တောင်ကိုရီးယားကိုအနိုင်ယူပြီး ယူ - ၂၀ ကမ္ဘာ့ဖလားကို ယူကရိန်းအသင်း ပထမဆုံးအကြိမ်ဆွတ်ခူး

mdn

၁၆ ဇွန်

 

၂၀၁၉ ဖီဖာယူ - ၂၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ယူကရိန်းအသင်းနှင့် တောင်ကိုရီးယားအသင်းတို့ စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ ယူကရိန်းအသင်းက တောင်ကိုရီယားအသင်းကို သုံးဂိုး တစ်ဂိုးဖြင့်အနိုင်ယူပြီး ချန်ပီယံဆုကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့သည်။

 

နှစ်သင်းစလုံးမှာ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက်လာခဲ့သဖြင့် ချန်ပီယံဆုရရှိရေး အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲအစ ငါးမိနစ်တွင် တောင်ကိုရီးယားအသင်းက ပင်နယ်တီကန်ခွင့်ရရှိခဲ့သည်။ ယင်းဂိုးကို လီကန်အင် က အမှားအယွင်းမရှိကန်သွင်းကာ တောင်ကိုရီးယားအသင်း ဦးဆောင်ကစားနိုင်ခဲ့သည်။  ပွဲချိန် ၃၄ မိနစ်မှာ တိုက်စစ်မှူး ဆူပရီယာက ယူကရိန်းအသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် ပထမပိုင်းတွင် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေခဲ့သည်။

 

ဒုတိယပိုင်းတွင် ယူကရိန်းအသင်း ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး ပွဲချိန် ၅၂ မိနစ်တွင် ပထမပိုင်းတွင် ချေပဂိုးသွင်းယူပေးခဲ့သည့် တိုက်စစ်မှူး ဆူပရီဟာက ပင် ဒုတိယဂိုးနှင့် ပွဲချိန် ၈၉ မိနစ်တွင် တီတိုင်ရှီဗီလီ က ယူကရိန်းအသင်းအတွက် အနိုင်သေချာစေမည့် တတိယဂိုးကို ထပ်မံ သွင်းယူ နိုင်ခဲ့သဖြင့် ပွဲအပြီးတွင် ယူကရိန်းအသင်းက သုံးဂိုး တစ်ဂိုး ရလဒ်ဖြင့်အနိုင်ရရှိပြီး နိုင်ငံအတွက် ပထမဆုံးသော ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

 

MDN