တောင်ကိုရီးယားနိုင်ငံ၌ ယမန်နေ့ကထက် ကိုဗစ်-၁၉ ကူးစက်မှုနှစ်ဆကျော် ဖြစ်ပွား

ဆိုးလ် ဧပြီ ၆

 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီနှင့် နှိုင်းယှဉ်ကြည့်ပါက ဧပြီ ၄ ရက် ညသန်းခေါင်ယံ အချိန်အထိ ကိုဗစ်-၁၉ ကူးစက် ခံရသူအသစ် ၂၆၆၁၃၅ ဦး ထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်း ကိုဗစ်၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက် ၁၄၂၆၇၄၀၁ ဦး တိုးမြင့်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက ဧပြီ ၅ ရက်က ပြောကြားသည်။

 

နေ့စဉ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် လွန်ခဲ့သောရက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုထက် နှစ်ဆကျော် မြင့်တက်ခဲ့သည်။ သို့သော်လည်း အဆိုပါပမာဏသည် လွန်ခဲ့သော သီတင်းပတ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသည့် ပမာဏ ၃၄၇၄၉၀ ထက် နည်းခဲ့ကြောင်း ကိုရီးယားနိုင်ငံရောဂါ ကာကွယ်ထိန်းချုပ်ရေးအေဂျင်စီ (KDCA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ကိုရီးယားနိုင်ငံ၌ မကြာသေးမီက ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲ အိုမီခရွန်ကူးစက်မှုနှင့် ၎င်း၏မျိုးကွဲ BA.2 ကူးစက်ပျံ့နှံ့မှုကြောင့် လက်ရှိ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ဆိုးလ်မြို့ ဧရိယာတစ်ဝိုက်တွင် ကူးစက်ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

 

ကိုရီးယားနိုင်ငံ၌ ထပ်မံကူးစက်ခံရသူများအနက် ဆိုးလ်မြို့မှ ၅၁၅၀၀ ရှိပြီး ချုံဂီပြည်နယ်တွင် ၆၉၃၆၂ ဦးနှင့် အင်ချွန်း ဆိပ်ကမ်းမြို့မှ ၁၅၃၅၄ ဦး ဖြစ်သည်။

 

မြို့တော်မဟုတ်သော အခြားနေရာများတွင်လည်း ကိုဗစ်-၁၉ ကူးစက်မှုများရှိပြီး ကူးစက်မှုပမာဏမှာ နိုင်ငံလူဦးရေ၏ ၄၈ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံ သေဆုံးသူ ၂၀၉ ဦး ရှိလာသောကြောင့် စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ ၁၇၆၆၂ ဦးရှိလာ ပြီဖြစ်သည်။ အဆိုပါပမာဏမှာ နိုင်ငံလူဦးရေ၏ဝဒသမ ၁၂ရာခိုင် နှုန်းရှိကြောင်း သိရသည်။

 

ဆင်ဟွာ