တောမီးမှတစ်ဆင့် လူနေအိမ် ၁၃ လုံး မီးလောင်ဆုံးရှုံး

ဆော ၂၂ မတ် 

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် တင့်တူကျေးရွာအုပ်စု ပေါက်ချောင်းကျေးရွာတွင် မတ် ၂၁ ရက် ညနေ ၄ နာရီခွဲခန့်က တောမီးမှတစ်ဆင့် လူနေအိမ် ၁၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

201

 

ဆောမြို့နယ်၊ လောင်းရှည်(မြို့ဟောင်း) အနောက်တောင်ဘက် ၁၆ မိုင်ခန့်အကွာ ပေါက်ချောင်းကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်း သတင်းအရ လောင်းရှည်ဒေသ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆောမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီ ၃၅ မိနစ်တွင် မီးကိုငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဆောမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

 

2218

 

မီးလောင်မှုကြောင့် (၄)ပင် (၃)ပင် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း ၁ လုံး၊ (၄)ပင် (၃)ပင် သက္ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း ၈ လုံး၊ (၃)ပင်ပတ်လည် သက္ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း ၃ လုံး၊ (၄)ပင် ပတ်လည် သက္ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက မီးလောင်ဆုံးရှုံးသွားရသူများအား အဆိုပါကျေးရွာ စာသင်ကျောင်းတွင် ယာယီနေရာချထားပေးပြီး လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)