တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပင်းတယမြို့ရှိ ရွှေဥမင်ဘုရားသို့သွားရောက်ဖူးမြော်

 

တောင်ကြီး မေ ၁

 

တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ကြီးကြပ်ဆရာ ဆရာမများ၊ လူရည်ချွန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားသို့ သွားရောက်ဖူးမြော်ကြသည်။

 

လူရည်ချွှန်မောင်မယ်များသည် ပင်းတယမြို့ရှိ သဘာဝလိုဏ်ဂူဘုရားသို့ ရောက်ရှိရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံ ဓနုတိုင်းရင်းသားများနှင့် ရွှေဥမင်ဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုကြသည်။

 

ဦးစွာ လူရည်ချွန်မောင်များသည် ရွှေဥမင် သဘာဝလိုဏ်ဂူဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီး နှင့်ရွှေသင်္ကန်းများ ကပ်လှူပူဇော်၍ ဖူးမြော်ကန်တော့ကြပြီး အုပ်စုခွဲ၍ ရွှေဥမင်သဘာဝလိုဏ်ဂူအတွင်းရှိ ရှေးဟောင်းစေတီများ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ အထင်ကရ သမိုင်းဝင်နေရာများ၊ သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ကျောက်စက်ပန်းဆွဲများ၊ ကျောက်တိုင်၊ ကျောက်စည်၊ ကျောက်မောင်းများ၊ ရေကန်များကို လိုက်လံရှင်းလင်းပြသကြသည်။

 

mdn

 

ထို့နောက် လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာ ဆရာမများသည် ဘုရားစောင်းတန်းရှိ တိုင်းရင်းသားရိုးရာ အဝတ်အထည်နှင့် လက်ဆောင်ပစ္စည်းအရောင်းဆိုင်များကို လေ့လာကြည့်ရှု ဝယ်ယူကြပြီး ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား အဝင်မုခ်ဦးနှင့် တပေါင်းကွင်းရှိ သက်တမ်းရင့်ညောင်ပင်ကြီး၌ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကြသည်။

 

ယင်းနောက် လူရည်ချွန်အဖွဲ့များသည် ပင်းတယမြို့ အခြေခံပညာအထက် တန်းကျောင်း (ကြိုသက်) ရှိ ပညာရောင်ခြည်ခန်းမ၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုနေ့လည်စာကို သုံးဆောင်ကြသည်။

 

အဆိုပါဂုဏ်ပြုနေ့လည်စာစားပွဲတွင်  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ကျော်ဦးက ပင်းတယမြို့သမိုင်းကြောင်း သိကောင်းစရာများနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဧည့်သည်တော်များ၊ လူရည်ချွန် မောင်မယ်များနှင့် အတူတကွ ဂုဏ်ပြုနေ့လည်စာကို သုံးဆောင်ကြသည်။

 

ဆက်လက်၍ လူရည်ချွန်မောင်မယ်များသည် သမိုင်းဝင် ပုန်းတလုတ်ရေကန်ကို လေ့လာခဲ့ကြပြီး တောင်ကြီး လူရည်ချွန် အပန်းဖြေစခန်းသို့ပြန်လည်ခွာကြသည်။

 

ညပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဖျော်ဖြေရေးအဖွဲ့က လူရည်ချွန်မောင်မယ်များကို အဆို၊ အက၊ အတီးများဖြင့် သီဆိုတီးမှုတ်ဧည့်ခံ ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။

 

သတင်းစဉ်