါ ကျန်းမာဖို့နဲ့ အသုံးစားရိတ် တွက်ခြေကိုက်ဖို့အတွက် စက်ဘီးစတဲ့အလေ့အထဟာ ကမ္ဘာတစ်လွှားမှာ လူကြိုက်များတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်လာနေပါပြီ။

 

တကယ်လို့ ကိုယ့်ကျန်းမာရေး တစ်ခုတည်းအတွက်ပဲ ရည်ရွယ်ပြီး တစ်နေ့ကို ၁ နာရီလောက် အချိန်ပေးပြီး စက်ဘီးစီးမယ်ဆိုရင်တောင်မှ သိပ်မကြာခင်မှာ သင့်ရဲ့ ကျန်းမာရေးဟာ သိသိသာသာ ပြောင်းလဲတိုးတက်လာမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Ye Zon Aung

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”