တောင်ကိုရီးယားနိုင်ငံ၌ ငါးဖမ်းလှေသုံးစင်းမီးလောင်ကျွမ်းမှုကြောင့် သုံးဦးဒဏ်ရာရ၊ နှစ်ဦးပျောက်ဆုံး

ဇူလိုင် ၇

 

တောင်ကိုရီးယားနိုင်ငံ၏တောင်ပိုင်း ဂျယ်ဂျူအပန်းဖြေကျွန်းတွင် ငါးဖမ်းလှေသုံးစင်း မီးလောင်မှုကြောင့် သုံးဦးဒဏ်ရာရရှိခဲ့ပြီး အခြားနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ယွန်ဟပ်သတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြထားသည်။

 

ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၁၇ မိနစ်က ဟယ်လင်မ်ဆိပ်ကမ်းတွင် ငါးဖမ်းလှေတစ်စင်းဆိုက်ကပ်ထားရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ထိုလှေနှင့်ကပ်လျက်ရှိအခြားလှေနှစ်စင်းကို မီးကူးစက်လောင်ကျွမ်းသွားကြောင်း မီးသတ်တာဝန်ရှိသူများနှင့် ကမ်းခြေစောင့်တပ်၏ပြောကြားချက်ကို ကိုးကားပြီး ယွန်ဟပ်သတင်းဌာနက ဖော်ပြထားသည်။

 

အဆိုပါမီးလောင်ကျွမ်းမှုမှ သုံးဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး ကျိုးပဲ့ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ထားသည်။

 

ထိုငါးဖမ်းလှေမှာ ရုတ်တရက် ဝုန်းခနဲပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦး၏ပြောကြားချက်အရ သိရသည်။

 

ငါးဖမ်းလှေမီးလောင်မှုကြောင့် ပျောက်ဆုံးနေသူများကိုရှာဖွေရန်နှင့် မီးငြှိမ်းသတ်ရန်တို့အတွက် ကမ်းခြေစောင့် ကယ်ဆယ်ရေးသမားများ၊ ကင်းလှည့်သင်္ဘောများနှင့် ရဟတ်ယာဉ်တစ်စင်းတို့ စုရုံးပြင်ဆင်ခဲ့ကြသည်။

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို