တောင်ကိုရီးယား နိုင်ငံက ဖွားဖွားတွေရဲ့ ပညာရေး

၁၈ နိုဝင်ဘာ

 

ကမ္ဘာ့စီးပွားရေး အဆင့် ၁၁ မှာ ရပ်တည်နေပြီး နည်းပညာပိုင်းမှာ ရှေ့ရောက်နေတဲ့ တောင်ကိုရီးယားနိုင်ငံ၊ နိုင်ငံတစ်ဝန်းမှာ 5G နက်ဝက်ကို ပထမဦးဆုံး ထုတ်လွှင့်ခဲ့တဲ့ နိုင်ငံက ဖိုးဖိုးဖွားဖွား အများစုဟာ စာမတတ်ကြတာကို တွေ့ရပါတယ်။

 

၂၀ ရာစု တစ်ဝက်လောက်က စိုက်ပျိုးရေးကို အဓိကထားတဲ့ တောင်ပိုင်းဟာ ဆင်းရဲကြပြီး ကလေး အများစုဟာ ကျောင်းကို လုံးဝမသွားခဲ့ရပါဘူး။ ၂၀၁၇ ခုနှစ်က ထုတ်ပြန်ထားတဲ့ ပညာရေး စစ်တမ်းအရ အသက် ၈၀ နဲ့အထက် ဖိုးဖိုးဖွားဖွား ၆၇.၇ ရာခိုင်နှုန်းဟာ စာလုံးဝ မဖတ်တတ်သလို မရေးတတ်သူများ ဖြစ်ကြပါတယ်။ 

 

အဲဒီအချိန်ခါက မိန်းကလေးငယ်များကို ပညာသင်ခွင့် ငြင်းပယ်ခံရလေ့ ရှိပါတယ်။  အသက် ၇၀ အရွယ် ပက်ယောင်အေးက သူမ ငယ်စဉ်က အမေက ကျောင်းလွှတ်ဖို့ ကြိုးစားခဲ့ပေမယ့် အဖိုးဖြစ်သူက သူမလို မိန်းကလေးတွေအတွက် ပညာရေးက ဘာအတွက် အသုံးချမလဲလို့ဆိုပြီး ကျောင်းမတက်ခဲ့ရဘူးလို့ ပြောပါတယ်။

 

ဒါပေမယ့် အခုတော့ အဲဒီအမျိုးသမီးတွေဟာ သင်္ချာတွက်နိုင်ရေးနဲ့ စာလည်း ဖတ်နိုင်စေရန်  မြေးအရွယ် ကလေးငယ်တွေနဲ့အတူ သင်ကြားနေကြတာကို တွေ့ရပါတယ်။

 

စာသင်ဖက် အသက်ရှစ်နှစ်အရွယ် ကင်ဆုန်ရန်းက  မူလတန်းကျောင်းဆင်း လက်မှတ်ကို အဖွားတွေနဲ့အတူ လိုချင်ကြောင်းနဲ့ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းတွေကိုလည်း သူတို့နဲ့အတူ ဆက်သွားချင်ကြောင်း ပြောပါတယ်။ ကောလိပ်ကျောင်းပါ အတူသွားချင်တာလို့ ဆက်ပြောပါတယ်။

 

အသက် ၈၄ နှစ်ရွယ် ဖွားဖွား နန်ယန်ဆွန်းက အရင်က စာဖတ်တာကို မသိခဲ့ပေမယ့် အခု လေ့လာသင်ယူခွင့် ရတဲ့အတွက် ပျော်ရွှင်ကြောင်း၊ တခြားသူတွေရဲ့  နှိမ့်ချမှုကို မခံရတော့ကြောင်း၊  အခုဆိုရင် နံရံတွေပေါ်မှာ ချိတ်ထားတဲ့ ကြေညာတွေနဲ့ ရုပ်မြင်သံကြားပေါ်က စာတမ်းတွေပါ ဖတ်နိုင်ပြီလို့ ပြောပါတယ်။

 

ဖွားဖွားတို့အတွက် ပညာရေး အစီအစဉ်ကို လွန်ခဲ့တဲ့ သုံးနှစ်က စတင်ခဲ့တာဖြစ်ပြီး စာသင်ယူတဲ့ အများစုဟာ အသက် ၅၇ နှစ်ကနေ ၈၉ နှစ်အရွယ် ဖွားဖွားတွေ ဖြစ်ကြပါတယ်။ အဲဒီအစီအစဉ် စတင်ကတည်းက ဖွားဖွားတို့  ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို စုစည်းပြီး  “စာကို ဘယ်လို ရေးရမလဲဆိုတာ မသိပေမယ့် ဘဝကို ဘယ်လို ရင်ဆိုင်ဖြတ်သန်း မလဲဆိုတာတော့ သိပါတယ်” (We didn't know how to write, but we knew how to live") လို့ ခေါင်းစီးနဲ့ စာအုပ်ကို ဖွားဖွားတို့ ကိုယ်တိုင် ရေးသားရာ အုပ်ရေ ၇,၀၀၀ ကျော်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ က ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။

 

အဲဒီစာအုပ်ကို အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေရန် စာရေးတဲ့ ဖွားဖွား စာရေးဆရာ သုံးဦးနဲ့ ပြတိုက် ဒါရိုက်တာတို့ အမေရိကန်နိုင်ငံကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP