တစ်နိုင်ငံလုံးတွင် စစ်ကိုင်းမြို့မှာသာ ကျင်းပလေ့ရှိသည့် ဘဲဥထုပွဲ

မန္တလေး ၁ ဖေဖော်ဝါရီ

 

ဆယ့်နှစ်လရာသီထဲက တပို့တွဲလတွင် မြန်မာတစ်နိုင်ငံလုံးက နေရာအနှံ့အပြားတွင် ထမနဲပွဲများ ကျင်းပလေ့ရှိကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက်ရှိ ဇိနမာရ်အောင် လောကချမ်းသာ ကြေးဘုရားကြီး၏ ဘုရားပွဲတွင် ထမနဲပွဲနှင့်အတူ ကျင်းပလေ့ရှိသည့် ဘဲဥထုပွဲဟာ လူသိများလာ ထင်ရှားလာသည်။ စစ်ကိုင်းမြို့ တစ်မြို့လုံးသာမက အနီးပတ်ဝန်းကျင်ရှိ မြို့ရွာများအထိ လူသိများလာသည်က တစ်နိုင်ငံလုံးတွင် တစ်ခုတည်းသာရှိသည့် ဘဲဥထုပွဲတော် ပဲဖြစ်သည်။

 

ဘုရားပွဲတော်ကို အဖိတ်နေ့ (တပို့တွဲလပြည့်မတိုင်မီရက်)မှ စတင်ကာ တပို့တွဲလပြည့်ကျော် တစ်ရက်နေ့အထိ ကျင်းပလေ့ရှိသည်။ ဒေသခံများနဲ့ ကြေးဘုရားကြီး ဂေါပကအဖွဲ့များ၏ ပြောစကားများအရ ဘဲဥထုပွဲတော်ဟာ မင်းတုန်းမင်းလက်ထက် အစေခံတပ်မှ တပ်သားများ ကင်းစောင့်ချိန်တွင် ဘဲဥပြုတ်များနှင့် အပျော်တမ်း ဆော့ကစားရာက ယခုလို ဘဲဥထုပွဲဖြစ်လာသည်ဟု သိရသည်။ အချို့ကတော့ ယခင်က သီးသီးဖြင့်ထုကစားရာက နောက်ပိုင်းတွင် ဘဲဥဖြင့်ထုကစားခြင်းဖြစ်လာသည်ဟု အမျိုးမျိုးပြောနေကြသည်။

 

ကြေးဘုရားကြီး၏ တောင်ဘက်တွင် ဧရာဝတီမြစ်ကမ်းပါးတွင် တည်ရှိပြီး ယင်းနှစ်ခုအကြားတွင်ရှိသည့် ပဲ့နင်းဘုရားတွင် ဘဲဥထုပွဲကို ပျော်ရွှင်စွာကျင်းပကြသည်။ ပဲ့နင်းဘုရားပရိဝုဏ်သည် ပေ ၃၀ ပတ်လည်ဝန်းကျင်ခန့်သာ ကျယ်ဝန်းပြီး အလယ်တွင် ပဲ့နင်းဘုရားတည်ထားသည်။ ဘဲဥထုပွဲကို ညနေ ၅ နာရီခန့်မှစကာ ည ၁၀ နာရီအထိ ကျင်းပလေ့ရှိပြီး ညပိုင်းအချိန်တွင် ပဲ့နင်းဘုရား ရင်ပြင်အပြည့် ကြိတ်ကြိတ်တိုးစည်ကားလှသည်။

 

တစ်တင်းဝင် နှီးတောင်းလေးများထဲတွင် ဘဲဥပြုတ်များထည့်ထားကာ အပေါ်တွင် ဆန်ကောတစ်ချပ် တင်ထားသည်။ ဆန်ကောထဲတွင် နို့ဆီဗူးခွံ  နှစ်ခု၊ မန်ကျည်းသီးအစေ့၊ ဆီမီးခွက်များတင်ထားသည်။

 

မန်ကျည်းသီးအစေ့များသည် ဘဲဥအရေအတွက်မှတ်ရန်ဖြစ်သည်။ ဆီမီးခွက်သည် ဘဲဥတွင် အနာအဆာပါ/မပါ၊ အက်ကွဲရာပါ/မပါ ကြည့်ကြသည်။ အချို့က ဆီမီးခွက်အစား ဖယောင်းတိုင်ကို အသုံးပြုသည်။

 

‘ကျွန်မ ဆီမီးခွက်လေးက ဘိုးစဉ်ဘောင်ဆက် အသုံးပြုလာတဲ့ ဆီမီးခွက်လေးပါ။ တချို့က ဆီမီးခွက်မရှိတော့ ဖရောင်းတိုင်ထွန်းကြတယ်’ဟု ဘဲဥထုပွဲတွင် ဘဲဥလာရောင်းသည့် မအေးစန္ဒာက ပြောသည်။

 

မအေးစန္ဒာတို့လို ဘဲဥသည်များသည် ကြေးဘုရားကြီး၏ ဘုရားပွဲတော်ကာလရောက်တိုင်း ဘဲဥထုသူများအား ဘဲဥပြုတ်များ လာရောင်းချကြသည်။ ဘုရားပွဲတော်ကာလတွင် တစ်နေ့ကို ဘဲဥအလုံးပေါင်း ၅၀ဝ ခန့် ရောင်းချရသည်ဟု သိရသည်။

 

ဘဲဥထုသူများတွင် အပျော်တမ်းကစားသူများ ပါဝင်သလို လောင်းကြေးအနည်းငယ်ထည့်ကာ ကစားသူများလည်းရှိသည်။

 

ဘဲဥထုပွဲတွင် နှစ်စဉ်လာရောက်ကစားလေ့ရှိသည့် ကိုမောင်သင်းက ‘ဘဲဥတစ်လုံးကို ၂၀ဝ ပေးရတယ်။ တစ်သောင်းဖိုးလောက် ကစားဖြစ်တယ်။ နိုင်လာတဲ့ဘဲဥတွေဆိုရင် အသိတွေ မိတ်ဆွေ ခင်မင်တဲ့သူတွေကို ပေးတယ်။ ဘဲဥက ဆေးဖက်ဝင်တယ်လေ’ဟု ပြောသည်။

 

ဘဲဥထုပွဲပုံစံကလည်း စိတ်ဝင်စားဖို့ကောင်းတာကို တွေ့ရသည်။ ဘဲဥရောင်းချသူက ဘဲဥနှစ်လုံးကို စကောထဲတွင် ထည့်လိုက်သည်။ ထည့်ထားသည့်ဘဲဥကို အရင်ကောက်သည့်သူက ဘဲဥကို အောက်တွင် ထားရပြီး နောက်မှကောက်သူက ဘဲဥကို အပေါ်မှ ထုရသည်ဟုသိရသည်။ ဘဲဥကို လက်ဖြင့်ခပ်ဖွဖွဆုပ်ကာ ဘဲဥထိပ်ပိုင်းကို အနည်းငယ်ချန်ထားကာ ထုရသည်။ ဘဲဥထုလို့ ကွဲသွားသူက ဘဲဥဖိုးပေးချေရပြီး အနိုင်ရသူက ဘဲဥကို ပိုင်ဆိုင်ရခြင်းဖြစ်သည်။

 

ဘဲဥများကို အနိုင်ရသူများက လျှော့ဈေးဖြင့် ရောင်းချကြသလို၊ အချို့ကလည်း မိတ်ဆွေများအား လက်ဆောင်ပေး တတ်ကြသည်။ ဘဲဥထုပွဲပြီးလို့ နောက်ရက်များတွင် ဧမြဝတီရပ်ကွက်ရှိ အိမ်တိုင်းလိုလိုမှာ ဘဲဥဟင်းက နေရာယူနေလေသည်။

 

ကြေးဘုရားကြီး ဘုရားပွဲတော်တွင် ဘဲဥထုပွဲသာမက အပြေးပြိုင်ပွဲ၊ ဇာတ်ပွဲ၊ ခြင်းခတ်ပြိုင်ပွဲများ ပါဝင်လေ့ရှိသည်။

 

‘အဘတို့ငယ်ငယ်ကဆိုရင် ပွဲကျင်းပတဲ့နေရာက အကျယ်ကြီးဆိုတော့ ဝင်္ကဘာတွေလည်း ပါတယ်။ အဘတောင် ဝင်္ကဘာထဲက ထွက်မရလို့ ငိုခဲ့ဖူးတယ်’ဟု အသက် ၇၀ ကျော်ရွယ်ရှိတဲ့ ဒေသခံ ဦးဆန်နီမှ ပြောသည်။

 

ကြေးဘုရားကြီးအနီးသည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည့်အတွက် မြစ်တိုက်စားခြင်းကြောင့် ကမ်းပါးများ ပြိုခဲ့သည်ဟု သိရသည်။

 

ဘုရားပွဲတော်ကြီးနှင့်အတူ ကျင်းပလေ့ရှိသည့် ဘဲဥထုပွဲတော်ကို နှစ်စဉ် ပိုမိုစည်ကား လူသိများအောင် ကျင်းပမည်ဟု ကြေးဘုရားကြီး ဂေါပကများထံမှ သိရသည်။

 

အိမို့မို့ခိုင်