တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၅၀၀၀ ကျော်ဖြင့် ကူးစက်မှုစံချိန်တင်

ဒီဇင်ဘာ ၁

 

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပထမဆုံး စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်ရောဂါကူးစက်မှုတွင် ကူးစက်ခံရသူ ၅၀၀၀ကျော်ထပ်မံတွေ့ရှိခဲ့သည်။

 

အစိုးရက တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၅၁၂၃ ဦး ထပ်မံတွေ့ရှိခဲ့ရာ စံချိန်တင်ကူးစက်မှုဖြစ်သည်ဟု ဆိုသည်။

 

နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီး ဖြစ်သည်။ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုဟန့်တားသည့် ကန့်သတ်ချက်များ ဖြေလျော့မှုကို နိုဝင်ဘာလက စတင်လုပ်ဆောင်ခဲ့သည်။

 

လက်ရှိအခြေအနေအရ ဒီဇင်ဘာလအလယ်တွင် ဆေးရုံကုတင် ၁၃၀၀ ကျော်ရရှိရန် လုပ်ဆောင်လျက်ရှိပြီး နေအိမ်တွင် ကုသမှုခံယူနေသူများအတွက် ထောက်ပံ့ကူညီမှုပေးရန်လည်း ဆောင်ရွက်လျက်ရှိသည်။

 

ထိုရောဂါကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်ရန် အစိုးရဌာနအသီးသီးမှဝန်ထမ်းများဖြင့် အထူးလုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။

 

ထိုအဖွဲ့က ပြည်တွင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စောင့်ကြည့်ရေးစနစ်ကို မြှင့်တင်ရန်နှင့် ပိုမိုတင်းကျပ်သော ဝင်ခွင့်ကန့်သတ်ချက်များချမှတ်ရန် စဉ်းစားထားသည်ဟု သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို