တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၀၄၄၃ ဦး ထပ်မံတွေ့ရှိ

ဖေဖော်ဝါရီ ၁၆

 

တောင်ကိုရီးယားနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွားလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှုစံချိန်တင်မြင့်တက်ခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၀၄၄၃ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ကူးစက်ဖြစ်ပွားသူပေါင်း ၁၅၅၂၈၅၁ ဦးအထိ မြင့်တက်လာသည်ဟု ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီက ဆိုသည်။

 

ပြီးခဲ့သည့်နေ့က ရောဂါကူးစက်ခံရသူ ၅၇၁၇၅ ဦးရှိရာမှ ရောဂါနေ့စဉ်ကူးစက်မှု ၉၀၀၀၀ အထက်သို့ပထမဆုံးအကြိမ် မြင့်တက်လာခြင်းဖြစ်သည်။

 

ထပ်မံကူးစက်မှုများအနက် ၁၈၈၃၄ ဦးသည် ဆိုးလ်မြို့တွင် နေထိုင်သူများဖြစ်ပြီး ဂျောင်ဂီပြည်နယ်တွင် ၂၇၉၅၄ ဦးနှင့် အင်ချွန်တွင် ၅၈၁၇ ဦးတို့ဖြစ်ကြသည်။

 

မြို့ပြမဟုတ်သည့်ဒေသများတွင် ကူးစက်ဖြစ်ပွားမှု ၃၇၆၇၆ ဦး၊ ပြည်တွင်းကူးစက်မှု၏ ၄၁ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၃၉ ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၇၂၀၂ ဦးအထိ ရှိလာသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၄၄၇၅၇၂၁၅ ဦးရှိပြီး ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၄၄၂၄၉၈၈၂ ဦး ရှိသည်။ ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၂၉၇၆၉၁၉၂ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို