တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၃၉၂၅ ဦး ထပ်မံတွေ့ရှိ

မေ ၁၁

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၃၉၂၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၁၇၆၅၈၇၉၄ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

ပြီးခဲ့သည့်နေ့က ကိုဗစ်ကူးစက်ခံရသူ ၄၉၉၃၃ ဦးရှိရာမှ နေ့စဉ်ကူးစက်မှုအရေအတွက် လျော့ကျလာခြင်းဖြစ်ပြီး ကူးစက်ဖြစ်ပွားသူဦးရေ ၅၀၀၀၀ အောက်လျော့ကျလာသည်မှာ ရှစ်ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

 

ကျန်းမာရေးတာဝန်ရှိသူများက နိုင်ငံတစ်ဝန်းတွင် မတ်လလယ်က အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှု အမြင့်မားဆုံး ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်ကူးစက်မှုလျော့ကျလာသည်ဟု ယူဆထားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၂၉ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၂၃၄၉၁ ဦး ရှိလာသည်။ 

 

နိုင်ငံ့လူဦးရေ၏ ၈၆ ဒသမ ၈ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့် နိုင်ငံ့လူဦးရေ၏ ၆၄ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို