တစ်ပတ်အတွင်း မတ်ပဲဈေး တစ်တန် ကျပ်လေးသောင်းခန့် ဈေးပြန်တက်

ရန်ကုန် ၁၂ စက်တင်ဘာ 

ပြည်တွင်းပဲဈေးကွက်အတွင်း မတ်ပဲဈေးနှုန်းမှာ တစ်ပတ်အတွင်း တစ်တန်လျှင် ကျပ်လေးသောင်းခန့် ဈေးပြန်တက်နေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောသည်။ 

ထို့ပြင် ပဲစင်းငုံဈေးနှုန်းမှာလည်း တစ်ပတ်အတွင်း တစ်တန်လျှင် ကျပ်နှစ်သောင်းခန့် ဈေးပြန်တက်နေကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိ ပဲဈေးကွက်အတွင်း မတ်ပဲ တစ်တန်လျှင် ကျပ် ခုနှစ်သိန်းခြောက်သောင်းခန့်ရှိပြီး ပဲစင်းငုံ(အဟောင်း) တစ်တန်လျှင် ကျပ် ရှစ်သိန်းသုံးသောင်းခန့်ရှိကြောင်း သိရသည်။ 

“အခုရက်တွေတော့ အဓိကကတော့ မတ်ပဲ ဈေးပြန်တက်တယ်၊ နောက်ပြီးတော့ ပဲစင်းငုံလည်း နည်းနည်းပြန်တက်တယ်ပေါ့လေ၊ မတ်ပဲဈေးက လက်ရှိ ၇၆၀ဝ၀ဝ ရှိတယ်၊ ပြီးခဲ့တဲ့အပတ်က မတ်ပဲက ၇၁၅၀ဝ၀၊ အခု လက်ရှိက ၇၆၀ဝ၀ဝဆိုတော့ တစ်တန်ကို ၄၅၀ဝ၀ လောက် ပြန်တက်လာတာပေါ့၊ နောက်တစ်ခါ ပဲစင်းငုံ အဟောင်းက လက်ရှိ ၈၃၀ဝ၀ဝ လောက်ပြန်ဖြစ်တယ်၊ ပြီးခဲ့တဲ့အပတ်က သူက ၈၁၀ဝ၀ဝ လောက်အထိ ကျတယ်ဆိုတော့ သူက ၂၀ဝ၀ဝ လောက် ပြန်တက်လာတယ်”ဟု ဦးမင်းကိုဦး က ပြောသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက နယူးဒေလီမြို့တွင် ကျင်းပခဲ့သော 4th ASEAN-India Expo and Summit သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပဲ၊ နှမ်း ကုန်သည်များ လိုက်ပါ၍ အိန္ဒိယအစိုးရတာဝန်ရှိသူများကို မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် လေးသိန်းခန့် ယခုနှစ်တွင် ဝယ်ယူရန် တောင်းဆိုခဲ့သော်လည်း ယခုအချိန်ထိ အကြောင်းမပြန်သေးကြောင်း  မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။
 
မြန်မာနိုင်ငံမှထွက်ရှိသည့် မတ်ပဲနှင့် ပဲစင်းငုံကို အဓိကဝယ်ယူသော အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ်တွင် ပဲလိုအပ်ချက်အရ ပြည်ပမှ မတ်ပဲတန်ချိန် တစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် နှစ်သိန်း တင်သွင်းမည်ဟုသာ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် မြန်မာ့နိုင်ငံမှ ထွက်ရှိသည့် ပဲများကို အိန္ဒိယနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ နီပေါ၊ ဒူဘိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ဂျပန်နှင့် ဥရောပနိုင်ငံတို့က ဝယ်ယူလျှက်ရှိသော်လည်း ပမာဏအားဖြင့် နည်းပါးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။ 

“လက်ရှိကတော့ အိန္ဒိယနိုင်ငံကတော့ အဓိက မတ်ပဲ ပဲစင်းငုံက အဓိက စားသုံးတယ်၊ အဓိကလည်း ဝယ်ယူတဲ့နိုင်ငံပေါ့၊ အဲတော့ အိန္ဒိယအပြင်ကိုလည်း တခြားနိုင်ငံတွေဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့ အိန္ဒိယလို အလေ့အထ စားသုံးတဲ့ နိုင်ငံလေးတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်တို့ နီပေါတို့ ပါကစ္စတန် နောက် အာဆီယံနိုင်ငံတွေနဲ့ဆိုရင် မလေးတို့ အင်ဒိုနီးရှားတို့ ဒီနိုင်ငံတွေလည်း ဝယ်ကြပါတယ်၊ ဝယ်တယ်ဆိုတော့ အရေအတွက်တော့ နည်းတယ်၊ အဲတော့ လက်ရှိအနေအထားမှာတော့ ပဲစင်းငုံကတော ့ သူတို့ လိုအပ်ချက် ရှိသလောက်တောင် ကျွန်တော်တို့ မပေးနိုင်လောက်ဘူးပေါ့နော်၊ မတ်ပဲကတော့ အထိုက်အလောက် ခုနပြောသလိုဘဲ အထိုက်အလျောက် ကျန်ခဲ့တဲ့ပဲလည်း တခြားနိုင်ငံသွားတာလေးတွေလည်း ရှိမယ်၊ နောက် အိန္ဒိယဘက်ကလည်း အကယ်၍ လိုအပ်ချက်ရှိရင် သူတို့ဘက်က ဘယ်လိုပုံစံ ဆက်ပြီး ဝယ်လာမလဲဆိုတာလည်း စောင့်ပြီး လေ့လာနေပါတယ်”ဟု  ဦးမင်းကိုဦး က ထပ်မံပြောကြားသည်။ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာ့ပဲများကို အဓိကဝယ်ယူသည့် အိန္ဒိယနိုင်ငံသို့ အစိုးရခြင်းသဘောတူညီချက်ဖြင့် ပဲရောင်းချရန် ညှိနှိုင်းနေကြောင်း၊ ထို့ပြင် မြန်မာ့ပဲကို အိန္ဒိယအပြင် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် ဈေးကွက်ရှာဖွေလျက်ရှိကြောင်း ဒုဝန်ကြီး ဦးအောင်ထူး ကပြောကြားထားသည်။
 
မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံသို့ အဓိကပဲတင်ပို့လျက်ရှိရာ ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း အိန္ဒိယ၏ မူဝါဒအပြောင်းအလဲများကြောင့် ပဲဈေးကွက်တွင် တောင်သူများနှင့် ကုန်သည်များ အထိနာခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံတန်ချိန် တစ်သန်းကျော်တင်ပို့နိုင်ခဲ့သော်လည်း ဈေးနှုန်းများကျဆင်းမှုကြောင့် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၁၃ သန်းသာ ဝင်ငွေရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ 

Nyein Nyein