တွစ်တာလူမှုကွန်ရက် ကုမ္ပဏီရှယ်ယာဝယ်ယူရန် အီလွန်မာ့ခ်၏ကမ်းလှမ်းချက်ကို တွစ်တာလက်ခံ 

ဆန်ဖရန်စစ္စကို  ဧပြီ  ၂၆ 

အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ တန်ဖိုးရှိသည့်  တွစ်တာလူမှုကွန်ရက် ကုမ္ပဏီကို ရှယ်ယာတစ်ခု လျှင် အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၂၀ ဖြင့် ဝယ်ယူ ရန်    တက်စလာလျှပ်စစ်ကားကုမ္ပဏီအမှုဆောင် အရာရှိချုပ်  အီလွန်မာ့ခ်၏   ကမ်းလှမ်းချက်ကို   လက်ခံလိုက်ပြီဖြစ်ကြောင်း တွစ်တာကုမ္ပဏီက ဧပြီ ၂၅ ရက်တွင်  ထုတ်ပြန်ကြေညာခဲ့သည်။ 

အီလွန်မာ့ခ်၏  ကမ်းလှမ်းချက်ကို တန်ဖိုး၊ တိကျ သေချာမှုနှင့် ဘဏ္ဍာရေးအခြေအနေအပေါ် ကုမ္ပဏီ ဘုတ်အဖွဲ့က   ဘက်စုံထောင့်စုံ    စဉ်းစားချင့်ချိန် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း တွစ်တာ၏ သီးခြား လွတ်လပ်သော ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဘရတ်တေလာက ပြောသည်။ 

ကမ်းလှမ်းချက် အရောင်းအဝယ်သည် ပမာဏကြီးမားသည့်ငွေသားပရီမီယံတစ်ခုနှင့်ပေးချေရမည် ဖြစ်သကဲ့သို့ ထိုသို့လုပ်ဆောင်ခြင်းသည် တွစ်တာအစု ရှယ်ယာရှင်များအတွက် အကောင်းဆုံးရှေ့ဆက်သွား မည့်   လမ်းကြောင်းတစ်ခုဖြစ်ကြောင်း   ၎င်းက ဆက်လက်ပြောကြားသည်။ 

အရောင်းအဝယ်ကိစ္စရပ်နှင့်ပတ်သက်ပြီး ဘုတ် အဖွဲ့၏  တစ်ခဲနက်ထောက်ခံ အတည်ပြုချက်ရရှိခဲ့ ကြောင်းနှင့်   အစုရှယ်ယာရှင်များနှင့်  စည်းမျဉ်း စည်းကမ်းအတည်ပြုမှုကို ယခုနှစ်အတွင်း  အပြီးသတ် လုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြား သည်။ 

တင်ဆက်မှုအခင်းအကျင်းပုံစံသစ်များနှင့်အတူ တွစ်တာလူမှုကွန်ရက်စာမျက်နှာကို ယခုထက် ပိုမို ကောင်းမွန်အောင်   ဆောင်ရွက်သွားရန်  ဆန္ဒရှိ ကြောင်း အီလွန်မာ့ခ်က ပြောသည်။  တွစ်တာသည် ကြီးမားသည့်   အလားအလာကောင်းများရှိကြောင်း၊ အဆိုပါ အခွင့်အလမ်းများကို တံခါးဖွင့်ပေးနိုင်အောင် ကုမ္ပဏီနှင့်    အသုံးပြုသူများအတွက်  လုပ်ကိုင် ဆောင်ရွက်သွားရန်  ရည်ရွယ်ထားကြောင်း  ၎င်းက ဆက်ပြော သည်။        
                                        
ဆင်ဟွာ