တောင်ကိုရီးယားနိုင်ငံ၌ အငှားလေယာဉ်ငယ် ဝန်ဆောင်မှုကို ၂၀၂၅ ခုနှစ်တွင် စတင်မည်

ဆိုးလ် နိုဝင်ဘာ ၁၄

တောင်ကိုရီးယားနိုင်ငံသည် နှစ်ယောက်စီးအငှား လေယာဉ်တစ်စင်းကို ဆိုးလ်မြို့တော်ရှိ ဂျမ်ပိုနိုင်ငံ တကာလေဆိပ်၌ ယမန်နေ့တွင် စမ်းသပ်ပျံသန်းခဲ့သည်။

အဆိုပါအငှားလေယာဉ်ဝန်ဆောင်မှုကို ၂၀၂၅ ခုနှစ်တွင် စတင်မည်ဖြစ်ပြီး ယင်းစီမံချက် အထမြောက် အောင်မြင်စေရန် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါစမ်းသပ်ပျံသန်းမှုတွင် ပြသသည့် အငှားလေယာဉ်သည် ဂျာမနီနိုင်ငံထုတ်ဖြစ်ပြီး မောင်းသူမဲ့ လေယာဉ်နည်းပညာကို အခြေခံကာ ဖန်တီးပြုလုပ်ထားသည်။ ယင်းလေယာဉ်ငယ်သည် အမြင့်ပေ မီတာ ၅၀ အထိ ရောက်ရှိခဲ့ပြီး သုံးကီလိုမီတာ အကွာအဝေးရှည်လျားသည့် သတ်မှတ်ထားသော လမ်းကြောင်းတွင် သုံးမိနစ်ခန့် ပျံသန်းသွားလာခဲ့သည်။

အငှားလေယာဉ်ငယ်ပျံသန်းမှုကို လေဆိပ်တစ်ခု၌ စမ်းသပ်ပြသမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းနှင့် နောက်ထပ်စမ်းသပ်မှုများကို ဆိုးလ်မြို့တော်အနီးရှိ အင်ချွန်နိုင်ငံတကာလေဆိပ်အနီးတွင် ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုသည်။

အဆိုပါစမ်းသပ်ပျံသန်းမှုများသည် အငှားလေယာဉ်ငယ်များနှင့် လေယာဉ်ကြီးများအကြား တိုက်မိခြင်းမှ ကာကွယ်ရန် လေကြောင်းစီမံခန့်ခွဲမှု စနစ်တစ်ရပ်ကို ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ဆိုသည်။

အငှားလေယာဉ်ငယ်များ အသုံးပြုမှုဆိုင်ရာ ဥပဒေတစ်ရပ်ကိုပြဋ္ဌာန်းရန် တောင်ကိုရီးယားအစိုးရက စီစဉ်လျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထို့ပြင် အငှား လေယာဉ်ငယ်များကို ပြည်သူများ ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရန် ပျံသန်းပြေးဆွဲမှုဆိုင်ရာ စမ်းသပ်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်