တောက်ပထွန်းကားလာသည့် ပြည်တွင်းခရီးသွားလုပ်ငန်း

မျိုးမြင့်သန်း (မန်းစက်မြေ)

 

မြန်မာနိုင်ငံတွင် ယခင်ခေတ်အဆက်ဆက်၌ ခရီးသွားလုပ်ငန်းကဏ္ဍဟု ဆိုလိုက်သည်နှင့် နိုင်ငံခြားသား ဧည့်သည်ကြီးများနှင့်သာ သက်ဆိုင်သော လုပ်ငန်းကဏ္ဍတစ်ရပ်ဟု ရှေးရိုးစွဲ ယူဆခဲ့ကြပါသည်။ ၂ဝ၁၆ ခုနှစ် ပြည်သူ့အစိုးရ တက်လာပြီး နောက်ပိုင်းတွင် သုံးရက်၊ ငါးရက် ရက်ရှည် ရုံးပိတ်ရက်များနှင့် မြန်မာပြည်အနှံ့ ကျော်ကြားသည့် ပွဲတော်ရက်များ၌ ပြည်တွင်း ခရီးသွားဧည့်သည်များ လွန်စွာ များပြား တိုးတက်လာခဲ့သည်ကို မီဒီယာများ၊ လူမှုကွန်ရက် စာမျက်နာများတွင် တွေ့မြင်ရသည်မှာ ပြည်တွင်း ခရီးသွားလုပ်ငန်းအပေါ် စိတ်ဝင်စားမှု တိုးတက်လာမှုနှင့် ပြည်သူလူထု၏ စားဝတ်နေရေး ချောင်လည်မှု၏ ပြယုဂ်တစ်ခုဖြစ်ပါသည်။

 

ဤအယူအဆ၏ သဘောတရားကို ကောင်းသည်၊ ဆိုးသည်၊ မှားသည်၊ မှန်သည် ကျွန်တော် မဝေဖန်လိုပါ။ စာဖတ်ပရိသတ်များကို အနည်းငယ် တင်ပြလိုပါသည်။ ဆောင်းပါးတစ်ပုဒ်တွင် ကျွန်တော် ရေးသားဖူးသကဲ့သို့ ကျွန်တော် စာရေးမည်ဆိုတော့ ဦးလေးဖြစ်သူ စာရေး ဆရာကြီး (ဦး)လှမိုး (ပညာရေး)က စာရေးရင် ပွဲဆူအောင် ရေးသားတဲ့ အရေးအသားမျိုးနှင့် မိမိ အမှန်တကယ် တိကျစွာ မသိရှိသော အကြောင်းအရာမျိုး မရေးမိဖို့ သတိပေး ခဲ့ဖူးပါသည်။ ကျွန်တော် လိုက်နာပြီး မိမိရေးသားသော ဆောင်းပါးက စာဖတ်သူအတွက် ပေးချင်သော သင့်လျော် ကောင်းမွန်သည့် အချက် မလွတ်စေရေး သတိပြု ရေးသားခဲ့ပါသည်။ ယခု ပြည်တွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပမှရရှိသည့် အခြေခံ အချက်အလက်များပေါ် မူတည်ပြီး မှန်ကန်စွာ တင်ပြ လိုပါသည်။

 

အိမ်နီးချင်းနိုင်ငံအချို့ (ဥပမာ-တရုတ်နိုင်ငံ)တွင် ကြည့်လျှင် ပြည်ပခရီးသွား ဧည့်သည်များ သာမက ပြည်တွင်းခရီးသွား လုပ်ငန်းမှာလည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရှိရပါသည်။ သက်ဆိုင်ရာ ပြည်တွင်းခရီးသွား ကုမ္ပဏီ၏ အလံတစ်လူလူလွှင့်ထူလျက် လည်ပတ်သွားလာနေကြသည့် ပြည်တွင်းခရီးသွား ဧည့်သည်များ များစွာ တွေ့မြင်ဖူးပါသည်။ ဤသည်မှာ တရုတ်နိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ အိမ်ထောင်စုအလိုက် စားဝတ်နေရေး ချောင်လည်မှု၊ ပြည်တွင်းခရီးသွား လုပ်ငန်းအပေါ် စိတ်ဝင်စားမှု တိုးတက်လာခြင်းတို့၏ သာဓကတစ်ခု ဖြစ်ပါသည်။ အလားတူ နိုင်ငံအကျယ်အဝန်းနှင့် လူဦးရေ ကွာခြားမှုနည်းပါးသည့် အိန္ဒိယနိုင်ငံတွင် ၎င်းတို့လောက် ပြည်တွင်းခရီးသွား လုပ်ငန်းမဖွံ့ဖြိုးပါ။

 

ကျွန်ုပ်တို့နိုင်ငံတွင် ယခင်အချိန်ကာလများစွာက ပြည်တွင်းခရီးသွား ဧည့်သည်များ နိုင်ငံအနှံ့သို့ ဘာသာရေး ဆိုင်ရာခရီးသွားလာမှု၊ အပန်းဖြေခရီးသွားလာမှု မြောက်မြားစွာ သွားလာခြင်းမျိုး မတွေ့ရှိခဲ့ဖူးပါ။ ပြည်သူ့အစိုးရ တက်လာပြီးနောက်ပိုင်း သာမန်ရုံးပိတ်ရက်များနှင့် ဆက်စပ်၍ သုံးရက်မှ ငါးရက်အထိ ရုံးပိတ်ရက်ရရှိခဲ့သော ကာလများတွင် အမည်ကျော်ကြားသည့် ခရီးစဉ်ဒေသများ၌ တည်းခိုရန်အခန်းပြည့်၊ စားသောက်ရန် ထမင်းပြတ်သည်အထိ ထူးခြားစွာ ပြည်တွင်းခရီးသွားလုပ်ငန်း တိုးတက်ခဲ့ပါသည်။

 

ပြည်တွင်းခရီးသွား ဧည့်သည်များ အလွယ်တကူ သွားရောက်နိုင်မှု များပြားသည့် ဒေသများသို့ ပြည်တွင်း ခရီးသည်ရောက်ရှိမှုကို ၂ဝ၁၆ ခုနှစ် စာရင်းနှင့် ၂ဝ၁၇ ခုနှစ် စာရင်းတို့အား နှိုင်းယှဉ်လေ့လာရာတွင် အင်းလေးဒေသတွင် ၅၂ ရာခိုင်နှုန်း၊ ကျိုက်ထီးရိုးတွင် ၄၆ ရာခိုင်နှုန်း၊ ပုဂံဒေသတွင် ၄၂ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၆ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ အပန်းဖြေခရီးစဉ်ဒေသဖြစ်သည့် ငွေဆောင်ဒေသတွင် ၃၅ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ချောင်းသာဒေသတွင်မူ ကမ်းခြေအား ပြန်လည် အဆင့်မြှင့်တင်ရန် လိုအပ်သည့်အတွက် အနည်းငယ် လျော့နည်းခဲ့ပါသည်။

 

ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း၏ စာရင်းများအရ တစ်နိုင်ငံလုံးသို့ ၂ဝ၁၆ ခုနှစ်အတွင်း ပြည်တွင်းခရီးသည် ၇ သန်းခန့်နှင့် ၂ဝ၁၇ ခုနှစ်အတွင်း ၈ သန်းခန့် ပို့ဆောင်ပေးခဲ့ရကြောင်း သိရှိရပါသည်။ အဆိုပါ စာရင်းတွင် လုပ်ငန်း၊ ဌာန၊ ကုမ္ပဏီအသီးသီး၏အစီအစဉ်ဖြင့် သွားရောက်ခြင်း၊ ကိုယ်ပိုင်အစီအစဉ်ဖြင့် သွားရောက်ခြင်း စသည့်စာရင်းများ မပါဝင်သေးပါ။

 

ပြည်တွင်းခရီးသွားလုပ်ငန်းများ မိမိတို့နိုင်ငံတွင် တိုးတက်လာမှုနှင့် ပတ်သက်၍ နိုင်ငံတကာမှ အသိမှတ်ပြုထားသည့် World Travel & Tourism Council (WTTC) ၏ ပြည့်စုံလုံလောက်သော အချက်အလက်အား ရရှိမှုအပေါ် လေ့လာသုံးသပ်ချက်များအရ ၂ဝ၁၆ ခုနှစ်တွင် ခရီးသွားလုပ်ငန်း ဝင်ငွေရရှိမှုများအနက် ပြည်ပခရီးသည်များထံမှ ဝင်ငွေများရရှိမှုမှာ ၆၂ ဒသမ ၇ ရာခိုင်နှုန်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းမှ ၃၇ ဒသမ ၃ ရာခိုင်နှုန်း ရရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ၃ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ရရှိမည်ဟု ခန့်မှန်းဖော်ပြခဲ့သည်မှာ ပြည်တွင်းခရီးသွားလုပ်ငန်း၏ အမှန်တကယ် တိုးတက်လာမှုဟုဆိုလျှင် မည်သူငြင်းနိုင်ပါမည်နည်း။

 

ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းကဏ္ဍကို အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပခရီးသွားလုပ်ငန်း နည်းတူ ပြည်တွင်းခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်အောင် မည်ကဲ့သို့ ဆောင်ရွက်နေပါသနည်းဟု မေးလာခဲ့သည်ရှိသော် ပကတိ ဆောင်ရွက်နေမှု အခြေနေအား ပြန်လည် တင်ပြလိုပါသည်။

 

ဒုတိယသမ္မတ(၂) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်သည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ ၂၆-၄-၂ဝ၁၇ ရက်တွင် ကျင်းပသည့် (၁/၂ဝ၁၇) ကြိမ်မြောက် အစည်းအဝေးမှ စတင်ကာ ပြည်တွင်းခရီးသွား လုပ်ငန်းအား နိုင်ငံတကာမှာ ကဲ့သို့ပင် ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ဘက်ပေါင်းစုံမှ ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဗဟိုကော်မတီတွင် ဆက်စပ်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များမှ အဖွဲ့ဝင် အဖြစ်ပါဝင်ကြပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်း(၁၁)သင်းမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသဖြင့် အကျိုးရှိသော ရလဒ်ကောင်းများ ပေါ်ထွက်ခဲ့ပါသည်။ ၂၁-၁၂-၂ဝ၁၇ ရက်တွင် ကျင်းပသည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ (၂/၂ဝ၁၇) ကြိမ်မြောက် အစည်းအဝေးတွင် ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည် ဖော်နိုင်မှုအခြေအနေ ပြန်လည်သုံးသပ်ခြင်းအပြင် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ပါသည်။ ထို့အပြင် ဗဟိုကော်မတီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင် များအသင်း၏ ၂ဝ-၁-၂ဝ၁၈ ရက် တွေ့ဆုံပွဲတွင် ပြည်ပခရီးသွား ဧည့်သည်များနှင့် တိုးတက်ဖွံ့ဖြိုးလာသည့် ပြည်တွင်းခရီးသွား လုပ်ငန်းကဏ္ဍအတွက်ပါ ခရီးစဉ်ဒေသများတွင် အိပ်ခန်းများ လုံလောက်စွာ ရှိစေရေးအတွက် ဧည့်သည် ဝင်ရောက်မှုနှင့် နှိုင်းယှဉ်တွက်ချက်၍ ပြန်လည်တင်ပြရန် လမ်းညွှန်ခဲ့ပါသည်။

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ဖွံ့ဖြိုးတိုးတက်လာသော ပြည်တွင်းခရီးသွား လုပ်ငန်းများ စနစ်တကျ ဖြစ်စေရေး၊ ဝန်ဆောင်မှုကောင်းမွန်၍ လုံခြုံစိတ်ချရသည့် အဆင့်မီ ခရီးသွားလုပ်ငန်းများ ဖြစ်ပေါ်လာစေရေးအတွက် ပြည်တွင်းဘုရားဖူး ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများအား အသိမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရန် ၁-၁ဝ-၂ဝ၁၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အသိမှတ်ပြုလက်မှတ်ရရှိစေရေးအတွက် လိုအပ်ချက်သုံးခု၊ အသိအမှတ်ပြု လက်မှတ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် လေးခု၊ ခရီးသည်များအတွက် ခရီးသွားအာမခံထားရှိရေး၊ မီးသတ်ဆေးဘူးနှင့် ရှေးဦးသူနာပြု ဆေးဘူးများ ထားရှိရေး၊ ခရီးစဉ်နှင့် ဝန်ဆောင်မှုများကို ဈေးနှုန်းနှင့်တကွ ပွင့်လင်းမြင်သာမှုရှိရေးနှင့် အခြား မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန် အချက်ဆယ့်သုံးချက် ပါဝင်ပါသည်။ ပြည်တွင်း ဘုရားဖူးလုပ်ငန်း(၅ဝ)ခန့်ကို အသိမှတ်ပြုလက်မှတ် ထုတ်ပေးပြီး ဖြစ်ပါသည်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအဖြစ် အဆိုပါ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်းဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်လာသည့်အပြင် နိုင်ငံတွင်း ခရီးသွားလာမှုစစ်တမ်းကိုလည်း မှန်ကန်စွာ ရရှိလာမည်ဟု မျှော်မှန်းထားပါသည်။

 

သို့ရာတွင် ယခုမှ ပြန်လည် တောက်ပထွန်းကားလာသည့် ပြည်တွင်းခရီးသွား လုပ်ငန်းကဏ္ဍအား အဘက်ဘက်မှ ပြည့်စုံကောင်းမွန်စေရန် ရေရှည်တည်တံ့ခိုင်မြဲစေရန် ဆောင်ရွက်ဖွယ်ရာများစွာ ကျန်ရှိပါသေးသည်။

 

ယင်းသို့ ဆောင်ရွက်ရာတွင် Public Private Partnership (PPP) ပုံစံဖြင့် တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည် ဖြစ်ပါသည်။

 

နိုင်ငံတော်အစိုးရအပိုင်းမှ ခရီးသွားလုပ်ငန်းကဏ္ဍကို အဓိကတာဝန်ယူထားသည့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် အထက်အဆင့်ဆင့်၏ လမ်းညွှန်မှုကို ခံယူ၍ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်း(၁၁)သင်းနှင့် ပေါင်းစပ်၍ လိုအပ်ချက်များ ဖြည့်ဆည်းခြင်း၊ တတ်နိုင်သမျှ ဖြေလျှော့ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံအတွင်းရှိ လက်ရှိ ခရီးစဉ်ဒေသများ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းဖြင့် ဆွဲဆောင်မှုရှိစေရန် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။ ခရီးစဉ် ဒေသအသီးသီးတွင် အဆင့်အတန်းမီ အိပ်ခန်းများ ပြည့်စုံ လုံလောက်စေရန် အတွက် ဟိုတယ်များ တိုးချဲ့ဆောက်လုပ်ခြင်းဖြင့် တည်းခိုနေထိုင်ရေး လုံလောက်စေရန်လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ ခရီးစဉ်ဒေသများသို့ လွယ်လင့်တကူ သွားရောက်နိုင်ရေးအတွက်လည်း အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်လျက် ရှိပါသည်။ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ စိတ်ချမ်းမြေ့စွာ တည်းခိုနေထိုင် စားသောက် လည်ပတ်နိုင်စေရန်အတွက် စီမံခန့်ခွဲမှုကောင်းမွန်စေရေးအတွက်လည်း လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်းအသီးသီးအား ပြည်တွင်း၊ ပြည်ပနှင့် ပေါင်းစပ် ဆောင်ရွက်လျက ရှိပါသည်။ လိုအပ်သလို ကြီးကြပ်ခြင်းနှင့် အကြံပြု လမ်းညွှန်ခြင်းများအားလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။ လိုအပ်သည့် နေရာများတွင် အများသုံး သန့်စင်ခန်းများ ပေါ်ထွန်းလာစေရေး၊ ရန်ကုန်မြို့တွင်းမှ ဘုရားဖူးယာဉ်များ စနစ်တကျ အလွယ်တကူ ဝင်၊ ထွက် သွားလာနိုင်ရေးအတွက်လည်း ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးလျက်ရှိပါသည်။

 

နိုင်ငံတော်အစိုးရဘက်မှ အထက်ပါအတိုင်း ဆောင်ရွက်သကဲ့သို့ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်စပ် ပတ်သက်သည့် လုပ်ငန်းရှင်များ အနေဖြင့်လည်း ရေရှည် တည်တံ့သည့် ခရီးသွားလုပ်ငန်းဖြစ်စေရန် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ အထူးသဖြင့် ခရီးသွားရာသီများတွင် ဧည့်သည်များပြားသည့်အတွက် ရာနှုန်းပြည့် အိပ်ခန်း ငှားရမ်းရမည်ကို သိရှိသဖြင့် အကြောင်းမဲ့ ဈေးနှုန်းမြှင့်တင်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။

 

အလားတူပင် ဒေသခံ ပြည်သူများအနေဖြင့်လည်း ဆင့်ပွားအကျိုးသက်ရောက်မှုရှိသည့် ခရီးသွားလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မိမိတို့ဒေသတွင်း အကျိုးစီးပွားဖြစ်ထွန်းမည်ကို သိရှိနားလည်စွာဖြင့် အားတက်သရော ပူးပေါင်းပါဝင်သင့်ပါသည်။ တစ်ခေါက် ရောက်ပြီးပါက ထပ်မံလာရောက်လိုစိတ်များ ပေါ်ပေါက်စေရန် မိမိတို့မြို့အား သန့်ရှင်းသပ်ရပ်စေရန် ထာဝစဉ် စောင့်ထိန်းသင့်ပါသည်။ လာရောက်တည်းခိုသူများ အနေဖြင့်လည်း မိမိတို့ကြောင့် ခရီးစဉ်ဒေသ ထိခိုက်မှု မဖြစ်စေရေး သတိပြုရှောင်ရှားရန် လိုအပ်ပါသည်။

 

အထက်တင်ပြပါအတိုင်း အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မည်ဆိုပါက တောက်ပထွန်းကားလာသည့် ပြည်တွင်းခရီးသွားလုပ်ငန်းသည် အရှိန်အဟုန်ဖြင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ ယခင်က မှေးမှိန်ခဲ့သည့် ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ပြည်သူများ ခရီးသွားလာနိုင်ခြင်းသည် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်း တစ်ရပ်ဖြစ်သည်မှာ ထင်ရှားပါသည်။ ကျွန်ုပ်တို့ နိုင်ငံတော်တွင် စားဝတ်နေရေး ကျပ်တည်းသည်ဟု ပြည်တွင်း၊ ပြည်ပမှ အပြုသဘော မဟုတ်သည့် ဝေဖန်ပြောဆိုခြင်းများအား တုံ့ပြန်လိုခြင်း မဟုတ်ပါ။ ပြည်သူအားလုံးကို ကိုယ်စားပြုသည်ဟု မဆိုလိုသော်လည်း ယခင်က မှေးမှိန်ခဲ့သည့် ပြည်တွင်းခရီးသွား လုပ်ငန်းသည် ပြည်သူ့အစိုးရ တက်လာသည့် နောက်ပိုင်းကာလတွင် တိုးတက်ထွန်းကား လာသည်မှာ ခရီးစဉ်တစ်ခု သွားရောက်လိုပါလျှင် လိုအပ်သည့် ပြည့်စုံလုံလောက်သော ငွေကြေးပမာဏရှိသည့် ပြည်သူများ ပိုမိုတိုးပွားလာသည်မှာ အမှန်လက်တွေ့ ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လျင်မြန်စွာ အထောက်အကူပြုနိုင်သည့် ခရီးသွားလုပ်ငန်း ကဏ္ဍကို ရေရှည်တည်တံ့ဖွံ့ဖြိုးအောင် ဝိုင်းဝန်းဆောင်ရွက် နိုင်ပါလျှင် ပြည်သူတစ်ရပ်လုံး အကျိုးရှိမည်ဖြစ်ကြောင်း တိုက်တွန်း တင်ပြလိုက်ရ ပါသည်။   ။