တောမီးလောင်ရာမှ မီးခိုးမြူများကြောင့် အင်ဒိုနီးရှားပြည်သူ ကိုးသိန်းနီးပါး အသက်ရှူကျပ်ဝေဒနာခံစားရ

ဂျကာတာ ၂၃ စက်တင်ဘာ

အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားသည့် တောမီးအကြီးအကျယ် လောင်ကျွမ်းမှုမှ ပေါ်ထွက်လာသည့် မီးခိုးမြူများသည် ဘော်နီယိုကျွန်းနှင့် စူမားတြားကျွန်းရှိ အစိတ်အပိုင်းများကို ဖုံးလွှမ်းခဲ့ရာ ယခုအခါ မီးခိုးမြူများကြောင့် အသက်ရှူ ကျပ်သည့် ဝေဒနာကိုခံစားနေရသောအင်ဒိုနီးရှားပြည်သူ အရေအတွက်မှာ ၉၀ဝ၀ဝ၀ နီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး ဌာန၏ ပဋိပက္ခလျော့ပါးစေရေးစင်တာက ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နှောင်းပိုင်းတွင် ဖော်ပြခဲ့သည့် ကိန်းဂဏန်း များအရ ပြင်းထန်အသက်ရှူကျပ်ဝေဒနာ ကို ခံစားရသည့် ပြည်သူစုစုပေါင်း ၈၈၅၀၂၆ ဦးအထိရှိနေသည်ဟု ဆိုထားသည်။ ယင်းတို့အနက် ၂၉၁၈၀၇ ဦးမှာ တောင်ပိုင်းစူမားတြားပြည်နယ်မှဖြစ်ပြီး ၂၆၈၅၉၁ ဦးမှာ Riau ပြည်နယ်မှဖြစ်ကာဘော်နီယိုကျွန်းပေါ်ရှိ အနောက်ကာလီ မန်တန်ပြည်နယ်၌ ၁၆၃၆၆၂ ဦးရှိကြောင်း သိရသည်။

မီးခိုးမြူများကြောင့် အင်ဒိုနီးရှား နိုင်ငံ၌သာမက မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့၌လည်း လေထုအရည် အသွေး ဆိုးဆိုးရွားရွားကျဆင်းမှု ဖြစ်ပေါ် ခဲ့သည်။ မီးခိုးမြူများကြောင့် အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံတို့တွင် စာသင်ကျောင်း ထောင်ပေါင်းများစွာကို ပိတ်ထားခဲ့ရသည့်အပြင် မလေးရှားနိုင်ငံ၌ လေကြောင်းခရီးစဉ် ရာနှင့်ချီဖျက်သိမ်းခဲ့ ရသည်။

လတ်တလောတွင် တောမီးငြှိမ်း သတ်ရာ၌ တပ်ဖွဲ့ဝင် ၃၀ဝ၀ဝ နီးပါးနှင့် ရဟတ်ယာဉ် ၅၀ ကျော်တို့ ပါဝင်လျက်ရှိ သည်။ အင်ဒိုနီးရှားနိုင်ငံ၌ တောမီးလောင် မှုများသည် နှစ်စဉ်နှစ်တိုင်း ဧပြီလနှင့် အောက်တိုဘာလတို့တွင် ကြုံတွေ့ရမြဲ ဖြစ်သော်လည်း ယခုနှစ်တွင် ပြည်သူ များကို ကျန်းမာရေးထိခိုက်စေသည်အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်

အေအက်ဖ်ပီ