တစ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတို့၏ ထိုးစစ်ဆင်မှုကြောင့် ပါလက်စတိုင်း ၄၀ ထက်မနည်း သေဆုံး

ဂျေရုဆလင်၊ ဇူလိုင် ၁

တစ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း   ၄၀ ထက်မနည်းသေဆုံးပြီး ၂၂၄ ဦး   ဒဏ်ရာရခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက   ဇွန် ၂၉ ရက်တွင် ပြောကြားသည်။

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ စတင်ဖြစ်ပွားသည့်အချိန်မှစပြီး သေဆုံးသူပေါင်း ၃၇၈၃၄ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူပေါင်း ၈၆၈၅၈ ဦးရှိကြောင်း  ကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့နှင့် ဂါဇာစီးတီးအရှေ့ပိုင်းရှိ ရှူဂျာယာ ရပ်ကွက်တို့တွင် လောင်စာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး အစ္စရေးတပ်ဖွဲ့နှင့် ဟားမတ်စ်အဖွဲ့တို့၏ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများ ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အစ္စရေးတပ်ဖွဲ့များသည် ရှူဂျာယာရပ်ကွက်ရှိ ဟားမတ်စ်တို့၏ ပစ်မှတ်များကို ဆက်လက်တိုက် ခိုက်နေကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အာဗီချေ အာဒရာအီက ဇွန် ၂၉ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားသည်။

အစ္စရေး တပ်ဖွဲ့ဝင်များသည် ဟားမတ်စ်အဖွဲ့ဝင်များကို သုတ်သင်ဖယ်ရှားခဲ့ပြီး နယ်မြေအတွင်းရှိ စာသင်ကျောင်းတစ်ခုအတွင်း လက်နက်သိုလှောင်ရုံတစ်ခုကို တွေ့ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ရာဖာမြို့၌ အစ္စရေးတပ်ဖွဲ့များသည် ဥမင်လိုဏ်ခေါင်းများအပါအဝင် ဟားမတ်စ်တို့ ပုန်းအောင်းခိုသည်ဟု ယူဆရသည့် အခြေခံအဆောက်အအုံ အများအပြားကို ဖျက်ဆီးခဲ့ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ အာဗီချေအာဒရာအီက ဆက်လက်ပြောကြားသည်။

တစ်ချိန်တည်းတွင်ပင် ဂါဇာရှိပြည်သူများသည် အမိုးအကာ၊ အစားအသောက်၊ ဆေးဝါးနှင့် ရေသန့်များ ဆိုးရွားစွာ ပြတ်လပ်နေသဖြင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိကြောင်း  ပါလက်စတိုင်း ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများ အေဂျင်စီက အလေး ပေးဖော်ပြခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပို့ဆောင်ရာတွင် အသုံးပြုသည့် ဂါဇာကမ်း ရိုးတန်းတွင် ထားရှိသော အမေရိကန်၏ ယာယီရေပေါ်ဆိပ်ခံတံတားကို  ဖယ်ရှားခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဇွန် ၂၈ ရက်တွင် ကြေညာခဲ့သည်။

ဆိပ်ခံတံတားသည် ဂါဇာကမ်းမြောင်သို့ အကူအညီများရရှိရန် အဆုံးသတ်ဖြေရှင်းချက် မဟုတ်ကြောင်းနှင့် မြေပြင်လမ်းကြောင်းများသည်  အထိရောက်ဆုံး ပို့ဆောင်ရေး  နည်းလမ်းဖြစ်ကြောင်း  ပင်တဂွန်စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်