တောင်ကိုရီးယားနှင့် အမေရိကန် ပင်လယ်ဝါဝေဟင်ထက်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

ဆိုးလ် ဇွန် ၈

 

မြောက်ကိုရီးယားနိုင်ငံက ဇွန် ၅ ရက်က နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ပြီးနောက် တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ပင်လယ်ဝါဝေဟင်ထက်တွင် တိုက်ခိုက်ရေး ဂျက်လေယာဉ် အစင်း ၂၀ ပါဝင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံသည် ၎င်း၏ ခုနှစ်ခုမြောက် နျူကလီးယားစမ်းသပ်မှုကို မကြာမီပြုလုပ်နိုင်ကြောင်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာချိန်တွင် ယခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

တောင်ကိုရီးယားနိုင်ငံမှ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သည့် လက်နက်တပ်ဆင်ထားသော F-35As ရေဒါပျောက် ဂျက်လေယာဉ်များနှင့် F-15 Ks လေယာဉ်များအပါအဝင် စုစုပေါင်း လေယာဉ် ၁၆ စင်းသည် အမေရိကန်ဘက်မှ F-16s တိုက်ခိုက် ရေး လေယာဉ်လေးစင်းနှင့်အတူ ပူးတွဲစစ်ရေး လေ့ကျင့်ခဲ့သည်။

 

လွန်ခဲ့သော သီတင်းပတ်က တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့်အတူ သုံးရက်ကြာရေတပ်ဆိုင်ရာ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါလေ့ကျင့်မှုတွင် အမေရိကန် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘော တစ်စင်းပါဝင်ခဲ့သည်။

 

ဇွန် ၆ ရက်က နှစ်နိုင်ငံတပ်ဖွဲ့များသည် ဂျပန်ပင်လယ်ကိုဗဟိုပြုပြီး မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် ရှစ်စင်း ပစ်လွှတ်ခဲ့သည်။

 

ဂျပန်နိုင်ငံအပါအဝင် သုံးနိုင်ငံ ပူးပေါင်းဆောင် ရွက်ခြင်း၏အရေးပါပုံများကို အမေရိကန်ဒုတိယနိုင်ငံ ခြားရေးဝန်ကြီး ဝမ်ဒီရှာမန်က တောင်ကိုရီးယား ပထမအဆင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်ဒွန်နှင့် ဇွန် ၇ ရက်က တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။

 

အင်န်အိတ်ချ်ကေ