တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းနှင့် မြန်မာအသင်းများ ခြေစမ်းပွဲကစားမည်

ရန်ကုန် ၂၅ မေ

တောင်ကိုရီးယားနိုင်ငံ၏ အဆင့်မြင့်ဆုံး လိဂ်ပြိုင်ပွဲဖြစ်သော K-League တွင် ယှဉ်ပြိုင်နေသည့် ပိုဟန်စတီးလားစ်အသင်းနှင့် မြန်မာအသင်းများ၏ ခြေစမ်းပွဲကို ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်သည်။

ပိုဟန်စတီးလားစ် အသင်းသည် မြန်မာနိုင်ငံ၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မေ ၂၈ ရက်တွင် မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီအသင်း၊ မေ ၃၀ ရက်တွင် ဆီးဂိမ်းစ် ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ခြေစမ်းပွဲများကို ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ သတ်မှတ်ထားသလို ပရိသတ်များအတွက် ဖျော်ဖြေရေးနှင့် ကံစမ်းမဲအစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။ ပိုဟန်စတီးလားစ် အသင်းသည် ယခုရာသီ K-League ပြိုင်ပွဲတွင် ၁၂ ပွဲကစား ၁၉ မှတ်ဖြင့် အဆင့် ၇ နေရာတွင် ရပ်တည်နေပြီး နိုင်ငံခြားသား ကစားသမားအချို့လည်း ပါဝင်ကစားလျက်ရှိသည်။

မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီအသင်းသည် ဒုတိယအကျော့အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ရှုံးထွက်ပြိုင်ပွဲ ကျင်းပနေသည့်ကာလဖြစ်သဖြင့် အချို့ကလပ်အသင်းများမှာ ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် ခြေစမ်းပွဲကစားလိုကြောင်း တင်ပြခဲ့သည့် ဧရာဝတီအသင်းက ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။ ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းသည် ဗီယက်နမ်အသင်းနှင့် ခြေစမ်းပွဲမတိုင်မီ ပိုဟန်စတီးလားစ်အသင်းနှင့် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် တက်ရောက်နေသည့် အသင်းများအနက် ရှမ်း၊ ရန်ကုန်နှင့် စစ်ကိုင်းအသင်းတို့မှ ကစားသမားများမှလွဲ၍ ကျန်ကစားသမားများဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး လိုအပ်သည့် ကစားသမားများကို ယူ-၁၈ အသင်းမှ ခေါ်ယူအားဖြည့်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ပိုဟန်စတီးလားစ်အသင်းနှင့် ခြေစမ်းပွဲပြီးပါက ဇွန် ၇ ရက်တွင် ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ဗီယက်နမ်နိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းသည် ခြေစမ်းပွဲကစားရန် မေ ၂၆ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်