တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် ခပ်ခွာခွာနေရေး စည်းကမ်းချက်များအား သက်တမ်းထပ်တိုး

ဆိုးလ်  ၂  ဇန်နဝါရီ

တောင်ကိုရီးယားအစိုးရသည် နိုင်ငံအတွင်း ပြန်လည်ဖြစ်ပွားလာသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် ချမှတ်ထားသည့် တင်းကျပ်သော ခပ်ခွာခွာနေရေး စည်းမျဉ်းစည်းကမ်းများကို နောက်ထပ်သီတင်းပတ် နှစ်ပတ် သက်တမ်းထပ်တိုးရန် ယနေ့ဆုံးဖြတ်လိုက်သည်။

အဆိုပါ စည်းမျဉ်းစည်းကမ်းများအရ မြို့တော်ဆိုးလ်ဒေသတွင် ရောဂါထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၏ ဒုတိယအဆင့်အမြင့်ဆုံးဖြစ်သည့် အဆင့် ၂ ဒသမ ၅ ကို ဇန်နဝါရီ ၁၇ အထိ သီတင်းပတ်နှစ်ပတ်ကြာချမှတ် သွားမည်ဖြစ်ကြောင်း သိရသည်။ မြို့တော်ဆိုးလ်ဒေသထဲတွင် ဆိုးလ်မြို့၊ ဂျောင်ဂီးပြည်နယ်နှင့် အင်ချွန် ဆိပ်ကမ်းမြို့တို့ပါဝင်သည်။

တောင်ကိုရီးယားအစိုးရသည် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ ခပ်ခွာခွာနေရေး စည်းကမ်းချက်များကို အဆင့်ငါးဆင့်ဖြင့် ပိုင်းခြားချမှတ်ထားပြီး ရောဂါကူးစက်မှု အခြေအနေပေါ်မူတည်၍ ပြီးခဲ့သည့်နိုဝင်ဘာ ၁၉ ရက် က ဆိုးလ်ဒေသတွင် အဆင့်အနိမ့်ဆုံးဖြစ်သည့် အဆင့် ၁ မှ အဆင့် ၁ ဒသမ ၅ သို့ တိုးမြှင့်ချမှတ်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ သီတင်းပတ်နှစ်ပတ်ကြာ အဆင့် ၂ သို့ တိုးမြှင့်ချမှတ်ကာ ထိုမှ တစ်ဆင့် ၂၀၂၁ ဇန်နဝါရီ ၃ ရက်အထိ အဆင့် ၂ ဒသမ ၅ သို့ တိုးမြှင့်ချမှတ်လိုက်သည်။

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၂၄ ဦး ထပ်မံတွေ့ရှိခဲ့ရာ လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူပေါင်း ၆၂၅၉၃ ဦးရှိလာသည်။ ပြီးခဲ့သည့်သီတင်းပတ်က တောင်ကိုရီးယားနိုင်ငံတစ်ဝန်းရှိ နေ့စဉ်ပျမ်းမျှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေမှာ ၉၅၆ ဦးရှိကြောင်း သိရ သည်။

ထို့အပြင် တောင်ကိုရီးယားအစိုးရသည် နိုင်ငံအတွင်း ပြန်လည်ဖြစ်ပွားလာသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရန် ဆိုးလ်ဒေသမှလွဲ၍ အခြားနေရာနှင့် ဒေသအားလုံးတွင် အဆင့်တတိယအမြင့်ဆုံးဖြစ်သည့် ခပ်ခွာခွာနေရေး စည်းကမ်းချက်အဆင့် ၂ ဒသမ ၀ ကို နောက်ထပ် သီတင်းပတ်နှစ်ပတ်ကြာ ချမှတ်သွားမည်ဖြစ်ကြောင်း သိရ သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ