တောင်ကိုရီးယားနိုင်ငံ၌ ဈေးဝယ်စင်တာမီးလောင်မှုကြောင့် နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

စက်တင်ဘာ ၂၆

 

တောင်ကိုရီးယားနိုင်ငံအလယ်ပိုင်း ဒဲဂျီအွန်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိပြီး အခြားလေးဦးပျောက်ဆုံးနေကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ပြောကြားသည်။

 

ဆိုးလ်မြို့တော်၏တောင်ဘက် ကီလိုမီတာ ၁၆၀ ခန့်အကွာ ဒဲဂျီအွန်မြို့ရှိ ဈေးဝယ်စင်တာမှ ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့သည်ဟု သိရသည်။

 

ထိုမီးလောင်ကျွမ်းမှုကြောင့် အသက် ၅၀ နှင့် ၃၀ အရွယ် အမျိုးသားနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသဖြင့် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။

 

အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးသည် ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံပေါ်တွင် ကုသမှုခံယူနေဆဲဖြစ်သည်ဟု သိရသည်။ ပျောက်ဆုံးနေသူလေးဦးကိုလည်း ရှာဖွေမှုများလုပ်ဆောင်လျက်ရှိသည်။

 

မီးသတ်အာဏာပိုင်အဖွဲ့က မီးသတ်ပစ္စည်းကိရိယာများနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၂၀ ကျော်ကို မီးငြှိမ်းသတ်ရန်စေလွှတ်ထားသော်လည်း ၎င်းတို့မှာ မြေအောက် ကုန်တင်ကုန်ချနေရာရှိစက္ကူပုံးများ မီးလောင်ကျွမ်းရာမှ ထွက်ပေါ်လာသော မီးခိုးများကြောင့် မီးငြှိမ်းသတ်ရန်ခက်ခဲခဲ့ကြသည်။

 

အနီးနားအဆောက်အအုံများရှိ လူပေါင်း ၁၀၀ ကျော်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် ထိုစင်တာဖွင့်ချိန်မတိုင်မီ မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ဈေးဝယ်လာသူတစ်ဦးတစ်ယောက်မျှမရှိကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို