တောင်အာဖရိကမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁ သန်းကျော်ရှိသွား

၂၈ ဒီဇင်ဘာ

 

 

တောင်အာဖရိက နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ ၁ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

တောင်အာဖရိက နိုင်ငံဟာ အာဖရိကနိုင်ငံတွေထဲက ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁ သန်းကျော်တဲ့ ပထမဆုံးနိုင်ငံဖြစ်ကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ တောင်အာဖရိကမှာ ပိုးတွေ့ရှိသူ ၁,၀၀၄,၄၁၃ ဦးနဲ့ သေဆုံးသူ ၂၆,၇၃၅ ဦးရှိကြောင်း တောင်အာဖရိက အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေ့စဉ်ပိုးတွေ့သူ အရေအတွက်ဟာ ပျမ်းမျှအားဖြင့် ၁၁,၇၀၀ ဦးရှိရာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ် အတွင်းက နေ့စဉ်ပိုးတွေ့ရှိသူ အရေအတွက်ထက် ၃၉ ရာခိုင်နှုန်း များလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

 

 

ဒီဇင်ဘာ ၂၃၊ ၂၄ နဲ့ ၂၅ သုံးရက်ဆက်တိုက် နေ့စဉ် ပိုးတွေ့ရှိသူ ၁၄,၀၀၀ ရှိခဲ့ပေမယ့် ဒီဇင်ဘာ ၂၆ နဲ့ ၂၇ ရက်တွေမှာတော့ ပိုးတွေ့သူ အရေအတွက် လျော့နည်းခဲ့တာကို တွေ့ရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များနေတဲ့အတွက် ဒီသီတင်းပတ်အတွင်းမှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေး စည်းမျဉ်းသစ်တွေ ထုတ်ပြန်ဖို့စဉ်းစားနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

 

အာဖရိကတိုက် တစ်ခုလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ ၂,၆၅၈,၆၄၆ ဦးနဲ့ သေဆုံးသူ ၆၂,၆၄၉ ဦးရှိကြောင်း AFP သတင်းဌာနရဲ့ တနင်္ဂနွေညပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

အာဖရိကတိုက်ရဲ့ ဒုတိယဗိုင်းရပ်စ်ပိုး တွေ့ရှိမှု ဒုတိယအများဆုံး နိုင်ငံဖြစ်တဲ့ မော်ရော့ကိုနိုင်ငံမှာ ပိုးတွေ့ရှိသူ ၄၃၂,၀၇၉ ဦးနဲ့ သေဆုံးသူ ၇,၂၄၀ ဦး၊ အဲဒီနောက်မှ အီဂျစ် (ပိုးတွေ့ရှိသူ ၁၃၁,၃၁၅ ဦး၊ သေဆုံးသူ ၇,၃၅၂ ဦး)၊ တူနီးရှား (ပိုးတွေ့ရှိသူ ၁၃၀,၂၃၀ ဦး၊ သေဆုံးသူ ၄,၄၂၆ ဦး)၊ အီသီယိုးပီးယား (ပိုးတွေ့ရှိသူ ၁၂၂,၄၁၃ဦး၊ သေဆုံးသူ ၁,၉၀၁ ဦး) ဆိုပြီး အစဉ်လိုက် တွေ့ရှိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn