တောင်ကြီးနှင့် တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၇ ဧပြီ

 

မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၆ ရက် မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ နယ်မြေ(၃)၊ မြို့ရှောင်လမ်းနေ ဒေါ်နန်းခမ်းပေး၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ စက်မှုဇုန်အနီးရှိ လေယာဉ်ကွင်းလမ်းဆုံတွင် စောမွန် (ခ) အားမွန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ အလားတူ တာချီလိတ်မြို့နယ်၊ ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ အားညီ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် ၂၀ဝ ဂရမ် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

 

MDN