တောင်ကိုရီးယား၌ ရုံးအဆောက်အအုံ မီးလောင်မှုကြောင့် လူ ခုနစ်ဦးထက်မနည်းသေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိ

ဆိုးလ် ဇွန် ၉

 

တောင်ကိုရီးယားနိုင်ငံ၏ အရှေ့တောင်ပိုင်း ဒေဂူမြို့ရှိ ရုံးအဆောက်အအုံတစ်လုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက်  လူခုနစ်ဦးထက်မနည်း သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ယနေ့ ဖော်ပြထားသည်။

 

အဆိုပါမီးလောင်မှုသည် မြို့တော်ဆိုးလ်မြို့မှ တောင်ဘက်ကီလိုမီတာ ၃၀၀ ခန့်အကွာတွင် တည်ရှိသောဒေဂူမြို့ရှိ ခုနစ်လွှာရုံးအဆောက်အအုံတစ်လုံးတွင် ယနေ့ဒေသစံတော်ချိန်နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

မီးလောင်မှုတွင် လူခုနစ်ဦးသေဆုံးပြီး ၄၆ ဦး မီးလောင်ဒဏ်ရာရရှိခဲ့ကာ ကျန်လူအများအပြားသည် အဆိုပါ အဆောက်အအုံမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။ 

 

မီးသတ်ယာဉ်အစင်း ၅၀ ခန့်နှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၆၀ ခန့်တို့ကို အခင်းဖြစ်ပွားသည့်နေရာသို့ ပို့ဆောင်ထားပြီး မိနစ် ၂၀ ခန့်အကြာတွင် ယင်းမီးလောင်မှုကို ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှု လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ