တောင်အာဖရိက၌ ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းဆရာ ၁၅၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရ

ဂျိုဟန်နီစဘာ့ခ်၊  ၁၈  ဒီဇင်ဘာ

တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် ယခုနှစ်အတွင်း ကျောင်းဆရာ ၁၅၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ ရာ ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံ၏ ပညာရေးစနစ်အပေါ် အကြီးအကျယ်ထိခိုက်သွားကြောင်း တောင်အာဖရိက အခြေခံပညာဝန်ကြီးဌာန ဝန်ကြီးအာဂျီးမော့သ်ရှီဂါက ယနေ့ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်ပညာသင်နှစ်သည် ကိုဗစ်-၁၉ ရောဂါမှ ဖြစ်ပွားသည့် နှောက်ယှက်မှုကြောင့် အခက်ခဲဆုံးဖြစ်လာ ကြောင်းဝန်ကြီးက ဆက်လက်ပြောကြားသည်။

တောင်အဖရိကအစိုးရသည် ဤခက်ခဲသော အချိန်ကာလ၌ ကျောင်းဆရာပေါင်း ၁၄၉၃ ဦး၊ အလုပ်သမား အများအပြား၊ ခရိုင်အရာရှိ အများအပြားနှင့် နယ်လှည့်အရာရှိ အများအပြား ဆုံးရှုံးခဲ့ရကြောင်းသူမက ရှင်းလင်း ပြောကြားသည်။

သို့သော် တောင်အဖရိကန်နိုင်ငံ၌ ဤကဲ့သို့သော အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း ၂၀၂၁ ခုနှစ် ပညာသင်နှစ်ကို ဇန်နဝါရီ ၂၅ ရက်တွင် စတင်တော့မည်ဖြစ်ပြီး ကျောင်းဆရာများနှင့် ကျောင်းသားများ အနေဖြင့် ဇန်နဝါရီ ၂၇ ရက်တွင် စာသင်ခန်းများသို့ ပြန်လာကြတော့မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်း ယခုနှစ် ပညာသင်နှစ်အတွင်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် နှောက်ယှက်ဟန့်တားမှုများကို ကိုင်တွယ် ဖြေရှင်းရန် တောင်အာဖရိက အစိုးရအနေဖြင့် သုံးနှစ်တာပြန်လည်ထူထောင်ရေး စီမံကိန်းတစ်ရပ်ကို အကောင် အထည်ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။

စာသင်ကျောင်းတွေ ပိတ်ထားတာကြောင့် မရည်ရွယ်တဲ့ သင်ယူမှုဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့တာပါ။ တချို့ ကျောင်းသားတွေက ဒီနှစ် စက်တင်ဘာလမှာပဲ စာသင်ကျောင်းတွေကို လာကြတာပါ။ဟု ဝန်ကြီးက ထပ်မံ ပြောကြားသည်။

ပြီးခဲ့သည့်သီတင်းပတ်က နှစ်ကုန်စာမေးပွဲပြီးဆုံးခဲ့ကြသည့် ၁၂ တန်းကျောင်းသားများသည် ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ယခုနှစ်အတွင်း ၎င်းတို့၏ စာသင်ချိန်ကို ၄၇ ရက်အထိ ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ