တောင်ကြီးလူရည်ချွန်စခန်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဂုဏ်ပြုညစာစားပွဲနှင့် စခန်းသိမ်းပွဲကျင်းပ

တောင်ကြီး မေ ၁

၂၀၂၄ ခုနှစ် တောင်ကြီးလူရည်ချွန်စခန်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဂုဏ်ပြုညစာစားပွဲနှင့် စခန်းသိမ်းပွဲကို ဧပြီ ၃၀ ရက် ည ၆ နာရီခွဲက တောင်ကြီးမြို့ အိမ်တော်မြက်ခင်းပြင်၌ ကျင်းပသည်။

ဂုဏ်ပြုညစာစားပွဲနှင့် စခန်းသိမ်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က တောင်ကြီးမြို့ အိမ်တော်မြက်ခင်းပြင်၌ (Grade-10) ဒသမတန်း ဘက်စုံပညာထူးချွန် ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များကို ဂုဏ်ပြုညစာစားပွဲဖြင့် ဂုဏ်ပြုနိုင်ရေးနှင့် စခန်းသိမ်းပွဲအတွက် အဘက်ဘက်က ဝိုင်းဝန်းကူညီပေးခဲ့သူများအားလုံးကို အထူးကျေးဇူး တင်ရှိကြောင်း၊ ရှမ်းပြည်နယ်တောင်ကြီးစခန်းကို လာရောက်ကြသည့်လူရည်ချွန်များ၊ ကြီးကြပ်ဆရာဆရာမများကို ကြိုဆိုခြင်း မှအစပြု၍ ယနေ့ဂုဏ်ပြုညစာ စားပွဲနှင့် စခန်းသိမ်းပွဲတိုင်အောင် ကြားကာလလုပ်ငန်းအသီးသီးမှာ စေတနာထားပြီး အဘက်ဘက်ကပြည့်စုံအောင် ဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူအားလုံးကို ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား အထူး ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့ထူးချွန်ထက်မြက်ကြသည့် မောင်တို့မယ်တို့သည် မိမိတို့၏အချိန်များကို မဖြုန်းမိစေဘဲ ထိထိရောက်ရောက်သုံးစွဲတတ်ကြရန်နှင့် ရှမ်းပြည်နယ်အတွင်း လေ့လာရေးခရီးစဉ်များက ရရှိထားသည့် ဗဟုသုတများ၊ အတွေ့အကြုံများကို လေ့လာသုံးသပ်ပြီး မိမိတို့အတွက်၊ မိမိပတ်ဝန်းကျင်အတွက်၊ နိုင်ငံအတွက် ပြန်လည်အသုံးချစေလိုကြောင်း၊ နေရပ်ကိုပြန်သည့်ခရီးစဉ်များလည်းချောမွေ့၍ မိမိတို့ရပ်ရွာဒေသ၊ မိမိတို့မြို့နယ်၏ အားကိုးအားထားပြုထိုက်သော လူရည်ချွန်လူတော်များ၊ ခေါင်းဆောင်ကောင်းများ ဖြစ်လာရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်အုပ်ချုပ်သူများအား Crystal trophy များနှင့် မြန်မာ့အသံရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြား ရိုက်ကူးရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီးကလူရည်ချွန်မောင်မယ်များအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ကာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီးတို့က လူရည်ချွန်မောင်မယ်များအား တိုင်းရင်းသားရိုးရာဝတ်စုံများ လက်ဆောင်ပေးအပ်ခဲ့ကြသည်။

ထို့နောက် လူရည်ချွန်မောင်မယ်များကိုယ်စား ရန်ကုန်တိုင်းဒေသကြီးမှ လူရည်ချွန်နှစ်ထပ်ကွမ်း မောင်ခန့်ဇင်ငြိမ်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုညစာ စားပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များ၊ မီးပုံးပျံများ တပျော်တပါးလွှတ်တင်ကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)