တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေးဆွေးနွေးပွဲက ပြီးဆုံးသွားပြီလို့ မြောက်ကိုရီးယားက ပြောကြား 

၁၆ သြဂုတ် 


မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ နောက်ထပ်ဆွေးနွေးစရာမရှိတော့ဘူး။ ဒီလိုဆုံးဖြတ်လိုက်ရတာက တောင်ကိုရီးယားရဲ့ မှားယွင်းတဲ့ပြုမှုဆောင်ရွက်ချက်တွေကြောင့်သာ ဖြစ်တယ်လို့ မြောက်ကိုရီးယားရဲ့ ကြေငြာချက်မှာ ဆိုထားပါတယ်။ 


တစ်ချိန်တည်းမှာ မြောက်ကိုရီးယားနိုင်ငံဘက်ကနေ အမျိုးအမည်မသိဒုံးကျဉ်နှစ်စင်းကို ဒီကနေ့ (သောကြာနေ့) က ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားဘက်က ထုတ်ပြန်ပြောကြားပါတယ်။


တောင်ကိုရီးယားအနေနဲ့ မြောက်ကိုရီးယားနဲ့ ပေါင်းစည်းဆွေးနွေးပွဲ လုပ်ဆောင်နေသလို အမေရိကန်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်ရေး ဆက်လက်လုပ်ဆောင်နေတာက အရှက်မရှိတဲ့ လုပ်ရပ်ကို လုပ်ဆောင်သူသာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ မွန်းကို မြောက်ကိုရီယားခေါင်းဆောင်က ပြောဆိုလိုက်ပြီး တောင်ကိုရီး- အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှာကို မလိုလားတဲ့အတွက် အခုလို ဒုံးကျဉ်တွေ စမ်းသပ်နေခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားရဲ့ ကြေငြာချက်မှာ ရေးသားထားပါတယ်။ 


ပြီးခဲ့တဲ့ ခြောက်ရက်ကလည်း တာတိုပစ် ဒုံးကျဉ်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပါသေးတယ်။ အခုသီတင်းပတ်အတွင်းမှာ ဒုံးကျဉ်စမ်းသပ်ပစ်လွှတ်နေတာ ဒီကနေ့စမ်းသပ်တဲ့ ဒုံးကျဉ်နဲ့ဆိုရင် ၆ စင်း ရှိပြီဖြစ်ပါတယ်။


ဒုံးကျဉ်တွေက ဂျပန်ပင်လယ်အနီးရှိ ကန်ဝမ်ဒေသရဲ့မြို့တော် တွန်ချွန်မြို့အနီးကနေ ပစ်လွှတ်ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ 


မြောက်ကိုရီးယားနဲ့ အမေရိကန် သမ္မတတို့ကြားက နျူကလီးယားလက်နက် ဖျက်သိမ်းရေး သဘောတူညီချက်အပြီးမှာ အခုလို ဒုံးကျဉ်စမ်းသပ်ပစ်လွှတ်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတာဖြစ်ပါတယ်။ 


ဂျပန်လက်အောက်ကနေ ကိုရီးယားလွတ်မြောက်ခဲ့တဲ့ လွတ်လပ်ရေးနေ့မှာ ကိုရီးယားနှစ်နိုင်ငံဟာ ၂၀၄၅ ခုနှစ်မှာ ပြန်လည်ပေါင်းစည်းသွားမယ်လို့ တောင်ကိုရီးယားသမ္မတက  သန္နိဋ္ဌာန်ချထားကြောင်း မနေ့က ပြောကြားခဲ့ပါတယ်။ ကိုရီးယားနှစ်နိုင်ငံက ဒုတိယကမ္ဘာစစ်အပြီးမှာ ပြိုကွဲခဲ့တာဖြစ်ပါတယ်။ 


MDN


ကိုးကား- AFP