တောင်ကိုရီးယားနိုင်ငံသား ယွန်ချန်မင်နဲ့ ယှဉ်ပြိုင်မယ့် ဖိုးသော်

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ One Champoinship ၏ One Century ပြိုင်ပွဲကြီးကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာကျင်းပသွားမှာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲကြီးမှာ ဖိလစ်ပိုင်နိုင်ငံသား ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာနှင့် အောင်လအန်ဆန် (မြန်မာ့စပါးအုန်း)တို့ ယှဉ်ပြိုင်ထိုးသတ်မည့်အပြင် မြန်မာနိုင်ငံသား ဖိုးသော်ကလည်း တောင်ကိုရီးယားနိုင်ငံသား ယွန်ချန်မင်နဲ့ ထိုးသတ်ကြမှာဖြစ်ပါတယ်။ ဖိုးသော်နှင့် တွေ့ဆုံမေးမြန်းခဲ့တာတွေကို ဖော်ပြလိုက်ပါတယ်။

အောက်တိုဘာလ တိုကျိုမှာ ကျင်းပမယ့်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှုတွေကို ပြောပြပေးပါဦး။

ဒီပွဲကို အကောင်းဆုံးယှဉ်ပြိုင်နိုင်အောင် လေ့ကျင့်နေပါတယ်။ ဂျပန်မှာ စောစောသွားရောက် စခန်းသွင်း လေ့ကျင့်နိုင်ဖို့ ပြင်ဆင်နေတယ်။ အဲကြားထဲမှာ        Tiger  မွေထိုင်း ဖူးခက်မှာ နှစ်ပတ်ကြာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခု မြန်မာနိုင်ငံမှာ Visa လျှောက်ဖို့အတွက် ပြန်ရောက်နေတဲ့အချိန်မှာလည်း လေ့ကျင့်မှုတွေ လုပ်သွားမယ်။ Visa ရရချင်းမှာလည်း ဂျပန်ကို အစောဆုံးသွားပြီးတော့ လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာပါ။ အဲဒီကနေပြီးတော့မှ ပြိုင်ပွဲဝင်မှာပါ။

ထိုင်းနိုင်ငံမှာ သွားရောက်လေ့ကျင့်ခဲ့အတွက် အဲဒီလေ့ကျင့်မှုက ပြိုင်ပွဲအတွက် ဘယ်လောက်အထိ အထောက်အပံ့ဖြစ်မလဲခင်ဗျ။

ထိုင်းမှာ သွားလေ့ကျင့်ဖြစ်တာဆိုရင ်မတူညီတဲ့ နယ်ပယ်အသီးသီးက နိုင်ငံတကာ ပရော်ဖက်ရှင်နယ် ဖိုက်တာတွေနဲ့ အတူတူလေ့ကျင့်ခဲ့ရတယ်။ အတွေ့အကြုံတွေလည်း အများကြီးရပါတယ်။ ဒီပွဲမှာလည်း အကောင်းဆုံး ကစားနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်။

ဒီပွဲက ကိုဖိုးသော်ရဲ့ ပြည်ပ ဒုတိယမြောက်ပွဲဖြစ်တဲ့အတွက် အဲဒီပေါ်မှာ စိတ်လှုပ်ရှားမှု ရှိရင်လည်းပြောပြပေးပါဦး။

ဒီပွဲက One Championship ရဲ့ ပွဲ ၁၀ဝ မြောက် ထူးထူးခြားခြားလုပ်တဲ့ပွဲ ဖြစ်တယ်။ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ ပွဲကြီးဖြစ်တဲ့အတွက် အဲဒီလိုပွဲမျိုးမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်တာ၊ ရှုံးတာကို အကောင်းဆုံး ပြင်ဆင်ပေမယ့် အဓိက ကျွန်တော်ပြချင်တဲ့အရာက မြန်မာနိုင်ငံက ကစားသမားတွေ အကောင်းဆုံး ယှဉ်ပြိုင်နိုင်တယ်။ နိုင်ငံတကာအဆင့်မှာ ရှိတယ်။ စိတ်ဓာတ်ပြည့်ပြည့်ဝဝနဲ့ အရည်အချင်းမီတယ်။ ကစားနိုင်တယ်ဆိုတာကို အဓိကရည်ရွယ်ပြီးတော့ ကစားချင်တာပါ။

ပြိုင်ဘက်နဲ့ပတ်သက်ပြီးရော ဘယ်လောက်အထိလေ့လာထားသလဲ။ ဘယ်လိုမျိုး အနိုင် အနိုင်ယူမယ်ဆိုတာ ပြောပြပေးပါဦး။

သူ့မှာ အတွေ့အကြုံရှိတယ်။ ပြင်ပပွဲတွေ ကစားထားတာရှိတယ်။ ကျွန်တော့်ထက် အသက်အရွယ်ပိုင်းဆိုင်ရာ ငယ်ရွယ်တယ်။ ၁၀ နှစ်ဝန်းကျင်လောက် အသက်အရွယ် ကွာခြားမှုရှိတယ်။ သူက ဝိတ်တန်းအကြီးကနေ ဆင်းထိုးတယ်။ ကျွန်တော့်ထက်စာရင် အကောင်ကြီးတယ်။ ကြံ့ခိုင်မှုရှိတယ်။ ဒါတွေက သူ့ရဲ့အားသာချက်ပေါ့။ သူ့ရဲ့အားသာချက်အပေါ်မှာ ကျွန်တော်အကောင်းဆုံး ကာကွယ်နိုင်အောင် ပြင်ဆင်ပြီးတော့ သူ့အားနည်းချက်အပေါ်မှာ ကျွန်တော်ကစားနိုင်အောင် ကြိုးစားသွားပါမယ်။

တိုကျိုမှာ ထိုးမယ့်ပွဲအတွက် ပရိသတ်တွေကိုဘာများစကားလက်ဆောင်ပါးချင်ပါသလဲ။

ကျွန်တော်တို့ မြန်မာလူမျိုးတွေ နိုင်ငံတကာအဆင့်မီ အရည်အချင်းရှိတယ်ဆိုတဲ့အရာရယ်။ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော့်ဘဝမှာ မရှိဘူးဆိုတာ သက်သေပြဖို့အတွက်အ ကောင်းဆုံးကြိုးစားနေပါတယ်။ အဲဒါကိုတိုကျိုပြိုင်ပွဲမှာ ပရိသတ်ကြီး မြင်တွေ့ရမှာပါ။ ကျွန်တော့်ကို အားပေးပါ။ ကျွန်တော့်ဘက်ကလည်း တာဝန်ကျေအောင် ကြိုးစားနေပါတယ်။

ဇာနည်မောင်

ဓာတ်ပုံ - အေးမင်းသူ