တစ်ရက်လျှင် အောက်ဆီဂျင်အိုး အလုံး ၁၀၀ ထုတ်နိုင်သည့် အောက်ဆီဂျင်ထုတ်စက် ကျိုင်းတုံမြို့သို့ ရောက်ရှိ

ကျိုင်းတုံ ဩဂုတ် ၂၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက ကျိုင်းတုံမြို့နယ်နှင့် ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် အောက်ဆီဂျင် လိုအပ်သော လူနာများအတွက် အောက်ဆီဂျင် လုံလောက်မှု ရှိစေရန်အတွက် ဝယ်ယူထားသည့် တစ်ရက်လျှင် အောက်ဆီဂျင် အလုံး ၁၀၀ ထုတ်နိုင်မည့်စက်ကို ဩဂုတ် ၂၀ ရက် ညနေပိုင်းက စက်ရုံတည်ဆောက်မည့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အောက်ဆီဂျင်ထုတ်စက်မှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလ ကူးစက်မှုနှုန်းမြင့်မားမှုနှင့် ပြင်းထန်မှုအပေါ်မူတည်ပြီး ဒေသအတွင်း အောက်ဆီဂျင် လိုအပ်လာနိုင်သည့်အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ စီစဉ်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ အလှူရှင်များ ပါဝင်လှူဒါန်းကာ ဝယ်ယူတည်ဆောက်ခြင်း ဖြစ်သည်။

 

အောက်ဆီဂျင်ထုတ်စက်အား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကျိုင်းတုံပြည်သူ့ဆေးရုံ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ကုမ္ပဏီများက အောက်ဆီဂျင်စက် တပ်ဆင်ပြီးပါက လိုအပ်သည့် လူနာများအား အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရေး၊ ဒေသအတွင်း လိုအပ်သည့် နေရာများသို့ စနစ်တကျ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)