တောင်ကိုရီးယားက ပြည်တွင်းဖြစ် ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား သုံးစွဲခွင့်ပြု

ဆိုးလ် ဇွန် ၂၉ 

 

တောင်ကိုရီးယားနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးဘေးကင်းလုံခြုံရေးဝန်ကြီးဌာနသည် နိုင်ငံ၏ပထမဆုံး ပြည်တွင်းဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အရေးပေါ်သုံးစွဲရန် ယနေ့တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

 

တောင်ကိုရီးယား၏ SK Bioscience ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက ထုတ်လုပ်သည့် SKYConvione ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကုမ္ပဏီက တင်သွင်းထားသည့် နောက်ဆုံးရလဒ်အပေါ် အကြောင်းပြချက်နှင့် ပတ်သက်၍အတည်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားအစားအသောက်နှင့် ဆေးဝါးဘေးကင်း လုံခြုံရေးဝန်ကြီးဌာနက ပြောကြားသည်။ 

 

GBP510 ဟုလည်းသိရသော SKYCovione ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် မိမိဘာသာဆင်ယူရသော ဆေးဝါးတစ်မျိုးဖြစ်ပြီး ဝါရှင်တန်ဆေးတက္ကသိုလ်ရှိ ပရိုတင်းဒီဇိုင်းဆိုင်ရာအင်စတီကျုနှင့် ပူးပေါင်းထုတ်လုပ်ထားသည့် ကာကွယ်ဆေးဖြစ်ကြောင်း ကာကွယ်ဆေးထုတ်လုပ်သည့်ကုမ္ပဏီက ပြောကြားသည်။

 

အဆိုပါကာကွယ်ဆေးသည် ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုအဆင့် သုံးဆင့်စလုံးပြီးမြောက်အောင် ပြုလုပ်ထားသည့် တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးပြည်တွင်းဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်သည်။ 

 

အဆိုပါ ကာကွယ်ဆေး၏ တတိယအဆင့်စမ်းသပ်မှုကို ထိုင်း၊ ဗီယက်နမ်၊ နယူးဇီလန်၊ ယူကရိန်း၊ ဖိလစ်ပိုင်နှင့် တောင်ကိုရီးယားတို့အပါအဝင် နိုင်ငံခြောက်နိုင်ငံရှိ အရွယ်ရောက်ပြီးသူ ၄၀၃၇ ဦးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

SKYCovione ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သီတင်းပတ်လေးပတ်ကြားကာလတွင် နှစ်ကြိမ်ထိုးနှံပေးနိုင်ရန် ဒီဇိုင်းဆွဲထုတ်လုပ်ထားကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ